သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ် ငါးဖမ်းသင်္ဘော ၄ စင်း မြန်မာရေတပ်က ဖမ်းဆီး


ထိုင်ဝမ် မှတ်ပုံတင်တဲ့ ငါးဖမ်းသင်္ဘော ၄ စင်းကို မြန်မာရေတပ်က ပြီးခဲ့တဲ့ အပတ်က ဖမ်းဆီးခဲ့တာနဲ့ ပတ်သက်လို့ ထိုင်ဝမ်နိုင်ငံခြားရေးဌာနက အရေးပေါ်ကော်မတီ ဖွဲ့ပြီး ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးပမ်းနေပါတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ မအေးသန္တာကျော်နဲ့ ကိုသိန်းထိုက်ဦးတို့က တင်ပြပေးထားပါတယ်။

ထိုင်ဝမ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ အရာရှိတဦးဖြစ်တဲ့ Ms. Joanne Ou က သူတို့အနေနဲ့ မြန်မာတာဝန်ရှိသူတွေနဲ့ အဆက်အသွယ် ရထားပြီးဖြစ်သလို ဒီကိစ္စ စတင်ဆွေးနွေးနေပြီလို့ ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“ဒီငါးဖမ်းသင်္ဘောကိစ္စနဲ့ ပတ်သက်လို့ ကျမတို့ အပြင်းအထန် ကိုင်တွယ်ဖြေရှင်းနေပါတယ်။ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ အဆက်အသွယ် ရထားပြီးပါပြီ။ သင်္ဘောမှာပါတဲ့ ကပ္ပတိန်ရော အခြားသင်္ဘောသားတွေပါ လုံလုံခြုံခြုံ ရှိနေကြပါတယ်။ သူတို့အတွက် လုပ်ပေးလို့ရတာတွေ လုပ်ပေးနေပါတယ်။ ကျမတို့ နိုင်ငံခြားရေး ဝန်ကြီးဌာန အနေနဲ့ ငါးလုပ်ငန်းဌာန အပါအဝင် သက်ဆိုင်ရာ ဌာနတွေနဲ့ ပေါင်းပြီး အရေးပေါ် ကိုင်တွယ်ဖြေရှင်းရေး အဖွဲ့ ဖွဲ့ထားပါတယ်။ သင်္ဘောမှာပါတဲ့ ကပ္ပတိန်တွေနဲ့ သင်္ဘောသားတွေ အားလုံး ဘေးကင်းလုံခြုံပြီး ကောင်းကောင်းမွန်မွန်ရှိဖို့ မြန်မာအာဏာပိုင်တွေနဲ့ ရနိုင်သမျှ လမ်းကြောင်းအားလုံးက ထိတွေ့ ပြောဆိုထားပါတယ်။”

တကယ်တော့ ထိုင်ဝမ်နဲ့ မြန်မာ တိုက်ရိုက် သံတမန် အဆက်အသွယ် မရှိတာကြောင့် ရန်ကုန်မှာ ထိုင်ဝမ် ကိုယ်စားလှယ်ရုံး မရှိပါဘူး။ ဒါကြောင့် ထိုင်ဝမ် နိုင်ငံခြားရေးဌာန အနေနဲ့ ဘန်ကောက်မှာရှိတဲ့ ထိုင်ဝမ်သံရုံး၊ အဲဒီကတဆင့် ဘန်ကောက်က မြန်မာသံရုံးကနေ မြန်မာနိုင်ငံခြားရေးဌာနနဲ့ ဆက်သွယ် စကားပြောနေတာလို့ သိရပါတယ်။ လက်ရှိ မြန်မာတာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေရာမှာ ရလဒ်ကတော့ ဘာမှ မထွက်သေးဘူးလို့ ပြောပါတယ်။

“အခုအထိတော့ ရလဒ်တွေ မရှိသေးပါဘူး။ အခု ဖမ်းခံထားရတဲ့အထဲမှာ သင်္ဘောအစင်းရေ ၁၇ စင်း ပါတယ်လို့ သိရပါတယ်။ လူပေါင်း ၁၂၄ ယောက်ရှိတယ်လို့ ကြားပါတယ်။ ဒါကြောင့် အခုကိစ္စက ထိုင်ဝမ်တခုတည်း မဟုတ်ဘဲ နိုင်ငံတကာကိစ္စတောင် ဖြစ်နေပါတယ်။ အခုလို နိုင်ငံခြားက သင်္ဘောစင်းရေ အတော်များများကို ဖမ်းဆီးလိုက်တာ ဒါ ပုံမှန်ကိစ္စတော့ မဟုတ်ပါဘူး။ ဒီသင်္ဘောတွေဟာ စီးပွားရေးဇုန်ထဲကို ကျူးကျော်ဝင်သွားတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါကြောင့်လည်း ဒီသင်္ဘောတွေ ဘာကြောင့် အခုလို ဝင်သွားသလဲ၊ ဘယ်လောက် အန္တရာယ်ပြုလို့လဲ စသဖြင့် ရှင်းရှင်းလင်းလင်း သိအောင် ကျမတို့ လုပ်ရပါမယ်။ အခု အဖမ်းခံရသူတွေအားလုံး လုံလုံခြုံခြုံနဲ့ ဘေးကင်းအောင် လုပ်ပေးရပါလိမ့်မယ်။”

အခု ဖမ်းခံရတဲ့အထဲ ထိုင်ဝမ်သင်္ဘောတွေအပြင် တောင်ကိုရီးယားသင်္ဘော၊ တရုတ် မကာအို သင်္ဘောတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်လို့ မြန်မာအာဏာပိုင်တွေကိုတော့ ဆက်သွယ်လို့ မရသေးပါဘူး။

ဒါနဲ့ပတ်သက်လို့ပဲ အသေးစိတ် အခြေအနေကို ကိုသိန်းထိုက်ဦးက ထိုင်ဝမ် ငါးလုပ်ငန်းဆိုင်ရာ အုပ်ချုပ်ရေးဌာနကို ဆက်သွယ်မေးမြန်းထားပါတယ်။

ထိုင်ဝမ်ငါးဖမ်းသဘောၤ ၄ စင်းကို မြန်မာအစိုးရက ပြီးခဲ့တဲ့ အပတ်ထဲက ဖမ်းဆီးထားခဲ့ပါတယ်။ အခုအချိန်အထိ အဖမ်းခံရတဲ့ သဘောၤသားတွေနဲ့ အဆက်အသွယ် မရသေးပါဘူး။ သူတို့ဟာ မြန်မာရေပိုင်နက်ကို ဖြတ်ဝင်မိတဲ့အတွက် ပြီးခဲ့တဲ့ ကြာသပတေးနေ့လောက် ကတည်းက အဖမ်းခဲ့ရတာ ဖြစ်နိုင်တယ်လို့ ထိုင်ဝမ် ငါးလုပ်ငန်းဆိုင်ရာ အုပ်ချုပ်ရေးဌာနက ဒုတိယ ညွှန်ကြားရေးမှူးချုပ် Tsay Tzu-Yaw က ဗွီအိုအေကို ပြောသွားပါတယ်။

အဖမ်းခံရတဲ့ ထိုင်ဝမ် ငါးဖမ်းသင်္ဘော ၄ စင်းဟာ ထိုင်ဝမ်တောင်ပိုင်း ပင်တန်ခရိုင်မှာ မှတ်ပုံတင်ထားတဲ့ သင်္ဘောတွေ ဖြစ်ပါတယ်။ သင်္ဘောပေါ်မှာ ထိုင်ဝမ် ငါးဖမ်းသမားတချို့၊ သင်္ဘောကပ္ပတိန်တွေနဲ့ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှား နိုင်ငံသား သင်္ဘောသား စုစုပေါင်း ၄၀ လောက်ပါတယ်လို့ ပြောပါတယ်။ ထိုင်းနိုင်ငံ ဖူးခက်ကနေ နိုဝင်ဘာလ ၁၈ ရက်နေ့က ထွက်သွားကြတယ်လို့ ပြောပါတယ်။

နောက်နေ့လောက်က စပြီး အဆက်အသွယ် ပြတ်တောက်သွားခဲ့သလို မြန်မာရေတပ်က ဖမ်းဆီးထားတာကို ခံခဲ့ရတာ ဖြစ်နိုင်တယ်လို့ ထိုင်ဝမ် ငါးလုပ်ငန်းဌာန အရာရှိတွေက ပြောပါတယ်။

နိုင်ငံတကာ ရေကြောင်းဥပဒေအရ ဘယ်နိုင်ငံမဆို ကမ်းရိုးတန်းကနေ ရေကြောင်းမိုင် ၂၀၀ တောက်လျှောက်ကို အိမ်ရှင်နိုင်ငံက သီးသန့် စီးပွားရေးဇုန်အဖြစ် သတ်မှတ်ပြီး အဲဒီ သတ်မှတ်ရေပိုက်နက်ထဲမှာ ဝင်ရောက်ခွင့် ကန့်သတ်ပိုင်ခွင့် ရှိပါတယ်။

XS
SM
MD
LG