သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဖြူအမဲ ဆိုင်ရာ အီဒီယံ အသုံးအနှုန်းများ


ဒီတပတ် အဖြူအမဲ စကားလုံးအခြေခံ အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ black sheep, black eye, white lie နဲ့ white wash တို့ကို တင်ပြပေးထားပါတယ်။

အဖြူ(ရောင်)ဟာ သန့်စင်မှု၊ မွန်မြတ်မှုဆိုတဲ့ သဘောကိုဆောင်ပြီး၊ အမဲကတော့ ရက်စက်မှု၊ အမင်္ဂလာ သဘောဆောင်တယ်လို့ အစဉ်အလာအားဖြင့် ယူဆခဲ့ကြတာ ဖြစ်ပါတယ်။

ဒီတပတ် အမဲ (ရောင်) နဲ့ ပတ်သက်ပြီး ပထမဦးဆုံးတင်ပြမယ့် အီဒီယံ အသုံးအနှုန်းက black sheep ဖြစ်ပါတယ်။ Black က အမဲရောင်၊ Sheep က သိုး ဆိုတော့ လုံးကောက်အဓိပ္ပါယ်က အမဲရောင်သိုး ဖြစ်ပါတယ်။ အီဒီယံအသုံးအနှုန်းကတော့ အသုံးမကျတဲ့လူ၊ မျက်နှာအိုးမဲသုတ်တဲ့လူ၊ အရှက်ခွဲတဲ့လူ လို့ ဆိုလိုပါတယ်။ အထူးသဖြင့် ဆွေမျိုးဂုဏ်၊ မိဘအသိုင်းအဝိုင်းဂုဏ်ကို ဖျက်ဆီးသူကို ပြောဆိုခေါ်ဆိုကြပါတယ်။ ဒီအသုံးအနှုန်းက sheep ဆိုတဲ့ အဖြူရောင် သိုးတွေကြားမှာ အမဲရောင်တကောင်ပါနေတယ်ဆိုရင် အဖြူရောင်သိုးအုပ်ရဲ့ အလှကို အစွန်းထင်စေတဲ့ အမဲစက် သဘောဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်ပြီး George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

"Uncle Joe is the black sheep in the family. Instead of getting a job, all he does is drink too much, gamble away any money he gets and chase after women."

"ဦးလေး Joe ဟာ မိသားစုရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့လူပါပဲဗျာ။ အလုပ်ရှာမဲ့အစား အရက်တွေဖိသောက်၊ ရသမျှ ပိုက်ဆံကို လောင်းကစား လုပ်ပစ်တဲ့အပြင် မိန်းမလည်း အရမ်းရှုပ်သေးတယ်။"

Black နဲ့ ပတ်သက်ပြီး ဒုတိယတင်ပြပေးမဲ့ အသုံးအနှုန်းက black eye ဖြစ်ပါတယ်။ Black က အမဲ၊ Eye မျက်လုံး ဆိုတော့ အမဲရောင်မျက်လုံး လို့ လုံးကောက် ဘာသာပြန်နိုင်ပါတယ်။ အချင်းချင်း ထိုးကြိတ်ကြလို့ဖြစ်စေ၊ မတော်တစ ထိခိုက်မိလို့ဖြစ်စေ မျက်ကွင်းညိုသွားတဲ့သဘော ဖြစ်ပါတယ်။ အီဒီယံသွယ်ဝှိက် အဓိပ္ပါယ်ကတော့ လူ့အဖွဲ့အစည်းတရပ်ကို ဂုဏ်သိက္ခာပျက်စေတာ၊ အရှက်တရားရစေတဲ့ သဘောဆောင်ပါတယ်။ ကျမတို့မြန်မာမှာလည်း အမဲစက်ထင်စေတယ်၊ အစွန်းထင်စေတယ် ဆိုတဲ့ အသုံးအနှုန်းကို သော်တာရှင်များ သိမှာဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်ပြီး George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

"When the newspaper found out the highway commissioner was taking a bribe from paving contractors, it gave a black eye to the whole city government."

"အဝေးပြေးလမ်းမ ဖောက်လုပ်ရေးဌာနမင်းကြီးက လမ်းခင်း ကန်ထရိုက်တာတွေဆီက လာဘ်စားတဲ့အကြောင်းကို သတင်းစာက သိသွားတော့ မြို့တော် အုပ်ချုပ်ရေးတခုလုံး အမဲစက်ထင် သွားစေခဲ့တယ်။"

အမဲနဲ့ ပတ်သက်တာတင်ပြပြီးနောက် အဖြူရောင်နဲ့ ပတ်သက်တဲ့ အီဒီယံအသုံးအနှုန်းတွေကို တင်ပြပေးပါမယ်။

ပထမအသုံးအနှုန်းက white lie ဖြစ်ပါတယ်။ White က အဖြူရောင်၊ Lie လိမ်လည်တာ၊ မုသားဝါဒ ဆိုတော့ အဖြူရောင် မုသားဝါဒ လိမ်လည်မှုလို့ တိုက်ရိုက်ဘာသာပြန်နိုင်ပါတယ်။ အီဒီယံအဓိပ္ပါယ်မှာတော့ မုသားဝါဒ စကားကတော့ မှန်ပါရဲ့ ဒါပေမဲ့ တဖက်လူ စိတ်မကောင်းမဖြစ်စေချင်လို့ သွယ်ဝှိက်ပြီး ကြည့်ပြောလိုက်တဲ့ သဘောမျိုးဖြစ်ပါတယ်။ ကျမတို့ မြန်မာမှာ မုသားမပါ လင်္ကာမချောဆိုတဲ့ သဘောမျိုး ဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်ပြီး George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

"I told a white lie when I told Jenny her boyfriend was good looking. The truth is he just about the ugliest man I have ever seen."
"Jenny အဆက် ကောင်ကလေးဟာ လူချောကလေးလို့ ပြောလိုက်တာ မုသားမပါလင်္ကာမချော ပြောလိုက်တဲ့သဘောပါ။ တကယ့်တော့ ဒီကောင်ကလေးဟာ ကျနော်တွေ့ဘူးတဲ့ လူတွေထဲမှာ ရုပ်အဆိုးဆုံး လူတယောက်ဖြစ်တယ်။"

White နဲ့ ပတ်သက်ပြီး ဒုတိယတင်ပြပေမယ့် အီဒီယံအသုံးကတော့ white wash ဖြစ်ပါတယ်။ White က အဖြူ၊ Wash က လျှော်ဖွတ်သည် ဆိုတော့ အဖြူ လျှော်ဖွတ်ခြင်း လို့ တိုက်ရိုက်ပြန်ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အီဒီယံအသုံးကတော့ ကျမတို့ မြန်မာမှာ နံရံကို ထုံးသုတ်တဲ့ သဘော ဖြစ်ပါတယ်။ အမှားတွေ၊ အစွန်းတွေ မမြင်ရအောင် ဖုံးဖိတဲ့ အပေါ်ယံ ရွှေမှုံကြဲတဲ့သဘော ဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်ပြီး George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

"The official report on the train incident was nothing, but a white wash. They didn't try to find out who was to blame."

"ရထားတိုက်မှုနဲ့ ပတ်သက်ပြီး တရားဝင်ထုတ်ပြန်တဲ့ အစီရင်ခံစာဟာ တကယ်တော့ ဟန်ပြအစီရင်ခံစာသာ ဖြစ်ပါတယ်။ တကယ်တော့ ဘယ်သူမှာ အပြစ်ရှိတယ်ဆိုတာကို ဖော်ထုတ်ဖို့ ကြိုးပမ်းလုပ်ဆောင်ခြင်း မရှိကြဘူး။"

ဆက်စပ်သတင်းများ ...

XS
SM
MD
LG