သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ရဲ့ မြန်မာမူဝါဒသစ် လွှတ်တော်အမတ်တွေ စောင့်ကြည့်သွားမည်


ဘက်ပေါင်းစုံကနေ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မြန်မာစစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံမှု လုပ်တဲ့အပေါ် သတိနဲ့စောင့်ကြည့်နေမယ်လို့ အမေရိကန် အောက်လွှတ်တော် အမတ်တွေက ပြောလိုက်ကြပါတယ်။ မနေ့ ဗုဒ္ဓဟူးနေ့တုန်းက အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီက ပြုလုပ်တဲ့ မြန်မာ့အရေး ကြားနာပွဲကို လာရောက် မေးခွန်းထုတ်ခဲ့ကြတဲ့ အောက်လွှတ်တော် အမတ်တွေက အခုလို ပြောခဲ့ကြတာ ဖြစ်ပါတယ်။

နျူကလီးယားလက်နက် ပိုင်ဆိုင်တယ်လို့ အများက သံသယရှိနေကြတဲ့ မြောက်ကိုရီးယား အစိုးရနဲ့ မြန်မာစစ်အစိုးရကြား ဆက်ဆံရေးအပေါ် စိုးရိမ်တယ်လို့လည်း ပြောဆိုခဲ့ကြတဲ့ မြန်မာ့အရေး ကြားနာပွဲ အကြောင်းကို ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

မြန်မာ့အရေး စိတ်ဝင်စားသူတွေ တော်တော်များများ လာပြီး နားထောင်ခဲ့ကြတဲ့ အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီရဲ့ ကြားနာပွဲမှာ မြန်မာအပေါ်ထားတဲ့ အမေရိကန်ရဲ့ မူဝါဒသစ်နဲ့ ပတ်သက်ပြီး သုံးသပ် ပြောကြားခဲ့ကြပါတယ်။ ကမ္ဘာမှာ နျူကလီးယားလက်နက် မပြန့်ပွားရေးကိစ္စကို နိုင်ငံတကာက အလေးထားနေချိန်မှာ နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်တယ်ဆိုတဲ့ မြောက်ကိုရီးယား အစိုးရနဲ့ မြန်မာစစ်အစိုးရကြား ဆက်ဆံရေးအပေါ်မှာ စိုးရိမ်တယ်လို့ ကြားနာပွဲမှာ လာရောက် မေးခွန်းထုတ်ကြတဲ့ အောက်လွှတ်တော် အမတ်တွေက ပြောကြပါတယ်။

နျူကလီးယား နည်းပညာတွေကို ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားနေတဲ့ မြန်မာစစ်အစိုးရနဲ့ အမေရိကန်က ထိတွေ့ဆက်ဆံမယ့် အပေါ်မှာလည်း စိုးရိမ်မှုတွေရှိတယ် ဆိုတာကို အောက်လွှတ်တော် ကြားနာပွဲမှာ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သူ လွှတ်တော်အမတ် ဟောင်းဝါ့ဒ် ဘားမန်း (Howard Berman) က အခုလို ပြောပါတယ်။

“နျူကလီးယား နည်းပညာဆိုင်ရာ သင်တန်းတွေ တက်ဖို့ မြန်မာအစိုးရ အရာရှိ ရာနဲ့ချီပြီး ရုရှားနိုင်ငံကို စေလွှတ်နေပါတယ်။ ရုရှားနိုင်ငံက နျူကလီးယား ဓာတ်ပေါင်းဖိုကို မြန်မာက ဝယ်ဖို့ ဆွေးနွေးမှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။”

မြန်မာပြည်တွင်းက မူးယစ်ဆေးဝါး မှောင်ခိုကူးမှု၊ လူကုန်ကူးမှု၊ ကူးစက်ရောဂါ ပြန့်ပွားမှုတွေဟာ အိမ်နီးချင်း နိုင်ငံတွေဆီကိုပါ ကူးစက်နေတာကို ထောက်ပြပြီး မြန်မာ့ပြည်တွင်းရေးဟာ ဒေသတွင်းကို ပျံ့နှံ့နေပြီလို့လည်း အောက်လွှတ်တော် အမတ်တွေက ပြောကြပါတယ်။

ဒီကြားနာပွဲမှာ အဓိက လာရောက်ထွက်ဆိုတဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) ကလည်း ဒီအချက်ကို လက်ခံပါတယ်။ မြန်မာနိုင်ငံမှာ သိသာတဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေကို မတွေ့ရသရွေ့ အမေရိကန်က ပိတ်ဆို့ အရေးယူမှုတွေကို ဖယ်ရှားပေးမှာ မဟုတ်ဘူးလို့လည်း မစ္စတာ ကမ်းဘဲလ်က ထွက်ဆိုခဲ့ပါတယ်။

