မြန်မာနိုင်ငံမှာရှိတဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု လုပ်ငန်းကရတဲ့ ဝင်ငွေတွေနဲ့ လူထုအပေါ် စစ်အစိုးရက ဖိနှိပ်မှုတွေ လုပ်နေတာဟာ ဒီလုပ်ငန်းမှာ ဖက်စပ်ပါဝင်နေတဲ့ နိုင်ငံတကာ ကုမ္ပဏီကြီးတွေမှာလည်း တာဝန်ရှိတယ်လို့ ပြစ်တင် ပြောဆိုလိုက်တာကို ဒီကုမ္ပဏီကြီးတွေက ငြင်းဆန်လိုက်ပါတယ်။ ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်းမှာ ပါဝင်လုပ်ကိုင် နေကြတဲ့ ပြင်သစ်ပိုင် တိုတယ်လ်၊ နဲ့ အမေရိကန်က ရှယ်ဗရွန် ရေနံကုမ္ပဏီတို့က လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တခုဖြစ်တဲ့ Earth Rights International (ERI) ရဲ့ စွပ်စွဲချက်ကို ပယ်ချလိုက်ကြတာပါ။ ဒီလိုပဲ ဒီလုပ်ငန်းကရတဲ့ ငွေတွေကို အပ်နှံထားတယ်လို့ စွပ်စွဲခံခဲ့ရတဲ့ စင်္ကာပူနိုင်ငံကဘဏ် ၂ ခုကလည်း ဒါဟာ မဟုတ်ဘူးလို့ ဆိုလိုက်ပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦး က တင်ပြပေးပါတယ်။
မြန်မာနိုင်ငံက အဓိက သဘာဝဓာတ်ငွေ့ ထုတ်လုပ်နေတဲ့ ရတနာစီမံကိန်းကရတဲ့ ဝင်ငွေတွေကို စစ်အစိုးရက လူထုအတွက် မသုံးစွဲပဲ ဖိနှိပ်မှုတွေအတွက်သာ အသုံးပြုနေတာမို့ ဒီလုပ်ငန်းက နိုင်ငံတကာ ကုမ္ပဏီကြီးတွေအပေါ် အပြစ်တင်လိုက်တာကို အဓိက ရင်းနှီးမြုပ်နှံမှုတွေ လုပ်ဆောင်ထားတဲ့ ပြင်သစ်က တိုတယ်လ်နဲ့ အမေရိကန်နိုင်ငံက ရှယ်ဗရွန် ရေနံကုမ္ပဏီကြီးတွေက ပယ်ချလိုက်ကြတာပါ။ အမေရိကန်ဒေါ်လာ သန်းပေါင်း ၄,၈၃၀ အထိ ရနေတဲ့ ရတနာသဘာဝဓာတ်ငွေ့ စီမံကိန်းက ငွေတွေဟာ စစ်အစိုးရ အတွက်သာ အထောက်အပံ့ ဖြစ်စေပြီး၊ ဒီအတွက်လည်း စီမံကိန်းမှာ ပါဝင်နေတဲ့ ကုမ္ပဏီတွေမှာ တာဝန်မကင်းတဲ့ အကြောင်း လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တခုဖြစ်တဲ့ Earth Rights International (ERI) က ကြာသပတေးနေ့ကပဲ အစီရင်ခံစာတွေ ထုတ်ပြန်ပြီး အပြစ်ဖို့ခဲ့ကြတာပါ။ ရတနာဓာတ်ငွေ့စီမံကိန်းရဲ့ ဖက်စပ်လုပ်ငန်းတွေမှာ အများဆုံး အစုရှယ်ယာ ပိုင်ဆိုင်ထားတဲ့ ပြင်သစ်ပိုင် တိုတယ်လ် ကုမ္ပဏီ ကတော့ သူတို့အနေနဲ့ ဒီလုပ်ငန်းတွေက ရပ်ဆိုင်း ထွက်ခွာသွားမယ်ဆိုရင် တခြား လုပ်ကိုင်မယ့်သူ အသစ်တွေ ဝင်လာမှာဖြစ်လို့ ဒါဟာ စစ်အစိုးရရဲ့ ဝင်ငွေကို ထိခိုက်စရာ မရှိဘူးဆိုပြီးတော့ ပြင်သစ်နိုင်ငံမှာ ထုတ်ဝေတဲ့ Le Parisien သတင်းစာနဲ့ မေးမြန်းခန်းတခုမှာ တုံ့ပြန် ပြောဆိုလိုက်ပါတယ်။ ဒီလိုပဲ ဒုတိယ ရင်းနှီးမြုပ်နှံမှု အများဆုံးဖြစ်တဲ့ အမေရိကန်နိုင်ငံက ရှယ်ဗရွန် ရေနံ ကုမ္ပဏီရဲ့ ပြန်ကြားရေးအရာရှိ တဦးဖြစ်တဲ့ Morgan Crinklar ကတော့ သူတို့ရဲ့ လုပ်ငန်းတွေဟာ ဆိုးကျိုးထက် ကောင်းကျိုးသာဖြစ်စေတယ်လို့ ပြောခဲ့တာပါ။
“ဒီစီမံကိန်းက အရှေ့တောင်အာရှက စွမ်းအင်လိုအပ်ချက်ကို ထောက်ပံ့ပေးနေတာပါ။ ဒါ့အပြင် တိုတယ်လ် အနေနဲ့ ကျွန်တော်တို့ ပံ့ပိုးပေးနေတဲ့ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး ဖွံ့ဖြိုးမှုလုပ်ငန်း အများအပြားကိုလည်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒါဟာ စီမံကိန်းဒေသက လူတွေအတွက် အပေါင်းလက္ခဏာဆောင်တဲ့ တိုးတက်မှုတွေ ဖြစ်စေဖို့ အရေးပါတယ်လို့ ကျွန်တော်တို့ အနေနဲ့ ယူဆပါတယ်။”
တကယ်တော့ ရတနာသဘာဝဓာတ်ငွေ့ စီမံကိန်းက ထွက်လာမယ့် ဓာတ်ငွေ့တွေကို ဝယ်ယူမယ့် ထိုင်းနိုင်ငံဖက်ကို ပိုက်လိုင်း ဖောက်လုပ်မှုတွေ စတင်ခဲ့တဲ့ ၁၉၉၅ ခုနှစ်နှောင်းပိုင်းက စလို့ ဒီစီမံကိန်းမှာ အဓမ္မလုပ်အားပေး စေခိုင်းမှုတွေလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ အချေအတင်ဖြစ်စရာတွေလည်း ပေါ်ပေါက်ခဲ့တာပါ။ လူ့အခွင့်အရေး လှုပ်ရှားသူတွေရဲ့ ဝေဖန်ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ အဲဒီအချိန်တုန်းကလည်း နိုင်ငံတကာကုမ္ပဏီတွေက သူတို့အနေနဲ့ တိုက်ရိုက်ပတ်သက် ဆက်နွယ်မှုတွေ မရှိကြောင်း ငြင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလိုဝေဖန်မှုတွေကြားက အခုအခါ ရတနာသဘာဝဓာတ်ငွေ့ စီမံကိန်းကြောင့် ဒေသခံတွေရဲ့ လူနေမှုဘဝတွေမှာ အကျိုးခံစားခွင့်တွေတောင် ရှိနေပြီလို့ ရှယ်ဗရွန် ကုမ္ပဏီကတော့ ဆိုခဲ့တာပါ။
“ပိုက်လိုင်းတလျှောက်မှာရှိတဲ့ လူပေါင်း ၅ သောင်းလောက်ဟာ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ၊ ပညာရေးနဲ့ ကျန်းမာရေးအတွက် အထောက်အပံ့တွေ ရကြပါတယ်။ ဒါတွေဟာလုံးဟာ လူနေမှု ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေက ရလာတာပါ။ ဒါကြောင့်လည်း ကျွန်တော်တို့ အဲဒီမှာ လက်ဝေခံကုမ္ပဏီ တခုအဖြစ်နဲ့ ရှိနေတာဟာ အဲဒီဒေသက လူတွေဘ၀ တိုးတက်စေတယ်လို့ ခံစားမိပါတယ်။”
ဒီလို ရေနံကုမ္ပဏီကြီးတွေက ဒေသခံတွေ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနိုင်တယ်လို့ ပြောဆိုနေတဲ့ တချိန်တည်းမှာပဲ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ ဒေသခံတွေအပေါ် ဖိနှိပ်မှုတွေ၊ စီမံကိန်းက ရတဲ့ ဝင်ငွေတွေကို လူထုအတွက် အထောက်အကူ မပေးနိုင်တဲ့ အခြေအနေမျိုးတွေ ရှိနေဆဲလို့ ပြောနေကြတာပါ။ ERI အဖွဲ့ရဲ့ လုပ်ငန်းညှိနှိုင်းရေးမှူး ကိုနိုင်ထူး ကတော့ -
“အထူးသဖြင့် ပိုက်လိုင်းဒေသတွေမှာ သူတို့ရဲ့ အဓိက ခံစားနေရတာက ပိုက်လိုင်း လုံခြုံရေးအတွက် တာဝန်ယူနေတဲ့ ဗမာစစ်တပ်တွေရဲ့ လုပ်အားပေးခိုင်းစေမှု၊ အတင်းအဓ္ဓမ အနိုင်ကျင့်မှုတွေကို ခံစားနေရတယ်။ ဝင်ငွေ အဲဒီလောက်များပေမဲ့ မြန်မာပြည်မှာ တိုးတက်မှုတွေ ဘာမှ မရှိဘူး။ စစ်တပ်ပိုင်း အသုံးက နိုင်ငံတော်ရဲ့ ဝင်ငွေတဝက်လောက်ကို သုံးပစ်လိုက်တယ်။ ကျန်းမာရေး ပညာရေးမှာကျတော့ တရားနည်းတာပေါ့။ သုံးရာခိုင်နှုန်း၊ လေးရာခိုင်နှုန်းလောက်ပဲ ရှိတယ်။”
ဒီ သဘာဝဓာတ်ငွေ့ စီမံကိန်းက ငွေကြေးတွေကို ကျကျနန သုံးစွဲမှု မရှိတဲ့အပြင်၊ နိုင်ငံဘဏ္ဍာဖြစ်ရမယ့် ငွေကြေးတွေကိုလည်း ကိုယ်ကျိုးအတွက် ရည်ရွယ်ပြီး စင်္ကာပူနိုင်ငံက ဘဏ် ၂ ခုမှာ အပ်နှံထားတယ်လို့လည်း ERI အဖွဲ့က ပြောဆိုခဲ့တာပါ။ စွပ်စွဲခံရတဲ့ စင်္ကာပူနိုင်ငံက OCBC နဲ့ DBS Group ဘဏ်တွေကတော့ ဒီလို ပြောဆိုမှုတွေဟာ အခြေအမြစ်မရှိသလို၊ မှန်ကန်မှု မရှိဘူး ဆိုပြီးတော့လည်း ငြင်းပယ်ခဲ့ကြတာ ဖြစ်ပါတယ်။