ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်း ကျော်က်ဖြူဆိပ်ကမ်းက တရုတ်နယ်စပ်အထိ ကီလိုမီတာ (၁၀၀၀) ကျော်ရှိတဲ့ ဓါတ်ငွေ့နဲ့ ရေနံပိုက်လိုင်း တည်ဆောက်ရေး စတင်အကောင်အထည် ဖော်နေပြီလို့ သိရှိရပါတယ်။ ယူနန်ပြည်နယ် ကုမင်မြို့အထိ ပိုက်လိုင်းသွယ်ယူပြီး အဲဒီက တဆင့် ဂွေ့ဂျောင် နဲ့ ဂွမ်ရှိပြည်နယ်တွေအထိ ဆက်သွားမှာမို့ ကီလိုမီတာ (၃၀၀၀) နီးပါးရှည်လျားမယ့် ပိုက်လိုင်းပါပဲ။ ရခိုင်ကမ်းလွန် ရွှေဓါတ်ငွေ့ကို အနှစ် (၃၀) တရုတ်ပြည်ကို တင်ပို့ဖို့ ဗမာစစ်အစိုးရက သဘောတူထားပြီး ဖြစ်ပါတယ်။ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းဒေသက တရုတ်ရေနံတင် သင်္ဘောတွေ သယ်ယူလာတဲ့ ရေနံစိမ်းကိုလည်း ကျောက်ဖြူရေနက်ဆိပ်ကမ်းကနေ ယူနန်ကို ပိုက်လိုင်းနဲ့ တင်ပို့မှာမို့ မလက်ကား ရေလက်ကြားကို ကျော်ဖြတ်တဲ့ ရေနံတင်သင်္ဘောဦးရေ လျော့နည်းသွားမှာ ဖြစ်ပါတယ်။ မြစ်ချောင်းတောတောင်တွေကို ကျော်ဖြတ်ရမယ့် ပိုက်လိုင်းမို့ လေးငါး နှစ်လောက်ကြာမှ ပြီးစီးမယ်လို့ ခန့်မှန်းကြပါတယ်။
ရခိုင်ကမ်းလွန် ပင်လယ်မှာ သဘာဝဓါတ်ငွေ့ ရှုာဖွေဖို့ တောင်ကိုရီးယား ဒေဝူး (Daewoo) ကုမ္မဏီ နဲ့ ဗမာအစိုးရ ၂၀၀၀ ခုနှစ်က သဘောတူခဲ့ပါတယ်။ နောက်တော့ အိန္ဒိယအစိုးရပိုင် ကုမ္မဏီ (၂) ခုနဲ့ ကိုဂတ်စ် (Kogas) ကိုရီးယား ဓါတ်ငွေ့ကုမ္မဏီတို့ ပါဝင်လာကြပါတယ်။ ကမ္ဘာ့အဆင့်မီ သဘာဝဓါတ်ငွေ့တွင်းကြီးကို တွေ့ရှိကြောင်း ၂၀၀၄ ခုနှစ် အစောပိုင်းမှာ ကြေညာပါတယ်။ တောင်ကိုရီးယား၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း နဲ့ တရုတ်တို့ ဓါတ်ငွေ ဝယ်ယူဖို့ ပြိုင်ဆိုင်ကြပေမဲ့ တရုတ်ကိုရောင်းဖို့ ဗမာစစ်အစိုးရက ဆုံးဖြတ်ပါတယ်။
သဘာဝဓါတ်ငွေ့ ထုတ်ယူမှုကြောင့် လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်ကျင် ထိခိုက်မှာကို စိုးရိမ်တဲ့အတွက် ရခိုင်ပြည်သားအရပ်သားတွေက ၂၀၀၂ မှာ Shwe Gas Movement လို့ခေါ်တဲ့ ရွှေဓါတ်ငွေ့အဖွဲ့ကို တည်ထောင်ပါတယ်။ အခုတော့ ရခိုင်၊ ဘင်္ဂလားဒေရှ် နဲ့ အိန္ဒိယ အခြေစိုက် အရပ်သားတွေလည်း ပါဝင်နေပါတယ်။ အလားတူ အဖွဲ့အစည်းဖြစ်တဲ့ Arakan Gas Watch ရခိုင်ဓါတ်ငွေ့အဖွဲ့ကို ၂၀၀၆ မှာ တည်ထောင်ပြီး ရေနံနဲ့ ဓါတ်ငွေ့ စီမံကိန်းတွေကို စောင့်ကြည့်နေပါတယ်။ ရွှေဓါတ်ငွေ နဲ့ ရခိုင်အဖွဲ့၊ အလုပ်သမားအဖွဲ့ စတာတွေနဲ့လည်း အဆက်အသွယ်ရှိကြပါတယ်။
ဗမာစစ်အစိုးရရဲ့ စီးပွားရေး၊ စစ်ရေးစီမံကိန်းတွေကို အများပြည်သူ သိရှိရအောင် ထုတ်ပြန်ကြေညာတာမျိုး မရှိတဲ့အတွက် လွတ်လပ်တဲ့ တသီးပုဂ္ဂလိ NGO အဖွဲ့တွေက ကိုယ်တိုင်ကွင်းဆင်းလေ့လာပြီး အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ အမိန့်အာဏာသုံးပြီး သဘာဝဓါတ်ငွေ့ ရောင်းချပုံကို ရွှေဓါတ်ငွေ့အဖွဲ့က Supply and Command ရောင်းလိုအားနဲ့ အမိန့်အာဏာ ဆိုတဲ့ စာမျက်နှာ (၆၀) အစီရင်ခံစာကို ၂၀၀၆ က ထုတ်ဝေခဲ့ပါတယ်။ တရုတ်ကုမ္မဏီတွေ ရေနံရှာဖွေမှုကြောင့် ရမ်းဗြဲကျွန်းသူကျွန်းသားတွေ ဒုက္ခရောက်ရပုံကို ရခိုင်ဓါတ်ငွေ့အဖွဲ့က စာမျက်နှာ (၄၀) အစီရင်ခံစာ မနှစ်က ထုတ်ပြန်ပါတယ်။ ဒီ အစီရင်ခံစာတွေကသာ အစိုးရတပ်တွေ သောင်းကျန်းပုံနဲ့ ဒေသခံပြည်သူတွေ အတိဒုက္ခ ရောက်ရပုံကို ဖော်ပြကြပါတယ်။ ဒါပေမဲ့ ကွန်ပြူတာစာစဉ်မို့ ပြည်တွင်းမှာ လူတိုင်းသိဖို့ မလွယ်ပါဘူး။
ရခိုင်ကမ်းလွန်ကဓါတ်ငွေ့ တရုတ်ကိုရောင်းတဲ့အတွက် ဗမာစစ်အစိုးရဟာ နှစ်စဉ်ဒေါ်လာသန်းပေါင်း (၅၀၀) နဲ့ သန်း (၈၀၀) ကြား ရနိုင်တယ်လို့ ရွှေဓါတ်ငွေ့အဖွဲ့က ခန့်မှန်းပါတယ်။ ဓါတ်ငွေ့ဈေးကိုလိုက်ပြီး ဝင်ငွေအမျိုးမျိုးရှိနိုင်ပေမယ့် ဗမာဘက်က ရရှိတဲ့ အမြတ်အစွန်းခွဲတမ်းဟာ စစ်အစိုးရလက်ထဲ ရောက်သွားပါတယ်။ ရေနံနဲ့ ဓါတ်ငွေ့ရှာတိုင်း ဒေသခံတွေ ဒုက္ခရောက်ကြပါတယ်။ ကမ်းလွန်ပင်လယ်မှာ ရှာဖွေရေးလုပ်ရင် ငါးလုပ်ငန်းနဲ့ အသက်မွေး ဝမ်းကျော်ငးလုပ်သူတွေ ဒုက္ခရောက်ရပါတယ်။ ရေနံဓါတ်ငွေ့ လုပ်ငန်းနဲ့အတူ ပါလာသူကတော့ ဗမာအစိုးရတပ် ဖြစ်ပါတယ်။ အရင်က ရခိုင်နဲ့ ချင်းပြည်နယ်မှာ အစိုးရတပ် အနည်းအကျဉ်းသာ စခန်းချခဲ့ပေမဲ့ အခုတော့ တပ်ရင်းပေါင်း (၄၀) ကျော် ရှိနေပါပြီ။ ဗမာစစ်အစိုးရ စစ်တပ်တွေများလေလေ လူ့အခွင့်အရေး ချိုးဖျက်မှုတွေများလေလေ ဖြစ်နေပါတယ်။
တနင်္သာရီ ကမ်းလွန်က ရတနာ နဲ့ ရဲတံခွန်ဓါတ်ငွေ့များကို ထိုင်းနိုင်ငံကို တင်ပို့ဖို့ ပိုက်လိုင်းဆောက်ရာမှာ အစိုးရတပ်မားက ဒေသခံတွေကို အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းပြီး အတင်းအဓမ္မ ခိုင်းစေတာကို တကမ္ဘာလုံးက သိကြပါတယ်။ ဓါတ်ငွေ့ပိုက်လိုင်း တဘက်တချက်မှာ မိုင် (၂၀) စီလောက် လုံခြုံရေးအတွက် ရှင်းပေးရတာကြောင့် ပိုက်လိုင်းတလျော်ကက ကျေးရွာအမြောက်အများ နေရာရွှေ့ပြောင်းကြရပါတယ်။ အလွန်ရှည်လျားတဲ့ မြန်မာ-တရုတ် ပိုက်လိုင်းလုံခြုံရေးအတွက် ရွှေ့ပြောင်းပေးရမဲ့ ကျေးရွာအများကြီး ရှိလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။ ပိုက်လိုင်းစောင့်တပ်က ဒေသခံများကို ချောဆွဲတဲ့ ထုံးစံရှိပါတယ်။
ရတနာဓါတ်ငွေ့လုပ်ငန်းမှာ အစုရှယ်ယာ ပါဝင်တဲ့ ယူနီကယ် (Unicol) အမေရိကန် ကုမ္မဏီဟာ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ကယ်လီဖိုးနီးယားပြည်နယ်မှာ တရားစွဲခံရပါတယ်။ အမှုကိုရင်ဆိုင်ရင် ဗမာစစ်တပ် ကျုးလွန်တဲ့ လူသတ်မှု၊ မုဒိမ်းမှုနဲ့ အဓမ္မစေခိုင်းမှုတွေ စစ်ဆေးခံရမှာ စိုးရိမ်တဲ့အတွက် ဒေသခံတွေကို လျော်ကြေးပေးဖို့ ယူနီကယ် က ဆုံးဖြတ်ပါတယ်။ ဘယ်လောက်ပေးမှန်း မကြေညာခဲ့ပေမဲ့ ပိုက်လိုင်းဒေသက ပြည်သူလူထုရဲ့ ပညာရေး၊ ကျန်းမာရေး နဲ့ နေထိုင်မှုအဆင့် တိုးတက်ရေး လျော်ကြေးငွေကို သုံးစွဲနေကြောင်း သိရပါတယ်။ မြန်မာ-တရုတ် ပိုက်လိုင်းဒေသဟာ အလွန်ကျယ်ဝန်းတာမို့ ဒေသခံပြည်သူတွေ မနစ်နာ မဆုံးရှုံးရအောင် ဘယ်သူက ကာကွယ်မှာလည်းဆိုတာ စဉ်းစားစရာ ဖြစ်နေပါတယ်။