ဆိုင်ကလုန်းနာဂစ် တိုက်ခတ်ခဲ့တဲ့ဒေသတွေကို နိုင်ငံတကာက အကူအညီတွေ ထိထိရောက်ရောက် ပေးနိုင်ရေးအတွက် အသုံးပြုနေတဲ့ WFP ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့က ကယ်ဆယ်ရေး ရဟတ်ယာဉ် လုပ်ငန်းတွေကို စစ်အစိုးရက သက်တမ်း တိုးမပေးတော့တဲ့ အတွက် ရပ်တန့်လိုက်ရပြီ ဖြစ်ပါတယ်။ ဘာကြောင့် သက်တမ်း တိုးမပေးတယ်ဆိုတာကို စစ်တပ် အာဏာပိုင်တွေဘက်က အကျိုးအကြောင်း ရှင်းမပြခဲ့ဘူးလို့ဆိုပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
မြန်မာနိုင်ငံမှာ ဆိုင်ကလုန်း နာဂစ်တိုက်ခတ်ခဲ့တဲ့ ၂၀၀၈ ခုနှစ် မေလဆန်းပိုင်းက စလို့ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တဲ့ ဒီ ဟယ်လီကော်ပတာ ကယ်ရေးလုပ်ငန်း သက်တမ်းဟာ သြဂုတ်လ ၁၅ ရက်နေ့မှာ ကုန်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် စစ်အစိုးရ အာဏာပိုင်တွေ ဘက်က သက်တမ်း ထပ်တိုး မပေးတဲ့အတွက် ဟယ်လီကော်ပတာကို အသုံးပြု လုပ်ဆောင်နေတဲ့ ကယ်ဆယ်ရေး လုပ်ငန်း တွေ ရပ်တန့်လိုက်ရတဲ့ အကြောင်း WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Chris Kaye က ဗီအိုအေကို ပြောပြပါတယ်။
“အစိုးရက လုပ်ပိုင်ခွင့် သက်တမ်း တိုးမပေးတော့တဲ့အတွက် ရန်ကုန်နဲ့ မြစ်ဝကျွန်းပေါ်ဒေသအကြား ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ပျံသန်းနေတဲ့ ဟယ်လီကော်ပတာ လုပ်ငန်းတွေ ရပ်တန့်လိုက်ပါပြီ။ သူတို့က သြဂုတ်လ ၁၅ ရက် နေ့ အထိပဲ လုပ်ငန်ပိုင်ခွင့်ပေးထားတာလေ။ ဒါကို သက်တမ်းတိုးပေးဖို့ ကျနော်တို့ဘက်က တောင်းဆိုခဲ့ပေမဲ့ အာဏာပိုင် တွေဘက်က အဲဒီ တောင်းဆိုချက်ကို ပယ်ချခဲ့ပါတယ်။”
ဒါပေမဲ့ အာဏာပိုင်တွေဘက်က အခုလို သက်တမ်းတိုးပေးဖို့ ဘာကြောင့် ငြင်းဆိုတယ်ဆိုတာ ရေရာတဲ့ အကြောင်းပြချက် မပေးခဲ့ဘူးလို့ ဆိုပါတယ်။
“ဘာကြောင့် ငြင်းဆိုတယ်ဆိုတဲ့ အပေါ်မှာတော့ ကျနော်တို့ အတိအကျ မသိပါဘူး။ ကျနော်တို့ထင်တာတော့ သြဂုတ်လ ၁၅ ရက်နေ့အထိ အာဏာပိုင်တွေက လုပ်ပိုင်ခွင့် ပေးထားတယ်၊ အဲဒီလောက်ပဲ သူတို့ဘက်က ပေးချင်ပုံရတယ်၊ သူတို့ရဲ့ ဆုံးဖြတ်ချက်အတိုင်း ကျနော်တို့ဘက်က လိုက်နာပြီး လုပ်ငန်းတွေကို ရပ်တန့်လိုက်ရုံပဲ ရှိတာပါပဲ။ ”
မြန်မာနိုင်ငံမှာ လမ်းပန်း ဆက်သွယ်ရေးတွေ ခက်ခဲတာကြောင့် ဒီ ဟယ်လီကော်ပတာတွေက ကယ်ဆယ်ရေး ပစ္စည်းတွေ ပို့ဆောင်ရာမှာပဲဖြစ်ဖြစ်၊ ကယ်ဆယ်ရေး ဝန်ထမ်းတွေကို ပို့ဆောင်ရာမှာပဲဖြစ်ဖြစ် အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဆိုင်ကလုန်းနာဂစ် တိုက်ခတ်ပြီးနောက်ပိုင်း ကယ်ဆယ်ရေးလုပ်ငန်းတွေကို WFP က ဟယ်လီကော်ပတာ ၁၀ စင်းနဲ့ စတင်ခဲ့တာမှာ ခုချိန်ထိ စားနပ်ရိက္ခာနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ အပါအဝင် အသက်ကယ် ထောက်ပံ့ရေး ပစ္စည်းပေါင်း မက်ထရစ် တန်ချိန် တထောင့် တရာကျော်ကို ဒီဟယ်လီကော်ပတာ တွေနဲ့ သယ်ယူ ပို့ဆောင် ပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒီလို ဟယ်လီကော်ပတာတွေနဲ့ လုပ်ဆောင်နေတဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ရပ်တန့်လိုက်တဲ့ အတွက် လုပ်ငန်းတွေ အတော်လေး ထိခိုက်မယ်လို့ Chris Kaye က ပြောပါတယ်။
“မြန်ဝကျွန်းပေါ်ဒေသမှာ လိုအပ်နေတဲ့ အကူအညီတွေ၊ ဘာတွေ ဘယ်နေရာမှာ လိုအပ်တယ်၊ ဒီအကူအညီတွေ အချိန်မှီ ဘယ်လို ပို့ဆောင်မယ်ဆိုတဲ့ ကယ်ဆယ်ရေး လုပ်ငန်းအားလုံးကို သိသိသာသာ ထိခိုက်သွားစေမှာ သေချာပါတယ်။ ဒါက ဟယ်လီကော်ပတာက ကျနော်တို့ရဲ့ ကယ်ဆယ်ရေး လုပ်ငန်းကို အထောက်အကူ ပြုနေတာပဲ ရှိပါသေးတယ်။ နောက် အရေးပေါ် အကူအညီလိုအပ်တဲ့နေရာတွေကို အကူအညီတွေ ပို့ဆောင်ရေးမှာလည်း ထိခိုက် သွားစေနိုင်ပါတယ်။”
နာဂစ်မုန်တိုင်း ဒေသအတွက် အရေးပေါ်ကယ်ဆယ်ရေး ကာလကို ကျော်လွန်လာပေမယ့် အရေးပါတဲ့ ထောက်ပံ့ရေး ပစ္စည်းတွေကို ခုချိန် ဒီ ဟယ်လီကော်ပတာတွေနဲ့ ပို့ဆောင်နေရတုန်းပဲလို့ Chris Kaye က ပြောပါတယ်။
ဒါပေမယ့် Save the Children ကလေးငယ်များကူညီစောင့်ရှောက်ရေးအဖွဲ့က ဌာနေကိုယ်စားလှယ်ဖြစ်တဲ့ Andrew Kirkwood လို ပုဂ္ဂိုလ်တွေကတော့ မြစ်ဝကျွန်းပေါ် ဒေသမှာ အရေးပေါ် ကယ်ဆယ်ရေးကာလ ကျော်လွန်သွားပြီးဖြစ်တဲ့ အတွက် ဒီ ဟယ်လီကော်ပတာအတွက် အသုံးပြုနေတဲ့ ရံပုံငွေတွေကို တခြားနေရာတွေမှာ အကျိုးရှိရှိ အသုံး ချနိုင်လိမ့်မယ် လို့ သုံးသပ်ကြပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၀၈ ခုနှစ် မေလ ၂ ရက်နဲ့ ၃ ရက်နေ့အကြား တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းနာဂစ်ကြောင့် အနည်းဆုံး လူပေါင်း တသိန်း လေးသောင်းလောက် သေဆုံးပြီး နှစ်သန်းခွဲလောက် အိုးအိမ်ပျက်ဆီး ဆုံးရှုံးခဲ့တယ်လို့ ခန့်မှန်း သုံးသပ် ကြပါတယ်။
အခုအသုံးပြုနေတဲ့ WFP ရဲ့ ကယ်ဆယ်ရေး ဟယ်လီကော်ပတာတွေကို မြန်မာစစ်အစိုးရ အာဏာပိုင်တွေအပါအဝင် ကုလသမဂ္ဂ၊ WFP နဲ့ တခြား NGO အဖွဲ့အစည်းတွေက ကယ်ဆယ်ရေး ဝန်ထမ်းတွေ အသုံးပြုကြတာ ဖြစ်ပါတယ်။