သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံခရီးစဉ်မှာ အတိုက်အခံတွေနဲ့လည်း တွေ့ဖို့လို


မြန်မာစစ်အစိုးရနဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံမှုတွေ လုပ်သွားဖို့ ရည်ရွယ်ထားတဲ့ အမေရိကန် ပြည်ထောင်စုက နိုင်ငံခြားရေး ဝန်ကြီးဌာန အကြီးတန်း အရာရှိတဦးကို မြန်မာနိုင်ငံ စေလွှတ်ဖို့ ရှိနေပေမဲ့၊ နှစ်နိုင်ငံ ဆက်ဆံရေးတွေ သိသိသာသာ တိုးတက်လာစေမယ့် အလားအလာတွေပေါ်မှာတော့ သံသယတွေ ရှိနေကြဆဲဖြစ်ပါတယ်။ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကတ် ကမ်ဘဲလ် (Kurt Campbell) မကြာခင် မြန်မာနိုင်ငံသွားဖို့ ရှိနေပေမဲ့ ဒီခရီးစဉ်အတွင်း တွေ့ဆုံမှု တွေဟာ ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားနိုင်မလဲ ဆိုပြီး မေးခွန်းတွေ ထုတ်နေကြတာပါ။ အကြောင်းစုံကိုတော့ ကိုအောင်လွင်ဦး က အစီရင်ခံထားပါတယ်။

မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ထားတဲ့ အမေရိကန် ပြည်ထောင်စုက ထိတွေ့ ဆက်ဆံမှု တွေ လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားတဲ့အတိုင်း နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်း အရာရှိ တဦးဖြစ်တဲ့ ကတ် ကမ်ဘဲလ် ကို မြန်မာနိုင်ငံကို စေလွှတ်ဖို့ ရှိနေပေမဲ့၊ သူ့ခရီးစဉ်အတွင်း တွေ့ဆုံမှုတွေဟာ ကျယ်ကျယ်ပြန့်ပြန့် ရှိဖို့ လိုတယ်လို့ ဆိုနေကြ တာပါ။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကမ်ဘဲလ် အချက်အလက် စုဆောင်းရှာဖွေရေး ခရီးစဉ်အဖြစ် မကြာခင် သီတင်းပတ်တွေမှာ မြန်မာနိုင်ငံသွားတဲ့အခါ စစ်အစိုးရ ခေါင်းဆောင်ပိုင်းနဲ့ သာမက အတိုက်အခံနိုင်ငံရေး အသိုင်းအဝန်းနဲ့ပါ တွေ့ဆုံသင့်တယ်လို့ ပြောနေကြတာပါ။ ဒါပေမဲ့လည်း တွေ့ဆုံမှုတွေနဲ့ ပတ်သက်လို့ အမေရိကန် အစိုးရဘက်က နောက်ဆုံး ဆုံးဖြတ်ချက်တွေတော့ မချရသေးဘူးလို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် အီရန် ကယ်လီ (Ian Kelley) က မနေ့တုန်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း ပြောခဲ့ပါတယ်။

"မြန်မာပြည်မှာ မျက်နှာချင်းဆိုင် တွေ့ဆုံပြီး ဆွေးနွေးစကားပြောဆိုမှုတွေ ဖြစ်ပေါ်လာစေဖို့ ကျနော်တို့ မျှော်လင့်ထား ပါတယ်။ ဒါပေမဲ့လည်း ဒီဆွေးနွေးမှုတွေကို ဘယ်လို လုပ်သွားမလဲ ဆိုတာကို အတိအကျတော့ မဆုံးဖြတ်ရသေးပါဘူး။"

မြန်မာနိုင်ငံကို သွားဖို့ရှိနေတဲ့ ဝန်ကြီး ကမ်ဘဲလ် ကိုယ်တိုင်ကလည်း ဗုဒ္ဓဟူးနေ့တုန်းက အောက်လွှတ်တော်မှာ ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒရေးရာ ကြားနာပွဲအတွင်း၊ မြန်မာနိုင်ငံမှာရှိတဲ့ သက်ဆိုင်သူ ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်သွားဖို့ ဆန္ဒရှိတဲ့အကြောင်း ပြောထားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ယာယီတာဝန်ခံ အဖြစ် တာဝန်ယူခဲ့ဘူးသူ မစ္စ ပရစ်ဆီလာ ကလပ် (Priscilla Clapp) ကတော့ ဖမ်းဆီးခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အင်အားစုတွေနဲ့ပါ တွေ့ဆုံခွင့်ရမယ်ဆိုရင် ဒီခရီးစဉ်ဟာ အောင်မြင်တဲ့ ခြေလှမ်း တခုလို့ ဆိုနိုင်လိမ့်မယ်လို့ ပြောပါတယ်။

"အားလုံး ချောချောမောမော ဖြစ်မယ်ဆိုရင်၊ အစိုးရနဲ့ရော သက်ဆိုင်သူ ဒီမိုကရေစီ အင်အားစုတွေ၊ ဒေါ်စုနဲ့ပါ တွေ့ဆုံနိုင် မယ် ဆိုရင်တော့ Kurt Campbell ရဲ့ ခရီးစဉ်က အင်မတန် အရေးပါတဲ့ ခရီးစဉ်တခု ဖြစ်မှာပါပဲ။ ဒါဆိုရင်တော့ အရေးပါတဲ့ ခြေလှမ်းတလှမ်း ရှေ့ကို လှမ်းလိုက်တာပဲလို့ ကျမတော့ ယူဆပါတယ်။"

အမေရိကန် ပြည်ထောင်စုကတော့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေကို ပြောင်းလဲကျင့်သုံးသွားမယ်လို့ ကြေငြာခဲ့ပြီးတဲ့နောက် မူဝါဒရေးရာ ကြားနာပွဲတွေကိုလည်း အထက်နဲ့အောက်လွှတ်တော် အသီးသီးမှာ မကြာသေးခင်တုန်းကပဲ ကျင်းပခဲ့တာပါ။ ဒီကြားနာမှုတွေအတွင်းမှာတော့ မြန်မာစစ်အစိုးရနဲ့ ဆက်ဆံမှုတွေ လုပ်သွားမယ့် မူဝါဒအပေါ် သံသယ အမြင်တွေနဲ့ ဝေဖန် ပြောဆိုမှုတွေလည်း ရှိခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ သံတမန်အဖြစ် တာဝန်ယူခဲ့ဘူးတဲ့ မစ္စ ပရစ်ဆီလာ ကတော့ -

"ဆက်ဆံရေးတွေ တိုးတက်လာစေဖို့ကတော့ မြန်မာအစိုးရရဲ့ ချဉ်းကပ်မှုတွေအပေါ်မှာ အများကြီး မူတည်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ အားလုံးတွေ့ကြတဲ့အတိုင်း ကျမတို့ဘက်ကတော့ တံခါးဖွင့်ထားပြီး ဖြစ်ပါတယ်။ ဒါကို သူတို့ဘက်ကလည်း တုံ့ပြန်လာသလို ကျမတို့ဘက်ကလည်း တုံ့ပြန်နေတာပါ။"

အမေရိကန်က မူဝါဒအပြောင်းအလဲ ကျင့်သုံးဖို့ ကြေညာခဲ့အပြီး မရှေးမနှောင်းဆိုသလို ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်လာတဲ့ မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် အပါအဝင် စစ်အစိုးရ တာဝန်ရှိသူ တချို့နဲ့ တွေ့ဆုံမှုတွေလည်း လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုပဲ နောက်ထပ် ရှေ့ဆက် ဆွေးနွေးပြောဆိုမှုတွေ လုပ်ဆောင်သွားဖို့ မျှော်လင့်ထားကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် က ဆိုခဲ့ပါတယ်။

"ကျနော်တို့ အနေနဲ့ ဆွေးနွေးမှုတွေ စခဲ့ပါပြီ၊ ဒါဟာ ကောင်းတဲ့လက္ခဏာပါ၊ ဒါပေမဲ့လည်း ဒီအဆင့်ကနေ ဘယ်အထိ ဆက်ကြရမလဲ ဆိုတာ တိတိကျကျ ရှိလာအောင်ကတော့ ကြိုးပမ်းအားထုတ်နေတုန်းပဲ ဖြစ်ပါတယ်။"

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် အီရန် ကယ်လီ ဖြစ်ပါတယ်။ အမေရိကန် အစိုးရ ကတော့ မြန်မာစစ် အစိုးရဖက်က နိုင်ငံရေးအရ တိုးတက်မှုတွေ လုပ်ဆောင်လာမယ်ဆိုရင် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်တဲ့အထိ ဆက်ဆံသွားမယ့်အကြောင်း နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ကလည်း မကြာသေးခင်က သူ့ရဲ့ အရှေ့တောင် အာရှ ခရီးစဉ်အတွင်း ပြောခဲ့တာဖြစ်ပါတယ်။ ဆယ်စုနှစ် တစုနီးပါးကြား အဆင့်မြင့် ဆက်သွယ်မှုတွေ ပြတ်တောက်နေခဲ့ပြီး အခုအခါ ဆက်ဆံမှုတချို့ တွေ့မြင်လာရတာဟာ ကောင်းတဲ့လက္ခဏာလို့ ဆိုနိုင်ပေမဲ့ ဒါတွေ ရေရှည်တည်တံ့စေဖို့၊ တိုးတက် မှုတွေ ရှိစေဖို့ကတော့ စစ်အစိုးရမှာ တာဝန်ရှိနေတယ်လို့လည်း သံတမန်ဟောင်းဖြစ်တဲ့ မစ္စ ပရစ်ဆီလာ က ပြောပါတယ်။

"ကျမတို့ အနေနဲ့ အနှုတ်ဘက် မဟုတ်ဘဲ၊ လတ်တလော အပေါင်းလက္ခဏာဆောင်တဲ့ ဘက်ကိုသွားနေတာပါ။ ဒါပေမဲ့ လည်း ဒီအပေါင်းလက္ခဏာ ဆောင်နေတာတွေကို ဆက်ပြီး ထိန်းထားနိုင်ဖို့ ကျမပြောတာကတော့ မြန်မာအစိုးရ စစ် ခေါင်းဆောင်တွေဘက်ကလည်း နိုင်ငံရေး အင်အားစုတွေနဲ့ လူထု အပေါ်မှာ အပေါင်း လက္ခဏာဆောင်တဲ့ အပြုအမူတွေ ပြဖို့ လိုပါတယ်။ ဒါမှလည်း ကျမတို့ အနေနဲ့ ရှေ့ကို အပေါင်းလက္ခဏာနဲ့ ဆက်သွားနိုင်မှာ ဖြစ်ပါတယ်။"

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ယာယီတာဝန်ခံအဖြစ် တာဝန်ယူခဲ့ဖူးသူ မစ္စ ပရစ်ဆီလာ ကလပ် ဖြစ်ပါတယ်။ လတ်တလောမှာတော့ ၂ နိုင်ငံကြား ဆက်ဆံမှုတွေဟာ ပုံမှန်ပြန်ဖြစ်နိုင်မယ့် အခြေအနေတွေနဲ့ အများကြီး အလှမ်းဝေး နေသေးသလို၊ ဒါတွေကို နီးစပ်မှုရလာစေဖို့ စစ်အစိုးရဘက်က နိုင်ငံရေးအရ သိသာတဲ့ ပြောင်းလဲမှုတွေ လုပ်ဆောင်သွားမှ ဖြစ်နိုင်လိမ့်မယ်လို့လည်း သူက ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG