သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် အမှု အယူခံဝင်ဖို့ ပြင်ဆင်မှု ပြီးစီးလုနီး


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် နေအိမ်အကျယ်ချုပ် တားမြစ်မိန့်ကို ဖောက်ဖျက်တယ်ဆိုပြီး ပြစ်ဒဏ်ချမှတ်ထားတဲ့အပေါ် အယူခံလွှာ တင်သွင်းဖို့ ပြင်ဆင်နေတာတွေ ပြီးစီးလုဖြစ်နေပြီး ဒီအတွက် အတည်ပြုချက်ယူဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရရေး မကြာခင်မှာ တင်ပြတောင်းခံမယ်လို့ အကျိုးဆောင် ရှေ့နေတဦးက ပြောပါ တယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထား ပါတယ်။

နေအိမ်အကျယ်ချုပ် တားမြစ်မိန့်ကို ဖောက်ဖျက်မှုနဲ့ အင်းစိန်ထောင်ဝင်းအတွင်းမှာ ကြားနာစစ်ဆေးခဲ့ပြီးတော့ ရန်ကုန် မြောက်ပိုင်းခရိုင် အထူးတရားရုံးကနေ ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ရှိတယ်ဆိုပြီး ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပါတယ်။ အဲဒီလို အပြစ်ရှိတယ်ဆိုတဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို အဓိက အယူခံဝင်သွားမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင် ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“တားဆီးမိန့်ပေါ့၊ တားဆီးမိန့်ထဲမှာ Conditions တွေရှိတယ်။ အခြားသို့ စာဖြင့် ဆက်သွယ်ခြင်း၊ အဲဒီဥစ္စာကို ကျူးလွန်ရာ ရောက်တယ်လို့ Judgement မှာ အဲဒီလိုရေးထားတယ်။ ထောင်ဒဏ် ၃ နှစ်ချတယ်၊ ဒေါ်အောင်ဆန်းစုကြည်က ပြစ်မှု ကျူးလွန်တယ်၊ အဲဒီဆုံးဖြတ်ချက်ကို ကျနော်တို့ အယူခံဝင်မှာ။”

အယူခံလွှာတင်သွင်းဖို့ ပြင်ဆင်နေတာတွေ ပြီးစီးလုနီးနေပြီဖြစ်ပြီး ပြီးတာနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် တောင်းခံမယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကျနော်တို့ ၁ ရက်နေ့ညနေ ပြီးမယ်။ ပြီးရင် ကျနော်တို့က Draft ကို ဒေါ်စု အတည်ပြုချက် ယူမယ်။ ယူပြီးရင် တင်ရုံပါပဲ။ ကျနော်တို့လည်း အခု ရိုက်တုန်း၊ မပြီးတပြီးပေါ့ဗျာ။ ပြီးမှ ကျနော်တို့က ဒေါ်စုနဲ့တွေ့ဖို့ သွားတောင်းရမယ်၊ ပြီးတော့ အတည်ပြုရမယ်။”

လုံခြုံရေး အစောင့်အကျပ်တွေနဲ့ အိမ်ထဲကအိမ်ပြင် မထွက်ရဘဲ နေအိမ်မှာ အကျယ်ချုပ် ချခံထားခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ထဲကို ရေကူးဝင်ရောက်လာခဲ့သူ အမေရိကန်နိုင်ငံသား ဂျွန် ဝီလီယမ် ယက်တော (John William Yettaw) ကို လူသားချင်း စာနာထောက်ထားမှု အခြေခံထားပြီး အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ် (Jim Webb) ရဲ့ မေတ္တာရပ်ခံချက်နဲ့ဆိုပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။ မစ္စတာယက်တောဟာ အမေရိကန် ပြည်ထောင်စုကို ပြန်ရောက်သွားပြီးတဲ့နောက် မကြာသေးခင်ကပဲ NewsWeek မဂ္ဂဇင်းနဲ့ တယ်လီဖုန်းကနေတဆင့် ဆက်သွယ်မေးမြန်းခန်း လုပ်ခဲ့ရာမှာ လုံခြုံရေးအစောင့်တွေက သူ့ကို ဘာ့ကြောင့် မတားတာလဲဆိုတာ သူမသိကြောင်း၊ အေကေ ၄၇ သေနတ်ကိုင်ထားတဲ့လူက သူ့ကို လက်ဆွဲနှုတ်ဆက်ပြီး သွားခွင့်ပေးခဲ့ကြောင်း ပြောပါတယ်။ တရားရုံးမှာ အမှုကို စစ်ဆေးစဉ် ကာလတွေတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကရော၊ အကျိုးဆောင် ရှေ့နေတွေ ကရော လုံခြုံရေးတွေရဲ့ ပေါ့လျော့မှုကြောင့် အခုလို ရေကူးဝင်ရောက်လာနိုင်တာဆိုတဲ့ အချက်ကို ထောက်ပြ ပြောဆိုခဲ့ကြ ပါတယ်။ နောက်ပိုင်းမှာ လုံခြုံရေးတာဝန်ရှိသူ တချို့ကို စစ်ဆေးအရေးယူတာတွေ လုပ်ခဲ့တယ်ဆိုပြီး ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီ က ထုတ်ပြောခဲ့ပါတယ်။

