သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခမာနီ ခေါင်းဆောင်ဟောင်း ဒွိုက် အပေါ် နောက်ဆုံး တရားခွင် ကြားနာမှု ပြုလုပ်နေ


ကမ္ဘောဒီးယားနိုင်ငံမှာ ခမာနီတို့ လက်ထက်က အမျိုးသမီး၊ အမျိုးသားနဲ့ ကလေးငယ် ၁၅,၀၀၀ ကျော်ကို ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်မှုမှာ ကြီးကြပ်သူလို့ စွပ်စွဲခံနေရတဲ့ ခမာနီ အကျဉ်းထောင် အကြီးအကဲဟောင်း Kaing Guek Eav ခေါ် ဒွိုက်ရဲ့ အမှု နောက်ဆုံး စစ်ဆေးကြားနာမှုတွေကို ဒီကနေ့မှာ စတင်နေပါပြီ။

ကုလသမဂ္ဂ တည်ထောင်ထားတဲ့ ဖနွမ်းပင် (Phnom Penh) က အထူးခုံရုံးမှာ သောကြာနေ့ကျရင် အပြီးသတ် ကြားနာမှုတွေကို လုပ်မှာဖြစ်ပြီး ရှေ့နှစ်မှာ စီရင်ချက် ချနိုင်မယ်လို့ ခုံရုံး တရားသူကြီးတွေက ခန့်မှန်းကြပါတယ်။

ကမ္ဘောဒီးယားမှာ သေဒဏ်မရှိတဲ့အတွက် ဒွိုက်အနေနဲ့ အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ်တသက် ကျခံရနိုင်ပါတယ်။

လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော်က S-21 လို့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ Tuol Sleng အကျဉ်းစခန်းထဲက ရက်စက်တဲ့ လုပ်ရပ်တွေ ကျူးလွန်တယ်လို့ စွပ်စွဲခံရသူတွေထဲမှာ ဒွိုက်ဟာ ဒီအဖြစ်တွေ ဖြစ်ခဲ့တယ် ဆိုတာကို တဦးတည်းသော အသိအမှတ်ပြုသူ ဖြစ်ပါတယ်။

အဲဒီစခန်းမှာ ညှဉ်းပန်းနှိပ်စက်ထားသူတွေကို တခြားကို ခေါ်သွားပြီး သတ်ဖြတ်မှုတွေလည်း ရှိပါတယ်။ ဒီကိစ္စတွေအတွက် အကြိမ်ကြိမ် တောင်းပန်ခဲ့တဲ့ အသက် ၆၇ နှစ်အရွယ် ဒွိုက်ဟာ ဒီသီတင်းပတ်နှောင်းပိုင်း အမှုစစ်တဲ့အခါ ထပ်ပြီး တောင်းပန်မယ်လို့ မျှော်လင့်ရပါတယ်။ သူ့အပေါ် တင်ထားတဲ့ စွဲချက်တွေကိုလည်း ငြင်းဆန် ကန့်ကွက်ခြင်း မရှိပါဘူး။

၁၉၇၀ ပြည့်လွန်နှစ်ပိုင်း ခမာနီခေါင်းဆောင် ပိုလ်ပေါ့ (Pol Pot) လက်ထက်က အစာရေစာ ငတ်ပြတ်မှု၊ မတန်တဆ အလုပ်ခိုင်းစေမှုနဲ့ သတ်ဖြတ်မှုတွေကြောင့် သေဆုံးသူပေါင်း ၁,၅၀၀,၀၀၀ ကျော် ရှိတယ်လို့ ခန့်မှန်းရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG