သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Animal စကားလုံး အီဒီယံအသုံးအနှုန်းများ


တိရစ္ဆာန်တွေကို အခြေခံတဲ့ အီဒီယံအနှုန်းများဖြစ်တဲ့ sacred cow, dark horse နဲ့ fat cat တို့ကို တင်ပြပေးထားပါတယ်။

ပထမဦးဆုံးအီဒီယံအသုံးကတော့ sacred cow ဖြစ်ပါတယ်။ Sacred (ဘာသာရေး အထွတ်အမြတ်)၊ Cow (နွား)။ စကားစု တခုလုံးရဲ့ အဓိပ္ပါယ်ကတော့ ဘာသာရေး အထွတ်အမြတ်အဖြစ် ထားတဲ့နွား ပဲ ဖြစ်ပါတယ်။ ဟိန္ဒူဘာသာ ထွန်းကားရာ အိန္ဒိယ နိုင်ငံမှာ နွားတွေကို အထွတ်အမြတ်ထားတာကို အများအသိပါ။ မြန်မာ့ဓလေ့မှာလည်း နွားဟာ လယ်ထွန်ရာမှာ အသုံးပြုတဲ့ အသက်သခင် ကျေးဇူးရှင်အဖြစ် ယူဆပြီး အမဲသားကို မစားပဲ ရှောင်ကြတတ်တဲ့ သဘော ရှိပါတယ်။ အီဒီယံ အသုံးအနှုန်းကတော့ ဝေဖန်ခြင်း၊ ကဲ့ရဲ့ ပြစ်တင်ခြင်း၊ ပျက်ရယ်ခြင်း ခံထိုက်တောင်မှ တခြားသူတွေက မထိရဲ၊ မဝေဖန်ရဲတဲ့ ပုဂ္ဂိုလ်၊ ဒါမှမဟုတ် အရာ တခုခုကို ဆိုလိုတာဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံရေး လောကအကြောင်း တင်စားထားတဲ့ George Crows ပေးတဲ့ ဥပမာ တခုကို လေ့လာကြည့်ကြရအောင်ပါ။

“One of our biggest sacred cows is the national social security program, which pays many older Americans a pension. This program costs more money every year but politicians are afraid to touch it because older folks have a lot of vote”.

“ကျနော်တို့ရဲ့ နိုင်ငံမှာ မထိရဲဆုံး အစီအစဉ်တွေအနက်မှာ တခုကတော့ သက်ကြီးရွယ်အို အမေရိကန် လူမျိုးတွေကို ပင်စင်လစာတဲ့ အမျိုးသား ဖူလုံရေး စီမံကိန်းပါပဲ။ ဒီ စီမံကိန်းဟာ နှစ်စဉ်နဲ့အမျှ ငွေကြေးပိုပိုပြီး ကုန်ကျနေလျက် ရှိပါတယ်။ ဒါပေမဲ့ နိုင်ငံရေး သမားတွေ က မထိရဲကြဘူး။ အကြောင်းကတော့ သက်ကြီးရွယ်အိုတွေဆီက မဲအတော်များများ ရနိုင်လို့ ဖြစ်ပါတယ်။”

နောက်ထပ်တင်ပြမယ့် အီဒီယံ အသုံးအနှုန်းကတော့ dark horse ဆိုတာပါ။ Dark (နက်သည်၊ မှောင်သည်၊ အမဲရောင်)၊ Horse (မြင်း)။ စကားစုရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ အမဲရောင်ရှိတဲ့ မြင်း ဖြစ်ပါတယ်။ သာမန် အားဖြင့် ဒီအသုံးအနှုန်းက မြင်းပွဲကနေ ဆင်းသက်လာတာပါ။ လူကြိုက်မများတဲ့ ပြိုင်မြင်းတကောင်ဟာ တခါတရံ မြင်းလောင်းသူတွေရဲ့ ခန့်မှန်းချက်ကို ဆန့်ကျင်ပြီး အနိုင်ရရှိအောင် ပန်းဝင် နိုင်ခဲ့ရင် အဲဒီမြင်းကို Dark Horse တနည်းအားဖြင့် ကော်ကောင်း လို့ တင်စားခေါ်ဝေါ်လေ့ ရှိပါတယ်။ အခုခေတ်မှာတော့ မြင်းပွဲကို ကျော်လွန်ပြီး၊ နိုင်ငံရေးမှာလည်း အသုံးပြုလာကြပါပြီ။ အဓိပ္ပါယ်ကတော့ အများလူထုက မသိကြသေးတဲ့ နိုင်ငံရေး ကိုယ်စားလှယ်တဦးဟာ နာမည်ရပြီးသား ၀ါရင့် နိုင်ငံရေးသမားတွေနဲ့ ၀င်ရောက် ယှဉ်ပြိုင်ရဲသူကို ဆိုလိုပါတယ်။

သာမန်အားဖြင့် ဒီလို နိုင်ငံရေးသမားဟာ ရှုံးလေ့ရှိပေမယ့် အခု George Crows တင်ပြပေးမယ့် ဥပမာကို လေ့လာကြည့်ရအောင်။

“Our Congressman had been in Washignton for 20 years. I thought we keep voting for him forever. This year though, the other party nominated a dark horse out of nowhere. Well, he kept telling voters it was time for a change and he won the election”.

“ကျနော်တို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်ဟာ ၀ါရှင်တန်မှာ ရောက်နေတာ အနှစ် ၂၀ ရှိသွားပြီ။ ကျနော်တို့တွေ သူ့ကို တသက်လုံး မဲပေးသွားလိမ့်မယ်လို့ သူအနေနဲ့ ယူဆထားပုံရတယ်။ ဒီနှစ်မှာတော့ တဘက်က နိုင်ငံရေးပါတီက လူသိပ်မသိတဲ့ ပုဂ္ဂိုလ်တဦးကို အမည် တင်သွင်းခဲ့တယ်။ အဲဒီ ပုဂ္ဂိုလ်က မဲဆန္ဒရှင်တွေကို အပြောင်းအလဲ လိုနေပြီလို့ တိုက်တွန်းခဲ့ကာ အခုတော့ ရွေးကောက်ပွဲကို အနိုင်ရရှိသွားခဲ့တယ်။”

နောက်ဆုံး တင်ပြချင်တဲ့ အီဒီယံ အသုံးကတော့ fat cat ဖြစ်ပါတယ်။ Fat (၀ သော)၊ Cat (ကြောင်) ဆိုတော့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ၀တဲ့ ကြောင် ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်က ဘဏ်ထဲမှာ ငွေအမြောက်အများနဲ့ ကြွယ်ဝနေတဲ့ လူ ကို ရည်ညွှန်းပြောဆိုတာ ဖြစ်ပါတယ်။ နိုင်ငံရေး စကားအသုံးအနေနဲ့လည်း သုံးတတ်ကြပါတယ်။ ရွေးကောက်ပွဲ ၀င်သူကို ရံပုံငွေ အလှူငွေ တနင့်တပိုးကြီး ပေးတတ်သူကိုလည်း ဆိုလိုပါတယ်။

ပြိုင်ဘက်ကိုယ်စားလှယ်က ရံပုံငွေ နည်းနေတာကို ပြောပြထားတဲ့ George Crows ပေးတဲ့ ဥပမာတခုကို လေ့လာကြည့်ရအောင်။

“This year the other party is way ahead of us when it comes to campaign money. They have all the fat cats supporting them. So they can buy twice as much TV time as we can afford”.

“ဒီနှစ်မှာတော့ ရွေးကောက်ပွဲ ရံပုံငွေ အနေနဲ့ ဆိုရင် တခြားပါတီက ကျနော်တို့ထက် သိပ်ကို အသာစီးရနေပြီ။ သူတို့ကို ထောက်ခံကြသူတွေက ထည့်ဝင်တဲ့ ရံပုံငွေတွေက အနင့်သားကို ရနေကြပြီလေ။ ဒီတော့ ကျနော်တို့ထက် ရုပ်မြင်သံကြားမှာ မဲဆွယ်ကြေညာ နှစ်ဆတိုး ၀ယ်နိုင်တယ်။”

ဆက်စပ်သတင်းများ ...

XS
SM
MD
LG