သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ မတိုင်ခင် အတိုက်အခံနဲ့ ဆွေးနွေးဖို့ အမေရိကန် တိုက်တွန်း


အငြင်းပွားဖွယ် ဖြစ်နေတဲ့ ရှေ့နှစ် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေး အတိုက်အခံ အင်အားစု အားလုံးနဲ့ မြန်မာစစ်အစိုးရတို့အကြား စကားပြောဆို ဆွေးနွေးတာတွေ လုပ်ကြဖို့ အမေရိကန် ထိပ်တန်း တာဝန်ရှိသူတွေက တိုက်တွန်းလိုက်ပါတယ်။ ဆယ်စုနှစ် တခုနီးပါးအတွင်း အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ်တွေ သွားရောက်ခဲ့တဲ့ ခရီးစဉ်အပြီး မြန်မာပြည်တွင်း တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ဖို့ အခုလို တောင်းဆိုလိုက်တာလည်း ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် ဒန်နီယယ် ရှာ့ဖ် (Daniel Schearf) သတင်းပေးပို့ထားတာကို မသင်းသီရိက တင်ပြပေးထားပါတယ်။

အမေရိကန်တို့ အနေနဲ့ မြန်မာနိုင်ငံနဲ့ တိုးတက်တဲ့ ဆက်ဆံရေးကို လိုလိုလားလား ရှိနေပါတယ်ဆိုတဲ့ အချက်က ရှင်းရှင်းလင်းလင်းပါပဲလို့ အမေရိကန် အဆင့်မြင့် သံတမန်တဦးဖြစ်တဲ့ စကော့ မာဆီယယ် (Scott Marciel) က မြန်မာနိုင်ငံက ပြန်လာပြီး နောက်တနေ့မှာ ပြောလိုက်ပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီ နိုင်ငံတော် တခုအဖြစ် ဖြစ်ထွန်းမယ့် တိုးတက်မှု လက္ခဏာတွေ ရှိပါမှလို့လည်း ဆိုလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနက အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) နဲ့အတူ သူ့ရဲ့လက်ထောက် စကော့ မာဆီယယ်တို့ အဖွဲ့ဟာ ၂ ရက်ကြာ မြန်မာပြည်ကို သွားခဲ့ပြီးတော့ စစ်အစိုးရအဖွဲ့က တာဝန်ရှိသူတွေနဲ့ရော၊ အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

မြန်မာပြည်က ပြန်လာပြီး ကြာသပတေးနေ့ ဘန်ကောက်မြို့ အရောက်မှာတော့ မစ္စတာ စကော့ မာဆီယယ်က နောက်နှစ် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် ထိပ်တန်း အတိုက်အခံ အင်အားစုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် မြန်မာစစ်အစိုးရက တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

“အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသား လူမျိုးစုအဖွဲ့ အမြောက်အမြားတို့က ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး မကြေလည်တဲ့ သဘောထားတွေ ပြင်းပြင်းထန်ထန် ရှိနေကြပါတယ်။ ဒါကြောင့် အစိုးရဟာ ရှေ့ကို ဘယ်လိုဆက်သွားမယ် ဆိုတာနဲ့ ပတ်သက်ပြီး ဒီပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးသင့်ပါတယ်။ အသေးစိတ်ကို ဘယ်လိုလုပ်ရမယ် ဆိုတာကတော့ သူတို့ ဆုံးဖြတ်ရမယ့် ကိစ္စပါ။ ကျနော့်အနေနဲ့ကတော့ ဒီလို ဆွေးနွေးမှုမျိုး မရှိဘဲ ဘယ်လိုမှ ရှေ့ကို မတိုးနိုင်ဘူးဆိုတာ သဘောပေါက်ထားပါတယ်။”

မြန်မာစစ်အစိုးရကတော့ ဆယ်စုနှစ် နှစ်စုနီးပါး အကြာမှ ပထမဆုံးအကြိမ် ရွေးကောက်ပွဲကို ရှေ့နှစ်ထဲမှာ ကျင်းပပေးမယ်လို့ စီစဉ်နေပေမဲ့ နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်ထဲမှာ စစ်တပ်ရဲ့အာဏာနဲ့ လုပ်ပိုင်ခွင့်တွေ ပါဝင်နေတယ်လို့ ထောက်ပြကြပါတယ်။ မြန်မာနိုင်ငံမှာ ၁၉၉၀ ခုနှစ်တုန်းက ရွေးကောက်ပွဲ ပြုလုပ်ခဲ့ပေမဲ့ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီရဲ့ ရလဒ်ကို မြန်မာစစ်တပ်က အခုအချိန်အထိ အကောင်အထည် မဖော်ပေးသေးပါဘူး။ ဒါ့အပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ထိပ်တန်းခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားပေါင်း ၂,၀၀၀ ကျော်ကိုလည်း အခုအချိန်မှာ ဖမ်းဆီး အပြစ်ပေးထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ မြန်မာပြည်က ပြန်လာတဲ့ အမေရိကန် ထိပ်တန်း သံတမန်တွေကတော့ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးစဉ်က ဆွေးနွေးမှု အကြောင်းအရာတွေကို အတိအကျ ထုတ်ဖော်ပြောဆိုခြင်း မရှိသလို ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မယ်ဆိုတဲ့ အရိပ်လက္ခဏာမျိုးလည်း ပြောခဲ့တာ မရှိပါဘူး။

“မြန်မာအစိုးရက ဘာပြောတယ်၊ မပြောဘူးဆိုတာ သိပ်အရေးမကြီးပါဘူး။ သူတို့လုပ်ရပ်ကသာ ပိုအရေးကြီးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မလား၊ မလွှတ်ဘူးလား ဆိုတာက အရေးကြီးတာပါ။ ပြောဆိုဆွေးနွေးမှုကတော့ နည်းနည်းရှိနေပါတယ်။ ဒါဟာ သိပ်ပြီး အကျိုးမရှိနိုင်သေးပါဘူး။ လွတ်မယ်၊ မလွတ်ဘူး ဆိုတာကလည်း အရေးကြီးပါတယ်။”

အမေရိကန် အဆင့်မြင့် သံတမန်တဦးဖြစ်တဲ့ စကော့ မာဆီယယ် ပြောပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့သလို မစ္စတာ စကော့ မာဆီယယ်ကတော့ သူမရဲ့ပါတီ NLD အဖွဲ့ဝင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ပုံမှန် တွေ့ဆုံခွင့်တွေ ပေးဖို့လိုတယ်လို့ မြန်မာစစ်အစိုးရကို တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် သမ္မတ အိုဘားမား (Obama) က မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ်တဦး ခန့်အပ်မယ်လို့လည်း မစ္စတာ စကော့ မာဆီယယ်က ပြောပါတယ်။

စင်ကာပူနိုင်ငံမှာ ကျင်းပမယ့် အာရှနဲ့ ပစိဖိတ်ဆိုင်ရာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ညီလာခံကို နောက်တပတ်အတွင်း သမ္မတ အိုဘားမား သွားရောက်ဖို့ရှိပြီး မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG