သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာပြစ်မှုဆိုင်ရာ နှစ်ပတ်လည်ညီလာခံမှာ မြန်မာ့အရေးဆွေးနွေး


နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးICC တည်ရှိရာ နယ်သာလန်နိုင်ငံ The Hague မြို့မှာ ICC အတွက် ဆောင်ရွက်နေတဲ့ နိုင်ငံတကာအစိုးရ ကိုယ်စားလှယ်တွေနဲ့ လူထုအသင်းအဖွဲ့ ကိုယ်စားလှယ်တွေ ပါဝင်တဲ့ အဖွဲ့အစည်းပေါင်း ၂,၅၀၀ ကျော် ပါဝင်တဲ့ CICC အဖွဲ့ရဲ့ (၈) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးကို နိုဝင်ဘာ ၁၈ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ကျင်းပနေပါတယ်။ မနေ့က စနေနေ့ စည်းဝေးပွဲမှာတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေနဲ့ ဆန့်ကျင်နေတဲ့ ၂၀၀၈ ခုနှစ် မြန်မာစစ်အစိုးရ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်ဘဲနဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို ကျင်းပဖို့မသင့်ကြောင်းနဲ့ မြန်မာစစ်အစိုးရရဲ့ ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ်ကို ဖွဲ့စည်းစစ်ဆေးဖို့ လိုအပ်တဲ့အကြောင်း အာရှဒေသလူမှုအသင်းအဖွဲ့ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီအဖွဲ့က ပြောခဲ့ပါတယ်။ ဒီအကြောင်း အပြည့်စုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

Coalition for the International Criminal Court လို့ခေါ်တဲ့ နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံး ICC ပေါ်ပေါက်လာအောင် ဆောင်ရွက်တဲ့ နိုင်ငံတွေနဲ့အတူ လက်တွဲဆောင်ရွက်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ (၈) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးမှာ ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံ ရှေ့နေများကောင်စီက ဝင်ရောက်ဆွေးနွေးခွင့် ရခဲ့တာပါ။ နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးရဲ့ ရောမဆိုင်ရာ ဥပဒေကို နိုင်ငံပေါင်း ၆၀ ကျော်က စတင်လက်မှတ်ရေးထိုးပြီး ၂၀၀၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ရာမှာ ဒီနှစ် ၂၀၀၉ ခုနှစ်မှာတော့ နိုင်ငံပေါင်း ၁၁၀ ပါဝင်လာပြီ ဖြစ်ပါတယ်။ CICC အဖွဲ့ အစည်းအဝေးမှာ ICC ရုံးရဲ့ အားနည်းချက်၊ အားသာချက်တွေကို သုံးသပ်ခဲ့တဲ့အပြင် ပြင်ဆင်မှုတချို့လည်း လုပ်ဖို့ရှိတယ်လို့ အစည်းအဝေးကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီက အထွေထွေ အတွင်းရေးမှူး ဦးအောင်ထူးက ပြောပါတယ်။

"နိုင်ငံတကာ ပြစ်မှုဆိုင်ရာတရားရုံးက ဒီနေ့အချိန်အထိ ဥပဒေအရ ဆိုရင်တော့ မှုခင်း သုံးမျိုးကိုပဲ တရားဝင် ကိုင်တွယ်လို့ ရသေးတယ်။ လူသားဖြစ်မှုကို ဆန့်ကျင်မှု၊ လူမျိုးတုံး သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု သုံးမျိုးဖြစ်တယ်။ နောက်တမျိုး ထပ်ထည့်ဖို့ ပြင်ဆင်နေကြတယ်။ အဲဒါက ကျူးကျော်မှု ဖြစ်တယ်။ အဲဒီ ကျူးကျော်မှုက ဘာလဲဆိုတာကို အဓိပ္ပါယ်ဖွင့်ဖို့ ကြိုးစားနေကြတယ်။ အဓိပ္ပါယ် ဖွင့်ဆိုပြီးတော့ လာမယ့် ၂၀၁၀ ခုနှစ်ထဲမှာ ထည့်သွင်းနိုင်လိမ့်မယ်လို့ ယူဆရတယ်။"

စနေနေ့ အစည်းအဝေးမှာတော့ အိမ်နီးချင်း တရုတ်၊ ဂျပန်၊ သြစတြေးလျ၊ အင်ဒိုနီးရှား အစိုးရ ကိုယ်စားလှယ်တွေအပြင် ဘင်္ဂလားဒေ့ရှ် နဲ့ ဖိလစ်ပိုင်နိုင်ငံက လူထုအသင်းအဖွဲ့ ကိုယ်စားလှယ်တွေပါ တက်ရောက်ခဲ့ကြပြီး နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံး ရောမဥပဒေကို အာရှနိုင်ငံတွေမှာ ပျံ့နှံ့အောင် နည်းလမ်းတွေ ရှာဖွေကြဖို့နဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီမှာ မြန်မာနိုင်ငံရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ ဥပဒေဟာ ကုလသမဂ္ဂ ရဲ့ ဆုံးဖြတ်ချက်နဲ့ ဆန့်ကျင်နေတာကို ထောက်ပြခွင့်ရခဲ့ပြီး ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေခံတဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ပြည်တွင်းရေး သက်သက်အဖြစ် မသုံးသပ်ကြဖို့ တင်ပြခဲ့တယ်လို့လည်း ပြောပါတယ်။

"မြန်မာနိုင်ငံမှာ နအဖ က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ သူတို့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးထားတဲ့ ပြဌာန်းချက်ဟာ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် (၁၆၇၄)၊ (၁၃၂၅)၊ (၁၈၂၀) တွေနဲ့ ဆန့်ကျင်နေတယ်။ ပြီးတော့ တောင်အာဖရိကနိုင်ငံမှာလည်း ၁၉၈၃ ဖွဲ့စည်းပုံ ဥပဒေကို လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက် အမှတ် (၅၅၄) နဲ့ ပယ်ချခဲ့ဖူးတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ ဖွဲ့စည်းပုံကိုလည်း တောင်အာဖရိကနိုင်ငံက ဖွဲ့စည်းပုံကို လုံခြုံရေးကောင်စီက ချဉ်းကပ်ခဲ့သလို လုံခြုံရေးကောင်စီက ချဉ်းကပ်ဖို့လိုပါတယ်။ နောက်တချက်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မြန်မာနိုင်ငံရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ချဉ်းကပ်တဲ့အခါမှာ နိုင်ငံတကာ ဥပဒေအခြေခံနဲ့ ချဉ်းကပ်သင့်တယ်။ ဒါကြောင့် အဲဒီလို ချဉ်းကပ်မယ်ဆိုရင် မြန်မာနိုင်ငံထဲမှာရှိတဲ့ အခု လွတ်ငြိမ်းခွင့် ရနေတဲ့ အခြေအနေ ရပ်ဆိုင်းသွားအောင် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းပြီးတော့ လုံခြုံရေးကောင်စီကတဆင့် နိုင်ငံတကာ တရားရုံးကို လွှဲပြောင်းပေးတဲ့ နည်းမျိုးကို စဉ်းစားခြင်းသည်သာလျင် လက်တွေ့အရ ဖြစ်နိုင်တယ်လို့ ကျနော်တို့ တင်ပြခဲ့ပါတယ်။"

ဒီလိုတင်ပြမှုတွေကနေ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေ အထူးသဖြင့် တရုတ်နိုင်ငံရဲ့ သဘောထားတွေကိုပါ သိခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။

"ဒီဆွေးနွေးချက်အပေါ်မှာ အကျိုးရှိတဲ့အချက်ကတော့ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ လွတ်ငြိမ်းခွင့် ရနေတဲ့ကိစ္စတွေကို နိုင်ငံတကာဥပဒေ အခြေခံကနေ တင်ပြချက်အပေါ်မှာ သက်ဆိုင်ရာ အစိုးရကိုယ်စားလှယ်အဖွဲ့တွေက ငြင်းနိုင်တဲ့အနေအထား မရှိဘူးဆိုတာကို ကျနော်တို့ သွားတွေ့ရတယ်။ အထူးသဖြင့် တရုတ်ဘက်က အဓိကပြောနေတဲ့ သက်ဆိုင်ရာ တိုင်းပြည်ရဲ့ အချုပ်အချာ ပိုင်ဆိုင်မှုဟာ ကျနော်တို့ ဒီက တောင်းဆိုလှုပ်ရှားနေတဲ့ လူ့အခွင့်အရေး အခြေခံနဲ့ မဆန့်ကျင်ဘူး။ ဒီနှစ်ခုက ဆက်စပ်နေတယ်ဆိုတာကို ရှင်းပြတာရှိတယ်။ နောက်တခုက ကမ္ဘာပေါ်မှာ လွတ်ငြိမ်းချမ်းသာခွင့် ရနေတဲ့ အခြေအနေတွေ နိဂုံးချုပ်သွားပြီးတော့ ICC နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံး ရောမဥပဒေကို အတည်ပြု လက်မှတ်ရေးထိုးနိုင်ဖို့အတွက် လှုပ်ရှားမှုတွေဟာ တရုတ်နိုင်ငံထဲမှာ ရှိနေပြီ။ အထူးသဖြင့် ပညာရှင်တွေရဲ့ လှုပ်ရှားမှုတွေဟာ အားကောင်းတက်ကြွလာတယ်။ ဒီအပေါ်မှာ သူတို့အစိုးရတွေ ကိုယ်တိုင်ကနေပြီးတော့ မျက်ခြေမပျက် ဆက်လက်လေ့လာနေတယ်။ ဒါကြောင့်လည်း သူတို့ စိတ်ဝင်စားတဲ့အတွက်ကြောင့် ဒီအစည်းအဝေးကို သူတို့ လေ့လာသူ အဖြစ် တက်ရောက်တာ ဖြစ်တယ်ဆိုပြီးတော့ ပြန်လည်ရှင်းပြသွားတာ တွေ့လိုက်ရပါတယ်။"

ဒီလို ပညာရှင်တွေရဲ့ လှုပ်ရှားမှုကို တရုတ်အစိုးရ ကိုယ်တိုင်က လက်ခံလာတာကို တွေ့ရတာမို့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး တရုတ်အစိုးရရဲ့ သဘောထားတွေ တဖြည်းဖြည်း ပြောင်းလဲလာအောင် လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ဦးအောင်ထူးက ပြောပါတယ်။

ရှေ့နှစ် CICC ရဲ့ အစည်းအဝေးကိုတော့ အာဖရိကတိုက်မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG