သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေပြည်တော် ဒေသတချို့ လက်ကိုင်ဖုန်း သုံးခွင့်ရ


မြန်မာစစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်မှာ အရင်က လက်ကိုင်ဖုန်းတွေ သုံးမရအောင် လိုင်းတွေ ဖြတ်ထားပေမဲ့ အခုတော့ ကမ်းရိုးတန်းသုံး CDMA လက်ကိုင်ဖုန်းတွေကို အသုံးပြုခွင့် ပေးလိုက်ပါတယ်။ ဒီ CDMA ဖုန်းတွေကို နေပြည်တော်မှာ ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် သုံးနိုင်ကြပြီလဲဆိုတာကို စုံစမ်းမေးမြန်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။

ပျဉ်းမနား နေပြည်တော် တဝိုက်မှာ အရင်က မိုဘိုင်း လက်ကိုင်ဖုန်းတွေ လိုင်းမမိလို့ သုံးမရပေမဲ့ အခုတော့ CDMA ကမ်းရိုးတန်းသုံးလို့ အများခေါ်တဲ့ တယ်လီဖုန်းလိုင်းတွေ သုံးလို့ရနေပြီ ဆိုတဲ့အကြောင်း မြို့ခံတဦးက ပြောပါတယ်။

“တချို့ CDMA ဖုန်းရှိတဲ့ လူတွေကတော့ နေပြည်တော် နယ်နိမိတ်အတွင်းပေါ့၊ လယ်ဝေး၊ ပျဉ်းမနား၊ တပ်ကုန်း အဲဒီနယ်နိမိတ်တွေမှာ စပြီး ပြောနေကြပြီလို့ ပြောတယ်။ ဒီနေ့မနက် ကြားရတာကတော့ အဲဒီ CDMA FEC ၅၀ တန် ကတ်ဖုန်းတွေ စပြီး စမ်းသုံးနေကြပြီလို့ သိရတယ်။”

အခု CDMA လိုင်းအသစ်တွေကိုလည်း အဲဒီနယ်မြေတဝိုက်မှာ ချပေးမှာမို့ လျှောက်ထားကြသူတွေ ရှိတယ်လို့လည်း ဆိုပါတယ်။ ဖုန်းလိုင်းတွေကျပြီဆိုရင် တယ်လီဖုန်း Handset တွေကို ကိုယ့်ဘာသာ ဝယ်ကြရမှာဖြစ်ပြီး ဖုန်းမှာသုံးဖို့ ကတ်တွေကိုတော့ FEC နဲ့ ၂၀ တန်၊ ဒါမှမဟုတ် ၅၀ တန်ကတ်တွေ ဝယ်ပြီး သုံးကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် စရိတ်စက ကြီးမားတဲ့ ဒီတယ်လီဖုန်းက နေပြည်တော်နား တဝိုက်မှာ နေကြတဲ့ မြို့ခံတွေအတွက် သိပ်မထူးခြားပေမဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ အတွက်တော့ အလုပ်ဖြစ်မယ်လို့ ဆိုပါတယ်။

“အနယ်နယ် အရပ်ရပ်က သွားကြတဲ့အခါ အကုန်လုံး ခွင့်ပြုချက် လက်မှတ်တို့ ဘာတို့ အားလုံးလုပ်ရတာကိုး။ အဲဒီလို လုပ်တဲ့အခါကြတော့ ရန်ကုန်ကသွားတဲ့ လုပ်ငန်းရှင်တွေ၊ ဒါမှမဟုတ် တခြား ဝန်ထမ်းတွေ ဆိုရင်လည်း ရေနီလောက် အထိပဲ ဟန်းဖုန်းတွေက ပြောလို့ရတယ်။ ရေတာရှည်၊ ရေနီ ကျော်သွားတာနဲ့ ဟန်းဖုန်းတွေ ပြောလို့မရတော့ဘူး။

“အဲဒီအခါကျတော့ နေပြည်တော်မှာ လုပ်ငန်းဆောင်တာတွေ၊ သူတို့ရဲ့ ကိစ္စအ၀၀ ဆောင်ရွက်နေတဲ့အချိန်မှာ ဒီ မိုဘိုင်း ဖုန်းတွေ သုံးလို့မရတဲ့အတွက် အများကြီး အခက်အခဲ အနှောင့်အယှက်တွေ ဖြစ်တယ်။ လောလောဆယ်ကတော့ ချပေးကာ စဆိုတော့ စမ်းသုံးကြည့်ကြတာလည်း ဖြစ်မယ်။ ရေရှည်မှာတော့ ဒီလို ၂၀ တန်တို့ ၅၀ တန်တို့ ရေရှည်သုံးဖို့တော့ မလွယ်ပါ ဘူး။ စီးပွားရေး လုပ်ငန်းရှင်တွေအတွက်တော့ ပို အဆင်ပြေမှာပါ။ သာမန် ပြည်သူလူထုအတွက်ကတော့ သိပ်ပြီး အထောက်အကူ ဖြစ်စရာ ရှိမယ် မထင်ပါဘူး။”

ပျဉ်းမနားမြို့ခံတဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။

အခု CDMA ဖုန်းလိုင်းတွေကို နေပြည်တော် အရှေ့ဘက်က စီးပွားရေးဇုန်အတွင်းမှာသာ အသုံးပြုလို့ ရမှာဖြစ်ပြီး စစ်ဘက် ဆိုင်ရာ ဇုန်တွေနဲ့ အစိုးရရုံးစိုက်ရာ ဇုန်တွေမှာ လိုင်းမမိလို့ သုံးလို့ရမှာ မဟုတ်ဘူးလို့လည်း ပြောကြပါတယ်။ လက်ကိုင် မိုဘိုင်း ဖုန်းတွေဟာ နိုင်ငံတကာကို အလျှင်အမြန် ဆက်သွယ်နိုင်တာမို့ ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး အတွင်းက ဖြစ်ရပ်တွေနဲ့ ပုံရိပ်တွေကို မိုဘိုင်းဖုန်းတွေကတဆင့် ကမ္ဘာကို တဒင်္ဂအတွင်း ဖြန့်ချိပေးနိုင်တယ်ဆိုတဲ့ သာဓက တွေလည်း ရှိခဲ့တာပါ။

အစကတည်းက နေပြည်တော်မှာ မိုဘိုင်းဖုန်းတွေ သုံးမရအောင် စစ်ခေါင်းဆောင်ကြီးတွေက စီစဉ်ထားပေမဲ့ အခုတော့ စီးပွားရေး လုပ်ငန်းတွေကြောင့် မဖြစ်မနေ ခွင့်ပြုလိုက်ရတာ ဖြစ်မယ်လို့လည်း သုံးသပ်ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG