သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုတိယကမ္ဘာစစ် အစ နှစ်ပတ်လည် ပိုလန်မှာ ကျင်းပ


လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀တုန်းက ဒီကနေ့မှာ ဒုတိယကမ္ဘာစစ်ကြီး စတင်ခဲ့တဲ့ အထိမ်းအမှတ် အဖြစ်နဲ့ ပိုလန်နိုင်ငံမြောက်ပိုင်း မှာ အခမ်းအနားတခု ကျင်းပခဲ့ရာ ဥရောပတလွှားနဲ့ အမေရိကန် ပြည်ထောင်စုက ခေါင်းဆောင်တွေနဲ့ စစ်ပြန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

ဂျာမန်စစ်သင်္ဘော စလေးဗစ်ချ် ဟတ်ရှ်တိုင်း (Schleswig-Holstein) ဟာ ပိုလန်စစ်စခန်း သေးသေးလေးကို အမြောက်နဲ့ ပစ်ခတ်ပြီး ကမ္ဘာစစ်ကို အစပြုခဲ့တဲ့ အချိန်အတိအကျမှာ ကျင်းပတဲ့ အခမ်းအနားကို ဂဒတ်စ် ဝက်စ်တာပလိပ် (Gdansk's Westerplatte) ကျွန်းဆွယ်မှာ ပိုလန်ခေါင်းဆောင်တွေ အရုဏ်တက်မှာ တက်ရောက်ခဲ့ကြပါတယ်။

ဂျာမဏီတွေရဲ့ တိုက်ခိုက်မှုကို ၇ ရက်တိုင်တိုင် ခုခံထားခဲ့တဲ့ ဝက်စ်တာ ပုလိပ် စခန်းဟာ သူရဲကောင်းတွေ တိုက်ပွဲရဲ့ စံနမူနာဖြစ်ပြီး မျိုးချစ်စိတ် ရှင်သန်ပြီး အရှုံးမပေးတဲ့ စိတ်ဓာတ်ကို ပြသခဲ့တာ ဖြစ်တယ်လို့ ပိုလန်သမ္မတ လိရှ် ကပ်ဇင်းစကီး (Lech Kaczynski) က ပြောပါတယ်။

စက်တင်ဘာ ၁၇ ရက် ပိုလန်ကို ဆိုဗီယက်ရဲ့ အရှေ့ဘက်က ကျူးကျော်မှုက နောက်ကျောကို ဓားနဲ့ထိုးတာ ဖြစ်တယ်လို့လည်း သူက ပြောသွားခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း လူပေါင်း သန်းပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။

အင်္ဂါနေ့မှာ ကျင်းပခဲ့တဲ့ အထိမ်းအမှတ် အခမ်းအနား မတိုင်မီမှာတော့ ဂျာမန် ဝန်ကြီးချုပ် အိန်ဂျလာ မာကဲလ် (Angela Merkel) က နာဇီ ဂျာမဏီတွေဟာ လူ သန်းပေါင်းများစွာ သေဆုံးစေခဲ့တဲ့ စစ်ပွဲနဲ့ ကမ္ဘာကို ဒုက္ခတွေ မိုးမဆုံး မြေမဆုံး ပေးခဲ့တယ်လို့ ဂျာမန် ရုပ်မြင်သံကြားမှာ ပြောသွားခဲ့ပါတယ်။

နောက် နာရီအတော်ကြာမှာတော့ ဂျာမန်ဝန်ကြီးချုပ် အိန်ဂျလာ မာကဲလ်နဲ့ ရုရှားဝန်ကြီးချုပ် ဗလာဒီမီယာ ပူတင် (Vladimir Putin) တို့ဟာ ဂဒတ်စ်ကို အတူရောက်လာကြပြီး တခြား ကမ္ဘာ့ခေါင်းဆောင်တွေနဲ့အတူ ကမ္ဘာစစ်အတွင်းမှာ သေဆုံးခဲ့ရသူ တွေအတွက် ပန်းခွေချ ဂုဏ်ပြုခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG