သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေ့ပြောင်းနေထိုင် လုပ်ကိုင်မှုကြောင့် ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စေ


ရွှေ့ပြောင်းအလုပ်သမားတွေဟာ သူ့နိုင်ငံအတွက်ရော၊ သူ သွားလုပ်နေတဲ့ နိုင်ငံအတွက်ပါ လူတွေ သက်သာချောင်ချိရေး ပိုကောင်းအောင် လုပ်ပေးနေကြပါတယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာက ဆိုပါတယ်။ အလုပ်သမားတွေ နိုင်ငံခြားသွားနိုင်ဖို့ လွယ်ကူအောင် အစိုးရတွေက စီစဉ်ပေးသင့်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဘန်ကောက်ကနေ ဗွီအိုအေ သတင်းထောက် ဒန်နီယယ် ရှာ့ဖ် (Daniel Schearf) သတင်းပေးပို့ထားတာကို ဦးတင်မောင်သန်းက တင်ပြပေးထားပါတယ်။

ကိုယ့်တိုင်းပြည်အတွက်ရော၊ သူတို့ အလုပ်သွားလုပ်ကြတဲ့ တိုင်းပြည်အတွက်ပါ ရွှေ့ပြောင်းအလုပ်သမားတွေက အကျိုးများစေပါတယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာအသစ်မှာ ဆိုထားပါတယ်။ လူတွေ ရွှေ့ပြောင်း အလုပ်လုပ်ကြတဲ့အတွက် ဝင်ငွေတွေ တိုးတက်လာသလို အလုပ်သမားတွေရဲ့ ပညာသင်နိုင်တာနဲ့ ကျန်းမာရေး စောင့်ရှောက်မှု ရရှိနိုင်တာတွေကလည်း တိုးတက်လာပါတယ်လို့ လူအများ ဖွံ့ဖြိုးတိုးတက်ရေး နှစ်ပတ်လည် အစီရင်ခံစာက ဆိုပါတယ်။

ဒါ့အပြင် ရွှေ့ပြောင်း အလုပ်လုပ်ကြတာကြောင့် လက်ခံထားရတဲ့ အိမ်ရှင်နိုင်ငံတွေမှာ အလုပ်တွေကို ဖန်တီးပေးနိုင်ပြီး တီထွင်ဖန်တီးမှုတွေလည်း ဖြစ်ပေါ်စေပါတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ အာဖရိက က လွဲပြီး ဖွံ့ဖြိုးဆဲ တိုင်းပြည်တွေမှာ ရွှေ့ပြောင်းအလုပ်သမားတွေက ကိုယ့်တိုင်းပြည် ပြန်ပို့ကြတဲ့ငွေဟာ တရားဝင် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီအတွက် သုံးစွဲတဲ့ငွေထက် ၄ ဆလောက် များနေပါတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ဒါပေမဲ့ ကမ္ဘာ့စီးပွားရေး ကျလာတာနဲ့ အလုပ်လက်မဲ့တွေ များလာတာကြောင့် တချို့တိုင်းပြည်တွေမှာ ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် သက်ရောက်မှု ရှိခဲ့ပါတယ်လို့ UNDP အုပ်ချုပ်ရေးမှူး ဟယ်လန် ကလာ့ခ် (Helen Clark) က ပြောပါတယ်။

“ရွှေ့ပြောင်းအလုပ်သမားတွေက ဒေသခံတွေလုပ်မယ့် အလုပ်တွေ ဝင်လုပ်သွားကြမယ်၊ လုပ်ခတွေ လျော့သွားမယ်၊ ဒေသခံတွေ ရရှိနေတဲ့ ဝန်ဆောင်မှုတွေအတွက် တာဝန်ပိုကြီးလာမယ်၊ ဒါမှမဟုတ် အခွန်ထမ်းပြည်သူတွေအဖို့ ပို အခွန်ဆောင်ရမယ် စတဲ့ စိုးရိမ်ချက်တွေက ယေဘုယျအားဖြင့် ချဲ့ကားပြောကြတာသာ ဖြစ်တယ်လို့ အစီရင်ခံစာက ပြောထားပါတယ်။”

ဒါပေမဲ့ အလုပ်တွေပေါနေတဲ့ အချိန်မျိုးမှာ အဲဒီလို ရွှေ့ပြောင်းလာကြသူတွေကို အိမ်ရှင်နိုင်ငံက လူအများစုက ဆန့်ကျင်ကြတာတော့ မဟုတ်ပါဘူးလို့ UNDP က ဆိုပါတယ်။ ရွှေ့ပြောင်းလုပ်ကိုင်ကြတဲ့ အခြေအနေကို လူအများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူ ပြုလာအောင် အစိုးရတွေက လုပ်ဆောင်သင့်တယ်လို့ အစီရင်ခံစာက တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံသား ၁၀,၀၀၀ မှာ လူ ၇၀ က တိုင်းပြည်အပြင်ကိုထွက် စီးပွားရှာ စားသောက်နေကြပြီး မြန်မာနိုင်ငံကို သူတို့ပြန်ပို့တဲ့ငွေက ဒေါ်လာ ၁၂၅ သန်း ရှိတယ်လို့ UNDP က ပြောပါတယ်။ ဒါပေမဲ့ တခြားနိုင်ငံတွေက ပြန်ပို့ငွေနဲ့ နှိုင်းယှဉ်လိုက်တဲ့ အခါမှာတော့ မြန်မာနိုင်ငံ အခြေအနေမှာ နိုင်ငံခြား သွားရောက်လုပ်ကိုင်နေသူတွေ ပြန်ပို့ငွေက နည်းနေပါသေးတယ်။ တိုင်းပြည်လူဦးရေအရ တဦးချင်းသဘောနဲ့ ပြန်တွက်ကြည့်တဲ့အခါ တယောက် ၃ ဒေါ်လာနှုန်းပဲ ရှိပါတယ်။ ကိုရီးယားက ၂၃ ဒေါ်လာနှုန်း ရှိနေပါတယ်။

တရားဝင် လုပ်ထုံးလုပ်နည်းတွေနဲ့ အခကြေးငွေတွေကြောင့်လည်း ရွှေ့ပြောင်းလုပ်ကိုင်တာတွေ ခက်ရတယ်လို့ အစီရင်ခံစာက ပြောပါတယ်။ ဥပမာအားဖြင့်ဆိုရင် ကမ္ဘောဒီးယား၊ လာအိုနဲ့ ထိုင်းနိုင်ငံတို့ရဲ့ သဘောတူညီချက်အရ အလုပ်သမားတယောက်ကို ခန့်ထားဖို့အတွက် ဝန်ဆောင်ခယူငွေက အလုပ်သမားရဲ့ လစာ ၅ လစာ ရှိနေပါတယ်။ တရားဝင်ဖြစ်အောင် လုပ်နေတာက ၄လ ကြာပါသတဲ့။ အဲဒီအလုပ်သမားက သူ့တိုင်းပြည်ပြန်သွားတဲ့အထိ လုပ်ခရဲ့ ၁၅% ကို အဲဒီ အိမ်ရှင်နိုင်ငံက ထိန်းထားပါတယ်။

လူကို ခိုးသွင်းပေးသူတွေက အလုပ်သမားတယောက် အလုပ်ရရှိဖို့အတွက် လခ တလခစာ ပွဲခယူပါတယ်။ တရားမဝင် လုပ်ရသူတွေအတွက် ခေါင်းပုံဖြတ်ခံရတာ၊ ဒဏ်အတပ်ခံရတာ၊ ထောင်အချခံရတာ စတဲ့ အန္တရာယ်တွေ ကြုံနေကြရပါတယ်။

UNDP က အဲဒီလို လုပ်ထုံးလုပ်နည်းတွေကို ရိုးရိုးရှင်းရှင်း ဖြစ်အောင်လုပ်ဖို့၊ စရိတ်စကတွေ လျှော့ချဖို့၊ အစိုးရတွေကို တိုက်တွန်းပါတယ်။ ဂျန်နီ ကလပ်ဂ်မန်း (Jeni Klugman) က အခုထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာကို ရေးသားခဲ့သူပါ။ သူက အခုလို ပြောပါတယ်။

“ရွှေ့ပြောင်းလုပ်ကိုင်ကြတာနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အစားထိုးရမယ်လို့ ဒီအစီရင်ခံစာက ဆိုချင်တာ မဟုတ်ပါဘူးရှင်။ ဒါပေမယ့် ရွှေ့ပြောင်းလုပ်ကိုင်ကြတာဟာ အဲဒီလို ဖွံ့ဖြိုးတိုးတက်ရေး အလုပ်တွေကို အားဖြည့်ပေးပါတယ်။ လူတွေ ရွှေ့ပြောင်းလုပ်လာကြတာနဲ့ အတူ အတွေးအကြံတွေ၊ ငွေတွေ၊ လူတွေက အိမ်ရှင်နိုင်ငံကို ဝင်လာပြီး ပြောင်းလဲနိုင်တဲ့ သက်ရောက်မှု အမျိုးမျိုး ရရှိလာတာကို ကမ္ဘာတဝန်းက တိုင်းပြည်တွေမှာ ကျမတို့ မြင်နေကြရပါတယ်။”

ဒီအစီရင်ခံစာက ၂၀၀၇ ခုနှစ်က အချက်အလက်တွေပေါ်မှာ အခြေခံပြီး လူအများ ဖွံ့ဖြိုးတိုးတက်မှု အညွှန်းကိန်းကိုလည်း တင်ပြထားပါတယ်။ မြန်မာနိုင်ငံက တိုင်းပြည်ပေါင်း ၁၈၂ ပြည်မှာ ဖွံ့ဖြိုးတိုးတက်မှုအရ အဆင့် ၁၃၈ မှာ ရှိနေပါတယ်။ လူရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာရာမှာ စုစုပေါင်း ပြည်တွင်းထုတ်ကုန်တန်ဖိုး၊ လူ့သက်တမ်းနဲ့ ကျန်းမာရေးကိစ္စတွေ၊ ပညာရေးကိစ္စတွေနဲ့ နေထိုင်မှု အဆင့်အတန်းတွေကို အဓိကထား တွက်ချက်ထားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG