ကမ္ဘောဒီးယားနိုင်ငံကို ရောက်နေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ကို ပြန်လွှဲပြောင်းပေးဖို့ ထိုင်းနိုင်ငံက မေတ္တာရပ်ခံတာကို ကမ္ဘောဒီးယားက ပယ်ချလိုက်ပါတယ်။
မစ္စတာတပ်ခ်ဆင်ကို ဖမ်းဆီးပြီး ပြန်လွှဲပြောင်းဖို့ မေတ္တာရပ်ခံစာကို ထိုင်းသံတမန်တွေက ကမ္ဘောဒီးယား တာဝန်ရှိသူတွေဆီ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ပေးအပ်ခဲ့ပါတယ်။ ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟွန်ဆန် (Hun Sen) ရဲ့ စီးပွားရေး အကြံပေးအဖြစ် ခန့်အပ်ခံရပြီးတဲ့နောက် မစ္စတာတပ်ခ်ဆင်ဟာ ကမ္ဘောဒီးယားနိုင်ငံကို အင်္ဂါနေ့က ရောက်သွားခဲ့ပါတယ်။
အဲဒီ မေတ္တာရပ်ခံချက်ကို သံတမန်နည်းလမ်း မှတ်ချက်တခုနဲ့ ကမ္ဘောဒီးယားက ပယ်ချခဲ့ပါတယ်။
မစ္စတာတပ်ခ်ဆင်ဟာ အကျင့်ပျက် ခြစားမှု စွဲချက်နဲ့ ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချမှတ် ခံထားရတာကို ရှောင်ဖို့ လွန်ခဲ့တဲ့ တနှစ်ကျော်က ထိုင်းနိုင်ငံကနေ ထွက်ပြေးသွားခဲ့ပါတယ်။
မစ္စတာတပ်ခ်ဆင်အပေါ် ချမှတ်တဲ့ ပြစ်ဒဏ်ဟာ နိုင်ငံရေးပယောဂ မကင်းဘူးလို့ ယူဆတယ်ဆိုပြီး ကမ္ဘောဒီးယား အစိုးရက ပြောထားပါတယ်။
ကမ္ဘောဒီးယားရဲ့ ဆုံးဖြတ်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ အပြန်အလှန် လွှဲပြောင်းခြင်းဆိုင်ရာ သဘောတူစာချုပ်ကို ဖျက်သိမ်းမယ်လို့ ထိုင်းအစိုးရက ခြိမ်းခြောက်ထားပြီး မစ္စတာတက်ဆင်ကို မလွှဲပြောင်းဘူးဆိုရင် တခြား သဘောတူညီချက်တွေကိုလည်း ပြန်သုံးသပ်မယ်လို့ ပြောထားပါတယ်။