သမ္မတ အိုဘားမား (Obama) က အခက်အခဲတွေ့နေတဲ့ အမေရိကန် ဘဏ္ဍာရေးကဏ္ဍ အနေနဲ့ သူ့ရဲ့ ဆင်ခြင်တုံတရားရှိတဲ့ ပြုပြင်ပြောင်းလဲရေးကို ထောက်ခံကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
ကမ္ဘာ့ ဘဏ္ဍာငွေကြေးဈေးကွက် ဖရိုဖရဲဖြစ်အောင် မြစ်ဖျားခံခဲ့တဲ့ Wall Street အစုရှယ်ယာဈေးကွက်ရှိရာ နယူးယောက်ခ်မြို့မှာ သမ္မတ အိုဘားမား မိန့်ခွန်းပြောဆိုလိုက်တာပါ။ မဆင်မခြင် စွန့်စားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကိုရော၊ လုပ်ထုံးလုပ်နည်း စည်းမျဉ်းတွေနဲ့ တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖို့ ပျက်ကွက်ခဲ့တာတွေကိုပါ သမ္မတ အိုဘားမားက အပြစ်တင်လိုက်ပါတယ်။
ကုမ္ပဏီ အတော်များများဟာ အခုတလော စီးပွားရေး နာလံပြန်ထူလာတဲ့ လက္ခဏာတွေကို အသိအမှတ်မပြုဘဲ အကျပ်အတည်း ဖြစ်ခဲ့ရတဲ့ သင်ခန်းစာတွေကို လျစ်လျူရှုနေကြတယ်လို့ ပြောဆိုလိုက်ပါတယ်။
ဘဏ္ဍာရေးစနစ် စည်းမျဉ်းတွေကို ပြောင်းလဲခဲ့ရင် စီးပွားရေး နှောင့်နှေးပြီး ဈေးကွက်ကို ထိခိုက်နိုင်တယ်လို့ ဝေဖန်ကြတာဟာ မှားယွင်းတဲ့အကြောင်းနဲ့ ဈေးကွက်တွေ ပုံမှန်လည်ပတ်နိုင်အောင် ထိရောက်တဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ စည်းကြပ်ဖို့ အရေးကြီးပါတယ်လို့ ဆိုပါတယ်။
အခွန်ထမ်း ပြည်သူတွေရဲ့ ငွေတွေသုံးပြီး ကျားကန်ပေးထားရတဲ့ ကုမ္ပဏီကြီးတွေ အနေနဲ့ အိမ်ပိုင်ရှင်တွေ၊ အငယ်စား စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တခြား ဒုက္ခရောက်နေသူတွေကို ကူညီဖို့ တာဝန်ရှိပါတယ်လို့ သမ္မတ အိုဘားမား မိန့်ခွန်းပြောဆိုလိုက်တာ ဖြစ်ပါတယ်။