မစ္စတာယက်တောက အခုလို ပြောလိုက်တဲ့အချက်ဟာ အယူခံအတွက်တော့ တိုက်ရိုက်သက်ဆိုင်မှု မရှိဘူးလို့ ဦးဉာဏ်ဝင်း က ပြောပါတယ်။

“အဲဒါက ဒေါ်အောင်ဆန်းစုကြည်နဲ့ သိပ်မဆိုင်ဘူးဗျ။ ဒါရိုက် ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲတဲ့ စွဲချက်နဲ့ ဒါနဲ့ မဆိုင်ဘူး။ ဒါက မစ္စတာယက်တော ဘယ်လိုဝင်တယ်ဆိုတဲ့ ပြဿနာပဲ။ အခုဟာ မစ္စတာယက်တော ဝင်တဲ့အပေါ်မှာ မူတည်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဆက်သွယ်တယ်၊ လက်ခံတယ်၊ ဒီအပေါ်မှာ စွဲချက်တင်တာကိုး။ မဆိုင်ဘူးလို့ ကျနော်မပြောဘူး၊ တိုက်ရိုက်တော့ မဆိုင်ဘူး။”

အယူခံလွှာကို နှစ်စောင်ခွဲပြီး ဒေါ်အောင်ဆန်းစုကြည်အတွက် တခု၊ ဒေါ်ခင်ခင်ဝင်းနဲ့ မဝင်းမမတို့အတွက်တခု တင်သွင်း သွားမယ်လို့လည်း အကျိုးဆောင် ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းက ပြောခဲ့ပါတယ်။ ခရိုင်တရားရုံးကနေ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်စီရင်ခဲ့တာကြောင့် အခု အယူခံလွှာကို ရန်ကုန်တိုင်း တရားရုံးကို တင်သွင်းမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို သြဂုတ်လ ၁၁ ရက်နေ့မှာ ထောင်ဒဏ် ၃ နှစ် ချမှတ်ပြီးကာမှ ပြည်ထဲရေးဝန်ကြီး တရားရုံးထဲ ဝင်လာပြီး သြဂုတ်လ ၁၀ ရက်နေ့စွဲနဲ့ ပေးပို့ထားတဲ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ညွှန်ကြားချက်ကို ဖတ်ပြခဲ့ပါတယ်။ အဲဒီညွှန်ကြားချက်အရ ချမှတ်တဲ့ ထောင်ဒဏ်ကို ထက်ဝက်လျှော့ပြီး ကျန်တဲ့ထက်ဝက်ကိုလည်း ဆိုင်းငံ့ ထားပြီးတော့ စည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ နေအိမ်မှာ ပြန်နေခိုင်းခဲ့ပါတယ်။

ကျန်တဲ့သက်တမ်းက ၁၈ လ ဖြစ်တဲ့အတွက် ကြေညာထားတဲ့အတိုင်းသာ ၂၀၁၀ ပြည့်နှစ်မှာ ရွေးကောက်ပွဲတွေ ကျင်းပ မယ်ဆိုရင် ၁၉၉၀ ပြည့်နှစ်မှာ ရွေးကောက်ပွဲတွေ ကျင်းပချိန်တုန်းကလိုပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ် ဘဝမှာပဲ ရှိနေရဦးမှာပါ။ ဒါ့ကြောင့်လည်း မြန်မာစစ်အစိုးရဟာ နိုင်ငံရေးဖြစ်စဉ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါမလာနိုင် အောင် အကြောင်းမရှိ အကြောင်းရှာပြီး ဆက်လက် ဖမ်းဆီးချုပ်နှောင်ထားတာ ဖြစ်တယ်လို့ ဝေဖန်ပြောဆိုကြတာပါ။

ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေသာ လွတ်မလာဘူးဆိုရင် ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲတွေဟာ ယုံကြည်ကိုးစားရလောက်မှု၊ တရားဝင်မှု ရှိမှာမဟုတ်ဘူးလို့ ပြောဆိုထားကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG