သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့ ပိုက်လိုင်းကန့်ကွက်စာ တရုတ်သမ္မတထံ ပို့


နိုင်ငံပေါင်း ၂၀ မှာရှိတဲ့ အဖွဲ့အစည်း ၁၀၀ ကျော်က ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို သွယ်တန်းဖောက်လုပ်မယ့် သဘာဝဓာတ်ငွေ့နဲ့ ရေနံပိုက်လိုင်း တည်ဆောက်မှု စီမံကိန်းကို ရပ်တန့်ဖို့အတွက် တရုတ်နိုင်ငံ သမ္မတ ဟူဂျင်တောင်း (Hu Jintao) ဆီကို ဒီကနေ့ စာပေးပို့ တောင်းဆိုလိုက်ပါတယ်။ ဒီလို တောင်းဆိုတာကတော့ ဒီပိုက်လိုင်း စီမံကိန်းကြောင့် ဖြစ်ပေါ်လာမယ့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဒေသတွင်း မတည်ငြိမ်မှုတွေကို တားဆီးဖို့ ဖြစ်တယ်လို့ ဒီလှုပ်ရှားမှုရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့က တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ သဘာဝဓာတ်ငွေ့နဲ့ ရေနံပိုက်လိုင်း တည်ဆောက်မှု စီမံကိန်းကို ရပ်တန့်စေဖို့ ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။ ဒီဆန္ဒပြပွဲကို ရွှေသဘာဝဓာတ်ငွေ့ ဆန့်ကျင်လှုပ်ရှားမှု အဖွဲ့နဲ့ ထိုင်းလူမှုအဖွဲ့အစည်းတွေ ပူးပေါင်းဆန္ဒပြကြတာ ဖြစ်ပါတယ်။

ဒီလို ဆန္ဒပြရတဲ့ အကြောင်းကိုတော့ ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့ (ထိုင်းနိုင်ငံ) ရဲ့ တာဝန်ခံ ကိုဝင်းအောင်က အခုလို ပြောပါတယ်။

“လက်ရှိလုပ်နေတဲ့ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းနဲ့ ရေနံ၊ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကို တရုတ်အစိုးရ အနေနဲ့ ဒီစီမံကိန်း ရပ်တန့်ရေးအပေါ်မှာ အဓိက တာဝန်ရှိတယ်။ သူတို့ လုပ်လည်း လုပ်နိုင်တဲ့အတွက် ကျနော်တို့ တရုတ်သံရုံးရှေ့မှာ လာပြီးတော့ ဆန္ဒပြတာ ဖြစ်ပါတယ်။ ပိုက်လိုင်းတောက်လျှောက်မှာ စစ်တပ်အင်အားပေါင်း ၁၃,၀၀၀၊ ၁၄,၀၀၀ လောက် နေရာယူထားတာ တွေ့ရတယ်။

“ပိုက်လိုင်းတလျှောက် ဆိုရင်လည်း ကီလိုမီတာပေါင်း ၉၉၀၊ ရခိုင်ကနေ ရှမ်းပြည်နယ် မြောက်ပိုင်းအထိ သွားမယ့် ဒီလို စီမံကိန်းမှာ ဆိုရင်ဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ လယ်ယာမြေ သိမ်းပိုက်မှုတွေ၊ အတင်းအဓမ္မ စေခိုင်းမှုတွေ၊ လယ်ယာမြေ ပြောင်းရွှေ့မှုတွေက ဒေသခံတွေအပေါ်မှာ မလွဲမရှောင် ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေ ဖြစ်တယ်။ ပိုက်လိုင်းတည်ဆောက်တဲ့ အစောပိုင်းမှာ ဆိုရင်လည်း စစ်တပ်အင်အား တိုးချဲ့မှုနဲ့ ဖြစ်ပေါ်ခဲ့တဲ့ လယ်ယာမြေ သိမ်းပိုက်မှုတွေ၊ လူအခွင့်အရေး ချိုးဖောက်မှုတွေ၊ ဒေသခံတွေအပေါ် မတရား ဖိနှိပ်မှုတွေက လောလောဆယ် ဖြစ်ပေါ်နေတုန်းပါပဲ။”

ဆန္ဒပြသူတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တားဆီးဖို့ တောင်းဆိုတဲ့စာကို တရုတ်သမ္မတ ဟူဂျင်တောင်းကို လိပ်မူပြီး ပေးခဲ့ရာမှာ တရုတ်ကောင်စစ်ဝန်ရုံးက တာဝန်ရှိသူတယောက်က လက်ခံရယူခဲ့ပါတယ်။

စာပါ တောင်းဆိုချက်တွေကိုတော့ ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့က ကိုဝင်းအောင်က အခုလို ဆက်ပြောပါတယ်။

“တရုတ်သမ္မတ အနေနဲ့ မြန်မာနိုင်ငံ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေ၊ ဖြစ်ပေါ်နေတဲ့ အနေအထားတခုမှာ ပြန်ပြီး သုံးသပ်ဖို့ရယ်၊ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေနဲ့ နအဖစစ်အုပ်စု အကြားမှာ တင်းမာမှုတွေ လျော့ကျပြီး တည်ငြိမ်မှုရတဲ့ အနေအထားတခုရယ်၊ နိုင်ငံရေး တည်ငြိမ်တဲ့ အနေအထားတခုပေါ့နော်။

“နောက်တခုက လက်ရှိသွားနေတဲ့ ဒီမိုကရက်တစ် Process ဖြစ်တဲ့ သုံးပွင့်ဆိုင် ဆွေးနွေးရေး လမ်းစဉ်တခုကို ပိုပြီး အားပေး လုပ်ဆောင်ဖို့ရယ်၊ လက်တွေ့ကျကျ လုပ်ဆောင်ဖို့ဆိုတဲ့ အနေအထားတခုကို တိုက်တွန်းပြီးတော့ ဒီစီမံကိန်းကိုလည်း အဲဒီလိုမျိုး ဒီမိုကရေစီ အစိုးရတရပ် ပေါ်လာတဲ့ အနေအထားတခု၊ ပိုပြီးတော့ တိုင်းပြည်တည်ငြိမ်တဲ့ အနေအထားတခုမှာမှ ဆက်ပြီး အကောင်အထည် ဖော်ဖို့အတွက် ကျနော်တို့ တောင်းဆိုတာဖြစ်တယ်။”

ဒီတောင်းဆိုချက်ကို နိုင်ငံပေါင်း ၂၀ က မြန်မာပြည်အရေး ဆောင်ရွက်နေတဲ့ အဖွဲ့ပေါင်း ၁၁၅ ဖွဲ့က ပါဝင်တောင်းဆိုထားတာ ဖြစ်ပါတယ်။

ဒီပိုက်လိုင်းစီမံကိန်းကို အခုနှစ် စက်တင်ဘာလမှာ စတင် အကောင်အထည် ဖော်နေပြီဖြစ်ပြီး ဒီစီမံကိန်းကနေ မြန်မာစစ်အစိုးရဟာ နှစ်ပေါင်း ၃၀ အတွင်း အမေရိကန် ဒေါ်လာငွေ ၂၉ ဘီလီယံ ရရှိမှာ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ မြန်မာနိုင်ငံမှာ လူတဦးချင်း ပျမ်းမျှ လျှပ်စစ်သုံးစွဲမှုဟာ အိမ်နီးချင်း ထိုင်း၊ တရုတ်နိုင်ငံတို့နဲ့ နှိုင်းစာရင် ၅% ထက် လျော့နည်းနေတယ်လို့ ရွှေသဘာဝဓာတ်ငွေ့ အဖွဲ့က ထောက်ပြထားပါတယ်။

တရုတ်အစိုးရပိုင် CNPC ရေနံကုမ္ပဏီဟာ အရှေ့အလယ်ပိုင်းဒေသက ရေနံနဲ့ ရခိုင်ပြည်နယ်က သဘာဝဓာတ်ငွေ့ကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို ပို့ဆောင်ဖို့ ပိုက်လိုင်းဖောက်လုပ်ရာမှာ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတွေကို ဖြတ်သန်းသယ်ယူမှာ ဖြစ်ပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်တွေ အတွင်းက ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်းက ထွက်ရှိတဲ့ သဘောဝဓာတ်ငွေ့တွေကို ထိုင်းနိုင်ငံကို တင်ပို့ဖို့အတွက် ပိုက်လိုင်း ဖောက်လုပ်ရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တာကြောင့် တာဝန်ယူ အကောင်အထည်ဖော်ခဲ့တဲ့ TOTAL နဲ့ UNOCAL ရေနံကုမ္ပဏီတို့ကို တရားစွဲဆိုတာတွေ ရှိခဲ့ဖူးပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ဘန်ကောက်က ဗွီအိုအေ သတင်းထောက် ရွန် ကော်ဘန် (Ron Corben) သတင်းပေးပို့ထားပါတယ်။ သူ့သတင်းလွှာထဲက အချက်အလက်တချို့ကို နော်ရှိုးက ဖြည့်စွက်တင်ပြပေးထားပါတယ်။

အခုလို ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ ဆန္ဒပြခဲ့ကြတဲ့ ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့က ဓာတ်ငွေ့ပိုက်လိုင်း မဆောက်လုပ်ရေး ပန်ကြားလွှာကို တရုတ်အပြင် အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဩစတြေးလျ အပြင် တခြား ဥရောပနိုင်ငံတချို့ရဲ့ သံရုံးတွေဆီကိုပါ ပေးပို့ခဲ့ကြပါတယ်။

မြန်မာပြည်တွင်း ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က မြန်မာစစ်အစိုးရကို စီးပွားရေးအရ ပိတ်ဆို့ ဒဏ်ခတ်ထားကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒေသတွင်း အင်အားကြီး နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယအပြင် ထိုင်း၊ စင်ကာပူနိုင်ငံတို့လို အရှေ့တောင်အာရှ နိုင်ငံတွေကတော့ မြန်မာစစ်အစိုးရနဲ့ ဆက်ဆံပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကိုင်နေကြပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရှိ ချူလာလောင်ကွန်း (Chulalonglkorn) တက္ကသိုလ်က ဘောဂဗေဒ ပါမောက္ခ ဆွမ်ဖော့ဘ် မနာရန်စန် (Somphob Manarangsan) ကတော့ ထိုင်းနဲ့ တရုတ်တို့ရဲ့ မြန်မာပြည်မှာ လုပ်ကိုင်နေတဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေဟာ စစ်အစိုးရကို အထောက်အပံ့တွေ ပေးနေတယ်လို့ အခုလို သုံးသပ်ပါတယ်။

“ပွင့်ပွင့်လင်းလင်း ပြောရရင် မြန်မာစစ်အစိုးရဟာ ထိုင်းနိုင်ငံကို သဘာဝဓာတ်ငွေ့တွေ ရောင်းချရာကနေ ရရှိတဲ့ နိုင်ငံခြားငွေတွေနဲ့ စီးပွားရေးအရ တော်တော့ကို ပိုမိုခိုင်မာလာတာပါ။ အခုဆို တရုတ်နိုင်ငံကလည်း လောင်စာဆီအတွက် မြန်မာနိုင်ငံမှာ သဘာဝဓာတ်ငွေ့၊ ရေနံနဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေမှာ တက်တက်ကြွကြွ ရင်းနှီးမြှုပ်နှံနေကြတယ်လေ။ ဆိုတော့ ဒီ့ထက်မက နိုင်ငံခြားငွေတွေ ဝင်လာဦးမှာပါ။”

ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့ကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ အခုလို လောင်စာဆီ စွမ်းအင်ဆိုင်ရာ စီမံကိန်းတွေ အကောင်အထည်ဖော်တဲ့ နေရာတွေကနေ စတင်တယ်လို့ ဆိုပါတယ်။ ဒေသခံ ငါးဖမ်းသမားတွေဟာ အလွဲသုံးစားပြုခြင်း ခံရသလို ရွာသားတွေရဲ့ ကိုယ်ပိုင် လယ်ယာမြေတွေလည်း အဓမ္မ သိမ်းယူခြင်းကို ခံနေကြရပါတယ်။ ဒီလို စီမံကိန်းတွေ ရှေ့ဆက် အကောင်အထည်ဖော် ဆောင်ရွက်ရင် နိုင်ငံရေးပြဿနာ ရှိနေတဲ့ အစိုးရတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား စစ်ရေးပဋိပက္ခတွေလည်း ပိုမိုဆိုးရွားလာနိုင်တယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG