ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အကျယ်ချုပ် အယူခံကို ပယ်ချလိုက်တာဟာ မြန်မာစစ်အစိုးရဘက်က ၂၀၁၀ ခုနှစ် ကျင်းပမယ့် ရွေးကောက်ပွဲကို လူအများ လက်ခံယုံကြည်အောင် ကျင်းပလိုတဲ့ ဆန္ဒမရှိဘူးဆိုတာ ပြသလိုက်တာဆိုပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က ပြောဆိုပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်သွင်းတဲ့ သူ့ရဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ နေရာတိုင်းမှာ အထူးစိုးရိမ်ရတဲ့ အနေအထားလို့ ထည့်သွင်းဖော်ပြထားပါတယ်။ အကြောင်းစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနားက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ၊ အထူးသဖြင့် နယ်စပ်ဒေသတွေက လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေဟာ ပိုပြီးတော့တောင် ဆိုးဝါးလာနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
လာမယ့် အောက်တိုဘာ ၂၂ ရက်နေ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေကို သူ အစီရင်ခံဖို့ ရှိပါတယ်။ သူ့ရဲ့ အစီရင်ခံစာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံကို စစ်အစိုးရ တရားရုံးက ပယ်ချခဲ့တာနဲ့ ပတ်သက်လို့ …
“မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှု ဒဏ်တွေကို နှစ်ရှည်လများ ခါးဆီးခံခဲ့ရသူ တယောက်ပါ။ စစ်အစိုးရရဲ့ တဖက်သတ် ဥပဒေမဲ့ ဖမ်းဆီးမှုကို ခံနေရသူ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အကျယ်ချုပ် အယူခံကို ပယ်ချလိုက်တာဟာ ၂၀၁၀ ခုနှစ် ကျင်းပမယ့် ရွေးကောက်ပွဲကို လူအများ လက်ခံယုံကြည်အောင် ကျင်းပလိုတဲ့ဆန္ဒ မရှိဘူးဆိုတာ စစ်အစိုးရဘက်က ပြသလိုက်တာပါ။ သူ့အပေါ် စွဲဆိုထားတဲ့ အမှုတွေကို ချက်ချင်း ရုပ်သိမ်းပြီး ပြန်လွှတ်ပေးဖို့ လိုပါတယ်” လို့ ပြောဆိုသွားပါတယ်။
ဒါပေမဲ့လည်း မြန်မာစစ်အစိုးရဘက်က ဒီရွေးကောက်ပွဲဟာ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲတခုဖြစ်အောင် ကျင်းပမယ်လို့ အာမခံထားပါတယ်။ မစ္စတာ သောမတ်စ် အိုဟေး ကင်တားနားက…
“မြန်မာစစ်အစိုးရဟာ နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက်တွေကို လေးစားလိုက်နာပြီး လွတ်လပ်စွာ ပြောဆိုစည်းရုံးခွင့်တွေကို အသိအမှတ် ပြုရပါလိမ့်မယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရသူ အားလုံးကို လွှတ်ပေးရပါလိမ့်မယ်။ ဒါဟာ သူတို့ကျင်းပမယ့် ရွေးကောက်ပွဲကို နိုင်ငံတကာက ယုံကြည်လာအောင် ကျင်းပနိုင်မယ့် အခြေခံလိုအပ်ချက်တွေပါ။ ဒါတွေလိုက်နာဖို့ လိုပါတယ်” လို့ ပြောဆိုသွားပါတယ်။
နယ်စပ်ဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့ပေါင်းစုံက ကျူးလွန်နေပါတယ်။ ဒီကိစ္စက အထူးအလေးထားပြီး စစ်အစိုးရက အမြန်ဆုံး ဖြေရှင်းရမယ့်ကိစ္စ ဖြစ်ပါတယ်။ နောက်တခုက မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ စီးပွားရေး၊ လူမှုရေးနဲ့ အထွေထွေ အကျပ်အတည်းတွေပါ။ ဒီကိစ္စတွေကိုလည်း စစ်အစိုးရက အရေးယူ ဖြေရှင်းဖို့ လိုအပ်ပါတယ်ဆိုပြီး ပြောဆိုသွားပါတယ်။
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေ တိုးတက်လာဖို့အတွက် လူ့အခွင့်အရေးကို ကန့်သတ်တဲ့ ပြည်တွင်းဥပဒေတွေကို ရုပ်သိမ်းရမယ်၊ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးရမယ်။ စစ်တပ် တပ်ဖွဲ့ဝင်တွေကို လူ့အခွင့်အရေးကို လေးစားလိုက်နာအောင် သင်တန်းတွေ ပေးရမယ်။ နောက် တရားရေးစနစ်ကို လုံးဝလွတ်လပ်တဲ့ တရားစီရင်ရေးဖြစ်အောင် ပြောင်းလဲရမယ်လို့ မစ္စတာ ကင်တားနားက အစီရင်ခံစာမှာ အဆိုပြုထားပါတယ်။
သူဟာ ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာခွင့်ရခဲ့ပါတယ်။ အခု မြန်မာနိုင်ငံကို နောက်တကြိမ် ပြန်သွားဖို့ စစ်အစိုးရကို တောင်းဆိုထားပေမဲ့ အခုအချိန်အထိ စစ်အစိုးရက လာရောက်ခွင့် လက်ခံတယ်လို့ အကြောင်းမပြန်သေးပါဘူး။
ဒီလအတွင်း သူ နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေညီလာခံကို လာရောက်တဲ့အချိန်မှာတော့ စစ်အစိုးရရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးတွေကတဆင့် တစုံတရာ အကြောင်းပြန်ကြားချက် ရမယ်လို့ မျှော်လင့်တဲ့ကြောင်း ဗွီအိုအေကို ပြောဆိုသွားပါတယ်။