မြန်မာနိုင်ငံမှာ HIV/AIDS ရောဂါ ဖြစ်ပွားမှုနှုန်းကို ထိန်းချုပ်လို့ မရသေးသလို ဝေဒနာသည်တွေအတွက် ဆေးဝါးရဖို့က လည်း အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဝေဒနာသည်တွေကို အကူအညီပေးနေသူ တဦးက ပြောလိုက်ပါတယ်။ ဒီ အခြေအနေအောက်မှာ မြန်မာအစိုးရ ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ ဝေဒနာသည်တွေကို အကူအညီပေးနေတဲ့ အဖွဲ့ လေးတွေကို ဝန်ကြီးဌာနလက်အောက် သိမ်းသွင်းဖို့ လုပ်မယ့်အစား ဦးဆောင်ပြီး ထိထိရောက်ရောက် လုပ်ဖို့အချိန် ရောက် နေပြီလို့လည်း ပြောပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက ဆက်သွယ် မေးမြန်း ပြီး တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံမှာ HIV/AIDS ရောဂါ ဖြစ်ပွားမှုနှုန်းကို ထိန်းချုပ်လို့ မရသေးဘဲ ဆက်ပြီး ပြန့်ပွားနေသေးတာ၊ ဝေဒနာသည် တွေကို ဆေးဝါးအလုံအလောက် မပေးနိုင်တဲ့ ဆိုးရွားတဲ့ အခြေအနေတွေ ဖြစ်နေတာကို ထောက်ပြပြောခဲ့သူကတော့ HIV/AIDS ဝေဒနာသည်တွေကို အကူအညီပေးနေတဲ့ မဖြူဖြူသင်းပါ။ သူတို့အနေနဲ့ ကိုယ်လုပ်နိုင်သလောက် အတိုင်းအတာ နဲ့ ထိရောက်မှုရှိအောင် ကြိုးစားပြီး လုပ်နေကြပေမဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် ဒီရောဂါ တိုက်ဖျက်ရေးမှာ လိုအပ်ချက်တွေ အများအပြား ရှိနေသေးတယ်လို့ မဖြူဖြူသင်းက ထောက်ပြပါတယ်။
“မြန်မာပြည် အခြေအနေနဲ့က အများကြီးလိုနေတယ်။ အများကြီးလိုနေတယ် ဆိုတာက ရောဂါ ဖြစ်ပွားမှုနှုန်းကလည်း အခုအချိန်ထိ ထိန်းချုပ်လို့ မရသေးဘူး။ အဲလိုပဲ ဆေးဝါးကုသမှု အပိုင်းနဲ့ ပတ်သက်ပြီး ကြည့်မယ်ဆိုရင်လည်း ရောဂါဝေဒနာသည်တွေက ရန်ကုန်မှာ နေနေတဲ့သူတွေကိုပဲ ဆေးဝါးရရှိဖို့ အရမ်း အခက်အခဲ ဖြစ်နေတာကို တွေ့ရတယ်။ အဲဒါကို ကြည့်ခြင်းအားဖြင့် တနိုင်ငံလုံး အခြေအနေကို ကြည့်မယ်ဆိုရင်တော့ ရောဂါဖြစ်ပွားမှုနှုန်းရော၊ ထိန်းချုပ်ထားနိုင်မှု အပိုင်းရောက အများကြီး လိုအပ်နေသေးတယ်လို့ မြင်တယ်။”
HIV ရောဂါ ကူးစက်နေတဲ့ ဝေဒနာသည်တွေ ကျန်းကျန်းမာမာနဲ့ ဆက်ပြီး အသက်ရှင်သွားနိုင်ဖို့ အဓိက လိုအပ်တာကတော့ ARV လို့ခေါ်တဲ့ ဆေးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီရောဂါနဲ့ ပတ်သက် ပြီး အဓိက အကူအညီပေးနေတဲ့ ထင်ရှားတဲ့ အဖွဲ့ကတော့ 3D Fund လို့ခေါ်တဲ့ ရောဂါသုံးမျိုး တိုက်ဖျက်ရေး ရန်ပုံငွေအဖွဲ့ပါ။ ၂၀၀၈ ခုနှစ်အတွင်း 3D Fund ရဲ့ အထောက်အပံ့နဲ့ လူပေါင်း ၆,၇၀၀ ကျော်ကို ARV ဆေးဝါး ပေးနိုင်ခဲ့တယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကပဲ 3D Fund က ထုတ်ပြန်ခဲ့ပါသေးတယ်။
မြန်မာနိုင်ငံတဝန်းမှာ HIV/AIDS ရောဂါ ဖြစ်ပွားနေသူပေါင်း ၂၄၀,၀၀၀ ရှိပြီး အဲဒီထဲက ၇၅,၀၀၀ ဟာ ARV ဆေး လိုအပ် နေသူတွေ ဖြစ်ပြီးတော့ တကယ်တမ်း ဆေးရတဲ့သူက ၁၁,၀၀၀ ကျော်ပဲရှိတယ်လို့ 3D Fund ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ ပါတယ်။
မြန်မာနိုင်ငံက လူနာအများစုဟာ ကြိုတင်ဆေးစစ်ပြီးတော့ ဒီရောဂါဖြစ်နေတယ်ဆိုတာ သိကြရတာ မဟုတ်ဘဲ AIDS အဆင့် ရောက်တော့မှ သိကြရတာဖြစ်ပြီး ဒီအဆင့်မှာ အဓိကလိုအပ်တဲ့ ဆေးဝါးရဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရ တယ်လို့ မဖြူဖြူသင်းက ပြောပါတယ်။
“HIV/AIDS ဝေဒနာသည်တွေအတွက် အဓိက အခက်အခဲက ဆေးဝါးပဲ။ ကျမတို့ မြန်မာနိုင်ငံမှာ ကျန်းမာရေး စောင့်ရှောက် မှု က အရမ်းကို အားနည်းတယ်။ လူတွေအကုန်လုံးက HIV ဖြစ်တယ်ဆိုတာ ကြိုတင်ပြီး စစ်ဆေးထားတဲ့လူတွေ မရှိကြဘူး။ တကယ့်တကယ်ကြတော့ HIV အဆင့်ကနေ AIDS အဆင့်ကို ကူးပြောင်းတော့မှပဲ လူတွေအကုန်လုံးက HIV ဆိုတာ သိလိုက်ရတဲ့ အခြေအနေမှာ အားလုံးက လွန်နေပြီပေါ့။ လွန်နေတဲ့ အခြေအနေမှာ အားလုံးက ARV ဆေးဝါးတွေ အရမ်းကို လိုအပ်နေတယ်။ ARV ကလည်း အချိန်မီ မသောက်ဘူးဆိုရင် ဒီလူနာတွေရဲ့ အသက်အန္တရာယ်က အရမ်းကို စိုးရိမ်ရတယ်။ ARV က လွန်သွားရင်လည်း မရဘူး။ နောက်ကျသွားရင်လည်း အခြေအနေက စိုးရိမ်ရတယ်။ ဒီမြန်မာပြည်မှာ ဖြစ်နေတာ အဓိက အခက်အခဲကတော့ ARV ဆေးဝါး အခက်အခဲပဲ။”
ဒီအခြေအနေအောက်မှာ ဝေဒနာသည်တွေကို အချင်းချင်း အကူအညီပေးနေတဲ့ အဖွဲ့လေးတွေ လုပ်ငန်း အဟန့်အတား ဖြစ်စေနိုင်တဲ့ ကိစ္စတခု ပေါ်လာပါတယ်။ အဲဒါကတော့ အကူအညီပေးနေတဲ့ အဖွဲ့တွေဟာ မြန်မာစစ်အစိုးရ၊ ကျန်းမာရေး ဝန်ကြီးဌာန လက်အောက်မှာ မှတ်ပုံတင် လုပ်ဆောင်ရမယ်လို့ ပြီးခဲ့တဲ့ လဆန်းပိုင်းမှာ ညွှန်ကြားချက် ထုတ်ပြန်ခဲ့တဲ့ ကိစ္စပါ။
အာဏာပိုင်တွေအနေနဲ့ ဒီလို အကူအညီပေး အဖွဲ့လေးတွေကို သူတို့လက်အောက်ခံအဖြစ် သိမ်းသွင်းဖို့ ကြိုးစားမယ့်အစား သူတို့ကိုယ်တိုင် ဦးဆောင်ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ ထိထိရောက်ရောက် လုပ်ဖို့အချိန် ရောက်နေပြီလို့ မဖြူဖြူသင်း က ထောက်ပြပါတယ်။
“ဘာကြောင့်လဲဆိုရင် လုပ်မယ်ဆိုရင် NGO ဆိုတာကလည်း တပိုင်တနိုင်ပဲ လုပ်နိုင်တာကိုး။ အဓိကကတော့ နိုင်ငံကို ဦးဆောင်နေတဲ့ အစိုးရတွေပေါ့။ အစိုးရတရပ်က ဦးဆောင်ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်မှပဲ ဒီကိစ္စက ထိန်းချုပ်လို့ ရမယ်။ သေဆုံးမှုနှုန်းရော၊ ရောဂါပြန့်ပွားမှုရော အကုန်လုံး ထိန်းချုပ်လို့ရမယ်။ အဲလိုမျိုး လျှောက်ပြီး ကန့်သတ်နေမယ့် အစား အဓိကလုပ်ရမှာက သူတို့ကိုယ်တိုင် ဦးဆောင်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန်ပေါ့၊ မြန်မာပြည် တနိုင်ငံလုံးမှာ ဖြစ်နေတဲ့ လူနာတွေကို ဆေးဝါးတွေ၊ ကူညီစောင့်ရှောက်မှုတွေ အဲဒါတွေကို သေသေချာချာ လုပ်သင့်တယ်လို့ မြင်တယ်။”
HIV/AIDS ဝေဒနာသည်တွေကို အကူအညီပေးနေတဲ့ မဖြူဖြူသင်း ပြောပြသွားတာ ဖြစ်ပါတယ်။
မြန်မာအာဏာပိုင်တွေဟာ ပြည်သူလူထုရဲ့ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေမှာ ဘဏ္ဍာငွေသုံးစွဲတာ အရမ်းကို နည်းပါး လွန်းပြီး စစ်ရေးဘက်မှာ အဆမတန် အသုံးပြုနေတယ်လို့ ဝေဖန်တာတွေ ပေါ်ထွက်နေတာ ကြာပါပြီ။ ဒါပေမဲ့လည်း ခုချိန် ထိတော့ ဒီကဏ္ဍတွေအတွက် သုံးစွဲတာဟာ သိသိသာသာ တိုးလာတာ မတွေ့ရသေးဘဲ အခုလို HIV/AIDS ရောဂါ တိုက်ဖျက်ရေး၊ ဝေဒနာသည်တွေကို ကူညီစောင့်ရှောက်ရေးတွေမှာ လိုအပ်ချက်တွေ ကြီးကြီးမားမားကို ဆက်ရှိနေပါသေး တယ်။