အောက်လွှတ်တော် ကြားနာပွဲမှာ မေးခွန်းထုတ်ခဲ့ကြတဲ့ အောက်လွှတ်တော် အမတ်တွေရော၊ လာရောက် ထွက်ဆိုကြသူတွေပါ အဓိက ထောက်ပြကြတဲ့ အချက်က မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်လာဖို့ နိုင်ငံစုံ ပူးပေါင်းပါဝင်တဲ့ သံတမန်ရေး ကြိုးပမ်းမှုတွေ ပိုပြီး လုပ်သင့်တယ်ဆိုတဲ့ အချက်ပါ။ အမေရိကန် အစိုးရဘက်ကလည်း နိုင်ငံအများ ပါဝင်တဲ့ သံတမန်ရေး တွန်းအားပေးမှုတွေကို လုပ်ဖို့ အဓိကထားပါတယ်လို့ မစ္စတာကမ်းဘဲလ်က ပြောခဲ့ပါတယ်။

“အမေရိကန်နဲ့ မြန်မာနိုင်ငံကြား သံတမန် ဆက်ဆံရေးကို သတိနဲ့ လက်တွေ့ကျကျ ဆောင်ရွက်သွားရေးကို အမေရိကန် သမ္မတရော၊ နိုင်ငံခြားရေးဝန်ကြီးပါ အလေးထားပါတယ်။ နိုဝင်ဘာလလယ်ပိုင်းကြရင် စင်ကာပူမှာလုပ်မယ့် APEC ညီလာခံမှာ အမေရိကန်နဲ့ အာဆီယံ ထိပ်သီးစည်းဝေးပွဲ လုပ်ဖို့ အမေရိကန်သမ္မတ ရွေးချယ်ခဲ့တဲ့ ရည်ရွယ်ချက်ကိုက မြန်မာ့အရေးအတွက် အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ အမေရိကန်က ပိုပြီး ပူးပေါင်းဆောင်ရွက်နိုင်ဖို့ပါ။ မြန်မာနိုင်ငံက စိန်ခေါ်မှုတွေကို မြန်မာ့အိမ်နီးချင်း နိုင်ငံတွေနဲ့ အနီးကပ် ပူးပေါင်းအဖြေရှာနိုင်ဖို့ ဖြစ်ပါတယ်။”

လာမယ့် သီတင်းပတ်တွေ အတွင်းမှာလည်း မစ္စတာကမ်းဘဲလ် ဦးဆောင်တဲ့ သံတမန်အဖွဲ့ မြန်မာနိုင်ငံကို သွားဖို့ရှိတယ် ဆိုတာကိုလည်း ပြောပါတယ်။ အမေရိကန် အစိုးရဟာ မြန်မာစစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံတဲ့ မူဝါဒကို ထားရှိလိုက်တဲ့အတွက် စစ်အစိုးရကို တရားဝင် အစိုးရအဖြစ် လက်ခံရာ ရောက်တယ်ဆိုပြီး ကြားနာပွဲကို လာကြတဲ့ လွှတ်တော်အမတ် တော်တော်များများက ထောက်ပြကြပါတယ်။ ကယ်လီဖိုးနီးယား လွှတ်တော်အမတ် မစ္စတာ ရိုးဘက်ကာ (Mr. Rohrabacher) က…

“သူတို့နဲ့ တစားပွဲထဲ ထိုင်လိုက်တယ် ဆိုတာနဲ့ စစ်အစိုးရကို အသိအမှတ်ပြုရာ ရောက်ပါတယ်။ မြန်မာစစ်အစိုးရဟာ တရားဝင်တဲ့ အစိုးရ မဟုတ်ပါဘူး။ ပြည်သူတွေက အုပ်ချုပ်ပိုင်ခွင့် ပေးမထားရင် အုပ်ချုပ်ခွင့် မရှိပါဘူး။ မြန်မာနိုင်ငံကို အုပ်ချုပ်နေကြသူတွေက အကြောက်တရားနဲ့ ဖိနှိပ်အုပ်ချုပ်နေတာပါ။” လို့ ပြောဆိုသွားပါတယ်။

မြန်မာ့အရေး အောက်လွှတ်တော် ကြားနာပွဲမှာ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲအပြင် လာရောက် ထွက်ဆိုခဲ့ကြသူတွေကတော့ Human Rights Watch အဖွဲ့က ဒါရိုက်တာ တွမ် မာလင်နောစကီး (Tom Malinowski)၊ John Hopkins ပြည်သူ့ကျန်းမာရေးဆိုင်ရာ တက္ကသိုလ်က ပါမောက္ခ ခရစ်စ် ဘေယာ (Chris Beyrer) နဲ့ မြန်မာ့အရေး လှုပ်ရှားနေတဲ့ US Campaign for Burma က အမှုဆောင် ဒါရိုက်တာ ကိုအောင်ဒင်တို့ ဖြစ်ကြပါတယ်။

အမေရိကန် အစိုးရရဲ့ မူဝါဒသစ်အပေါ် ဒီကြားနာပွဲမှာ မေးခွန်းထုတ်ခဲ့ကြတဲ့ အောက်လွှတ်တော် အမတ်တွေရဲ့ သဘောထားကို ဘယ်လို သုံးသပ်နိုင်ပါသလဲလို့ ကိုအောင်ဒင်ကို မေးကြည့်တော့…

“အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒသစ်ကို ပြန်လည်သုံးသပ်ကြတော့ အတော်များများမှာ စိတ်ပူမှုရှိတယ်။ ဒီ Engagement ပေါ့၊ အမေရိကန် အစိုးရက နအဖစစ်အုပ်စုနဲ့ စကားပြောမယ်၊ ဆွေးနွေးမယ် ဆိုတဲ့အပေါ်မှာ စိတ်ပူပန်မှု ရှိကြတယ်။ ဒါ ကျနော် နားထောင်ကြည့်သလောက်၊ သူတို့အားလုံးမှာ အဲဒီလို ဆွေးနွေးပွဲတွေ အောင်မြင်ပါ့မလား၊ နအဖက လိမ်လည်လှည့်ဖျားပြီး အချိန်ဆွဲတာ ဖြစ်မလား၊ ဒီအပေါ်မှာ အမေရိကန်အစိုးရ အနေနဲ့ သတိကြီးကြီး မထားသင့်ဘူးလား၊ တချို့ လွှတ်တော်ကိုယ်စားလှယ်တွေ ဆိုရင် လုံးဝတောင် မဆွေးနွေးသင့်ဘူးလို့ ပြောတယ်။ ဒီလောက် ကြမ်းကြုတ် ရက်စက်တဲ့ အစိုးရကို ဆက်ပြီး ပြစ်ဒဏ်ခတ်ဖို့ပဲရှိတယ်၊ ဘာမှ ဆွေးနွေးစရာမလိုဘူး၊ အဲဒီလိုတောင် ပြောတာ တွေ့ရတယ်။

“ကျနော်တို့ရဲ့ သဘောထားကို မေးတဲ့အခါ ကျနော်တို့က Sanction ဖိအားပေးမှုကို ဆက်လက် ထိန်းသိမ်းထားတာကို လက်ခံတယ်၊ အမေရိကန် အစိုးရက မြန်မာ နအဖ စစ်အုပ်စုနဲ့ စတင်ဆွေးနွေးတာကိုလည်း လက်ခံတယ်၊ သို့သော်လည်း ဆွေးနွေးမှုတွေမှာ အချိန်အကန့်အသတ် ရှိစေချင်တယ်၊ ပြီးတော့ ဆွေးနွေးမှုတိုင်းမှာလည်း အဲဒီဆွေးနွေးမှုရဲ့ အောင်မြင်မှု ဆိုတာကို တိုင်းတာဖို့အတွက် အတိုင်းအတာ သတ်မှတ်ချက်တွေ ရှိသင့်တယ်။”

မြန်မာအပေါ်ထားတဲ့ အမေရိကန်ရဲ့ မူဝါဒသစ်အရ မြန်မာစစ်အစိုးရနဲ့ အမေရိကန်အစိုးရ ကြားမှာပဲ ထိတွေ့ဆက်ဆံမှုတွေကို လုပ်လို့မရဘူး၊ မြန်မာပြည်တွင်းမှာလည်း တွေ့ဆုံဆွေးနွေးရေးတွေ ဖြစ်လာအောင် လုပ်ရမယ်၊ တွေ့ဆုံဆွေးနွေးတဲ့ အခါမှာလည်း စစ်အစိုးရ၊ အတိုက်အခံနဲ့ တိုင်းရင်းသား အဖွဲ့တွေပါ ပါဝင်တဲ့ ၃ ပွင့်ဆိုင် ဆွေးနွေးမှုတွေကို လုပ်ဖို့လိုအပ်တယ် ဆိုတာကို အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီမှာ ပြုလုပ်တဲ့ မြန်မာ့အရေး ကြားနာပွဲမှာ တင်ပြပြောဆိုသွားခဲ့ကြပါတယ်။

အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီက ပြုလုပ်တဲ့ မြန်မာ့အရေး ကြားနာပွဲကို ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ မစုမြတ်မွန်က သတင်းတင်ပြခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ အရပ်သားတွေကို ချီးမြှင့်တဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ Congressional Gold Medal အမေရိကန်လွှတ်တော် ရွှေတံဆိပ်ဆုကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နှစ်မှာ ပေးအပ်မယ့် အကြောင်းကိုလည်း ဒီကြားနာပွဲမှာ ထုတ်ဖော်ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG