သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းပြည်နယ် စားနပ်ရိက္ခာရှားပါးမှုပြဿနာ


မကြာသေးခင်က ကုလသမဂ္ဂ Relief Web သတင်းပေးပို့ချက်တခုမှာ မြန်မာနိုင်ငံ ချင်းတောင်တန်းဒေသက လူမှုဒုက္ခပြဿနာများအကြောင်းကို ဖော်ပြထားပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ အဆင်းရဲဆုံး ပြည်နယ်တခုဖြစ်တဲ့ ချင်းပြည်နယ်မှာ ၂၀၀၇ ခုနှစ်ကစလို့ တောင်ယာတွေကို ကြွက်တွေဖျက်ဆီးမှု၊ သီးနှံထွက်နှုန်းလျော့ကျမှု စတာတွေကြောင့် စားနပ်ရိက္ခာ ရှားပါးမှုပြဿနာကို အကြီးအကျယ် ရင်ဆိုင်နေပါတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းအရာများနဲ့ ပတ်သက်ပြီး ပြည်ပရောက် ချင်းအမျိုးသားကောင်စီ ဥက္ကဌ ဒေါက်တာ ဆလိုင်းလျံမုန်းဆာခေါင် (Dr. Lian H. Sakhong) ကို ဗွီအိုအေမြန်မာသတင်း ဌာနမှုး ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဒေါက်တာ ဆလိုင်းလျံမုန်း ။ ။ ကျနော်တို့ ချင်းပြည်နယ်မှာ သက္ကရာဇ် ၂၀၀၆-၀၇ ခုနှစ်ပိုင်းကစပြီးတော့ အနှစ် (၅၀) မှာ တခါ အမြဲတမ်း ဖြစ်ပျက်နေတဲ့ ဝါးသုဉ်းမိုး ပေါ့။ ဝါးတွေ အပွင့်ပွင့်တယ်၊ အဲဒီနောက်ပိုင်းမှာ ကြွက်တွေပေါတယ်။ အဲဒီ ကြွက်တွေက တောင်ယာတွေအားလုံးကို ဖျက်ဆီးပြီးတော့ နောက်ဆက်တွဲနဲ့ စားနပ်ရိက္ခာ ငတ်မွတ်မှုတွေ ဖြစ်ပျက်နေတာကို အကြီးအကျယ်ခံစားရတယ်။ ဒီ ဝတ်သုဉ်းမိုး ဟာ ချင်းပြည်နယ် နဲ့ အိန္ဒိယနိုင်ငံ မီဇူးရမ် (Mizoram) ပြည်နယ် နှစ်ဘက်စလုံးမှာ ဖြစ်နေတာပါ။ ဒါပေမဲ့ မီဇူးရမ်ပြည်နယ်ကတော့ သက္ကရာဇ် ၂၀၀၆ လောက်ကတည်းက သူတို့ ပြင်ဆင်မှုတွေလုပ်တယ်။ မီဇူးရမ်ပြည်နယ်အစိုးရကနေ အိန္ဒိယပြည်ထောင်စု အစိုးရသာမက နိုင်ငံတကာအစိုးရတွေဆီက အထောက်အပံ့တွေယူပြီးတော့ ပြင်ဆင်မှုတွေ အများကြီးလုပ်တယ်။ အဲဒီအတွက် ဒီပြဿနာကို သူတို့ မရင်ဆိုင်ခဲ့ရပါတယ်။ ကျနော်တို့ဘက်က ရှင်းရှင်းပြောရရင် ဝါးတောက ကျနော်တို့ ချင်းပြည်နယ်ပိုပြီးနည်းပါတယ်။ ဒါပေမဲ့ ကျနော်တို့ချင်းပြည်မှာ ပိုပြီးခံစားနေရတယ်။ ဒါက အစိုးရရဲ့ ဥပေက္ခာပြုနေတဲ့ လက္ခဏာတရပ်လို့ ပြောချင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ မြန်မာသတင်းစာ၊ မြန်မာသတင်းဖော်ပြချက်တွေမှာ ချင်းပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေနဲ့ ပတ်သက်လို့ တစုံတရာအရေးတယူ ဖော်ပြခြင်းတွေ၊ ဒါအပြင် စစ်အစိုးရတက်လာခဲ့ကတည်းက ဖွဲ့စည်းထားခဲ့တဲ့ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနနဲ့ ဆောင်ရွက်ချက်တွေ မရှိဘူးလား?

ဒေါက်တာ ဆလိုင်းလျံမုန်း ။ ။ သူတို့အနေနဲ့ ပြင်ဆင်မှုတွေမရှိတဲ့အပြင် သတင်းအမှောင်ချခဲ့တာကို တွေ့ရပါတယ်။ ဥပမာ သက္ကရာဇ် ၂၀၀၆ နိုဝင်ဘာလမှာ ကျနော် UN (United Nations) ကို ရောက်ခဲ့ပါတယ်။ Office for the Coordination of Humanitarian Affairs နဲ့ တွေ့ပြီးတော့ ဒီပြဿနာကြုံလာလိမ့်မယ် အဲဒါကို ကူညီပေးဖို့ လိုတယ်လို့ ပြောဆိုခဲ့ပါတယ်။ ပြီးတော့ ကျနော်တို့ သတင်းတွေဖြန့်တယ်။ အဲဒါကို World Food Organization တို့က အစက မဖြစ်ပါဘူးလို့ ငြင်းခဲ့သေးတယ်။ နောက်ပိုင်းမှ တဖြည်းဖြည်းနဲ့ သူတို့လက်ခံတဲ့သဘောတွေ ရှိလာတယ်။ အခုနောက်ပိုင်းမှာတော့ ချင်းအမျိုးသား organization နဲ့ နိုင်ငံတကာ မီဒီယာတွေ အထူးသဖြင့် မီဇူးရမ်ဘက်ကနေ အကြီးအကျယ်လုပ်ဆောင်မှုပေါ်မှာ သူတို့တုံ့ပြန်မှုတွေ ရှိလာတယ်။ World Food Organization တို့က ပြဿနာရှိတယ်ဆိုတာကို လက်ခံတဲ့သဘောတွေ၊ အကူအညီတွေ စပေးချင်တဲ့သဘောတွေ ရှိနေတာ တွေ့ရတယ်။ အဲဒီအတွက် ကျနော်တို့အနေနဲ့ ကောင်းတယ်လို့ မြင်ပါတယ်။

ဒါပေမဲ့ ဒီပြဿနာ သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်နေတဲ့ ပြဿနာရဲ့ နောက်ဆက်တွဲမှာ ရှိနေတဲ့ အစိုးရရဲ့ လျစ်လျူရှုမှုတွေမှာ ဥပမာအားဖြင့် ကျနော်တို့ချင်းပြည်နယ်မှာဆိုရင် တောင်တန်းတွေဘဲရှိတယ်။ အဲဒီတောင်တန်းတွေမှာ ကျနော်တို့ ကျင့်သုံးခဲ့တဲ့ စိုက်ပျိုးရေးစနစ်က ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးရေးစနစ်။ ဒီခေတ်မှာ ကျနော်တို့ ချင်းပြည်သူတွေ လုံလောက်အောင် မကျွေးနိုင်တော့ဘူး။ ဒီစနစ်ကို ပြောင်းလဲဖို့ဆိုရင် အစိုးရရဲ့ ကျကျနန စီမံဆောင်ရွက်မှု၊ ကူညီပံ့ပိုးမှု အများကြီးလိုအပ်နေပါတယ်။ အဲဒါမျိုး မလုပ်ပေးတဲ့အပြင် ကျနော်တို့ကို ဥပေက္ခာပြုတယ်။ ဒုတိယအချက်က ကျနော်တို့ ချင်းပြည်နယ်က တောင်တန်းတွေ ဖြစ်နေတဲ့အတွက် လမ်းပန်းဆက်သွယ်ရေး အင်မတန်မှ ခက်ခဲတယ်။ လမ်းပန်းဆက်သွယ်ရေးကိုလည်း သူတို့လုံးဝ မလုပ်ပေးဘူး။ အဲဒီအတွက်ကြောင့် သတင်းအမှောင်ချမှုဆိုတဲ့အပေါ်မှာလည်းဘဲ ဥပမာအားဖြင့် တချို့တွေက ရန်ကုန်ကနေ တက်လာတယ် ဟားခါးလောက်ထိဘဲ သွားနိုင်တယ်။ တကယ် ဝါးသုဉ်းမိုး ဖြစ်ပြီး ငတ်မွန်ခေါင်ပါးမှုဖြစ်နေတဲ့ အိန္ဒိယနယ်စပ်ထိ သူတို့ မသွားနိုင်တဲ့အခါကြတော့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ချက်ချင်း ကျနော်တို့အနေနဲ့ ပြဿနာ နောက်ဆက်တွဲအနေနဲ့ ဖြေရှင်းဖို့ လိုတာက ကျနော်တို့ ချင်းပြည်နယ်မှာ ကျင့်သုံးနေတဲ့ စိုက်ပျိုးရေးစနစ်ကို အစိုးရအကူအညီနဲ့ နိုင်ငံတကာ အကူအညီပေါင်းပြီး ပြောင်းလဲဖို့ လိုတယ်။ ပြီးတော့ လမ်းပန်းဆက်သွယ်ရေး အမြန်ဆုံးကောင်းဖို့အတွက် အစိုးရမှာ လုံးဝတာဝန်ရှိတယ်။ ပြည်သူလူထုကို ဥပေက္ခာ လုံးဝမပြုသင့်ဘူးလို့ ပြောချင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ စိုက်ပျိုးရေးစနစ်နဲ့ ပတ်သက်လို့ ရွှေ့ပြောင်းတောင်ယာစနစ်ဆိုတာက ကျနော် နားလည်းတာက တောင်ယာတွေခုတ် မီးရှို့ပြီးတော့ တနေရာမှတနေရာ ရွှေ့ပြောင်းတဲ့စနစ်။ အဲဒီစနစ်ကနေ ဆလိုင်းလျံမုန်းပြောတဲ့ အမြဲတမ်းစိုက်ပျိုးရေးစနစ်ဆိုတာ ရေသွင်းစိုက်ပျိုးရေးစနစ်လား?

ဒေါက်တာ ဆလိုင်းလျံမုန်း ။ ။ ရေသွင်းစိုက်ပျိုးရေးစနစ်လည်း ပါပါတယ်။ ဥပမာအားဖြင့် အခု မီဇူးရမ်ပြည်နယ်တို့မှာဆိုရင် တောင်ယာတွေကို ရွှေ့မစိုက်တော့ဘဲ။ တနေရာထဲမှာ တောင်ခါးပန်းတွေလုပ်ပြီး လှေကားထစ်စိုက်ပျိုးရေးစနစ်၊ ဥယျာဉ်ခြံစိုက်ပျိုးရေးစနစ်တို့ အများကြီးလုပ်လို့ ရပါတယ်။ သစ်တောတွေ စိုက်ပျိုးရေးစနစ်တွေ လုပ်လို့ရပါတယ်။ ဒါက အစိုးရဆီက အကူအညီယူဖို့ လိုပါတယ်။ ဒီလို သဘာဝဘေးအန္တရာယ်နဲ့ သဘာဝကြောင့် ဖြစ်ပေါ်နေတဲ့ ပြဿနာတွေအပြင် လက်ရှိကျနော်တို့ ကြုံနေရတဲ့ ပြဿနာက ကျနော်တို့ ချင်းပြည်နယ်မှာ ၁၉၈၈ နောက်ပိုင်းမှာ စစ်တပ်ရဲ့ လွှမ်းမိုးမှု၊ စစ်တပ်ရဲ့ ကြီးစိုးမှုကြောင့် ပြည်သူပြည်သားတွေ၊ ပြည်သူလူထုတွေက တောင်ယာတွေကို စနစ်တကျ မခုတ်နိုင်တော့ဘူး။ မခုတ်နိုင်တဲ့အတွက် အစာရေစာတွေက ပိုပြီးတော့ ရှားပါးလာတယ်။ ဥပမာအားဖြင့် တောင်ယာစိုက်ပျိုးရေးစနစ်ဆိုတာ နိုဝင်ဘာလမှာ တောရှင်းနိုင်မှ မတ်၊ ဧပြီလမှာ တောမီးရှို့နိုင်မယ်။ မတ်၊ ဧပြီလမှာ တောမီးမရှို့နိုင်ဘူးဆိုရင် မေ၊ ဂျွန်မှာ သီးနှံစိုက်လို့ မရနိုင်ဘူး။ ဆိုတော့ ရာသီတခုကို လွတ်သွားတာနဲ့ တနှစ်လုံး အစာအစား ငတ်မွတ်သွားတာဘဲ။ အဲဒီ ပြဿနာကို ကျနော်တို့ ဘာကြောင့် ကြုံရသလဲဆိုတော့ အခုအချိန်မှာ စစ်တပ်တွေ တအားများတယ်၊ စစ်တပ်ပေါ်တာဆွဲတာတို့၊ ပြည်သူလူထုကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေတာ။

ဦးသန်းလွင်ထွန်း ။ ။ ထူးထူးခြားခြား စစ်တပ်ဘာကြောင့် များလာရတာလဲ?

ဒေါက်တာ ဆလိုင်းလျံမုန်း ။ ။ ဥပမာအားဖြင့် ၁၉၈၈ တုန်းက ချင်းပြည်နယ်တပြည်နယ်လုံးမှာ တပ်ရင်းတရင်းပဲရှိတယ်။ အဲဒီတပ်ရင်းတောင် ကလေးမြို့မှာ အခြေစိုက်ပါတယ်။ ချင်းပြည်နယ်ပြင်ပမှာ။ အခုအချိန်မှာ ချင်းပြည်နယ်မှာ ချင်းပြည်နယ်အတွင်းမှာ တပ်ရင်း (၁၂) ရင်း ရှိပါတယ်။ ပြီးတော့ ကလေးမြို့ နဲ့ ဂန့်ဂေါ်တို့ ပေါင်းရင်း တပ်ရင်း (၁၄) ရင်း ရှိပါတယ်။ အဲဒီတပ်ရင်း (၁၄) ရင်းက ပြည်သူလူထုကို အမှန်စစ်စစ် သူတို့ ချင်းပြည်နယ်မှာ တခြားပြည်နယ်လို အကြီးအကျယ်တိုက်ပွဲဖြစ်နေတဲ့ဒေသလည်း မဟုတ်ဘူး။ ဒါပေမဲ့ သူတို့နယ်လှဲ့တယ်ဆိုပြီးတော့ အမျိုးမျိုး ပေါ်တာတွေဆွဲတယ်၊ ဒုက္ခပေးတယ်၊ ပြည်သူလူထု စားရမယ့် အစားးအစာတွေကို ဒီတပ်ရင်းတွေက ဝင်လုပြီးတော့ စားနေတဲ့ သဘောတွေမှာ ရှိနေပါတယ်။ အဲဒီလို ဝင်လုပြီးစားနေတဲ့အပြင် တောင်ယာလုပ်ရမယ့်အချိန်မှာ ပြည်သူတွေ တောင်ယာကို အေးအေးဆေးဆေး မလုပ်နိုင်တော့ဘဲ စစ်တပ်ရဲ့ နှောက်ယှက်မှုကြောင့် ပုံမှန်အလုပ်မလုပ်နိုင်ဘူး။ အဲဒီအတွက်ကြောင့် နောက်ဆုံး လူငယ်လူရွယ်တွေက ဒီဒဏ်ကို မခံနိုင်တော့ ထွက်ပြေးလာကြတာကြောင့် ချင်းပြည်နယ်ထဲမှာ မနေချင်ကြတော့ဘူး။ အခုလက်ရှိ အိန္ဒိယပြည် မဇူးရမ်ပြည်နယ်ထဲမှာ (၇) သောင်းလောက် ချင်းပြည်ကထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ ရှိတယ်။ မလေးရှားမှာရှိတယ်၊ တခြားဒေသမျိုးစုံမှာ ဒုက္ခသည်အဖြစ် ခိုလှုံနေကြတယ်။ အထူးသဖြင့် ဒီလူငယ်လူရွယ်တွေဟာ တောင်ယာမှာ အလုပ်လုပ်ရမယ့်လူတွေ၊ စိုက်ပျိုးရေးလုပ်ရမယ့်လူတွေ။ ဒီလူငယ်တွေ ထွက်ပြေးကုန်ကြတော့ အခုနပြောတဲ့ သဘာဝကြောင့် ဖြစ်ပျက်နေတဲ့ ဒုက္ခတွေနဲ့ ဆက်နွှယ်နေပြီး အကြီးအကျယ် ချင်းပြည်နယ်မှာ ဒုက္ခခံနေရတယ်။

ဦးသန်းလွင်ထွန်း ။ ။ ပညာရေးနဲ့ ပတ်သက်လိုလည်း ချင်းပြည်နယ်ထဲမှာဆိုရင် တက္ကသိုလ် … ကောလိပ်အဆင့်တောင် မရှိဘူးလား?

ဒေါက်တာ ဆလိုင်းလျံမုန်း ။ ။ ကောလိပ်မရှိဘူး၊ တက္ကသိုလ်မရှိဘူး။ ကောလိပ်အဆင့်တောင်မရှိဘူး။ သူတို့က ချင်းပြည်နယ်အတွက် ကောလိပ်ထားတယ်ဆိုပြီးတော့ စကိုင်းတိုင်း ကလေးမြို့မှာ သွားထားတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လမ်းပန်းဆက်သွယ်ရေး မကောင်းဘူး၊ အဆောက်အဦးတွေ ဆောက်လုပ်ဖို့အတွက် မြေပြန့်ဒေသ မတွေ့နိုင်ဘူးတဲ့။ ဒါက လုံးဝသဘာဝမကျတဲ့ အပြောအဆိုမျိုး ဖြစ်ပါတယ်။ ဥပမာ ဟားခါးမြို့ နဲ့ အိုင်ဇောမြို့ကို နှိုင်းယှဉ်ကြည့်ပါ။ အိုင်ဇောက တကယ့် တောင်ကတုံးပေါ်မှာရှိနေတာ။ ဟားခါးက လွင်ပြင်မှာရှိပြီးတော့ တကယ်မြေပြန့်တွေ အများကြီးရှိတယ်။ တကယ်တော့ အိုင်ဇောမြို့တမြို့တည်းမှာ အနယ်ဆုံး တက္ကသိုလ် ငါးခုကနေ ခုနှစ်ခုလောက် ရှိတယ်။ တက္ကသိုလ်တခုရယ် ကောလိပ် ငါးခု၊ ခြောက်ခု လောက်ရှိတယ်။ private ကောလိပ်တွေ။ ဟားခါးတခုတည်းမှာ အခုထိ ခရစ်ယာန်ဘက်က ဖွင့်ခဲ့တဲ့ ကိုယ်ပိုင် ကောလိပ်အသေးလေးတခုကလွဲလို့ အစိုးရဘက်ကဖွင့်တဲ့ ကောလိပ် တခုမှမရှိဘူး။

ဦးသန်းလွင်ထွန်း ။ ။ ကျန်းမာရေး စောင့်ရှောက်မှုမှာလည်း အစီရင်ခံစာတခုမှာ ဖော်ပြထားတာက ဆေးရုံပေါင်း စုစုပေါင်း (၁၂) ရုံရှိပြီးတော့ ဆရာဝန်ဦးရေကလည်း (၆၀) တောင် မပြည့်ဘူးလို့ပြောတယ်။ ဒါကရော?

ဒေါက်တာ ဆလိုင်းလျံမုန်း ။ ။ အဲဒါတောင် ဆရာဝန်တွေကလည်း မြေပြန့်က လာတဲ့လူတွေ၊ ဆေးရုံမှာအမှုထမ်းပြီးတော့ ဆေးရုံမှာနေတာ တနှစ်မှာသုံးလတောင် မပြည့်ဘူးလို့ ပြောကြတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ချင်းပြည်က ခေါင်းပါးတယ်၊ အခက်အခဲရှိတယ်၊ သူတို့မနေချင်ကြဘူး။ ဒီလို အခက်အခဲရှိတယ်၊ ဒုက္ခများတယ်ဆိုပြီးတော့ အစိုးရကလည်း ဥပေက္ခာပြု၊ ဝန်ထမ်းတွေကလည်း မနေချင်နဲ့ ချင်းပြည်သူတရပ်လုံးကို လူသားပြတိုက်ထဲမှာ ထားခဲ့တဲ့ သဘောပေါ့။ အဲဒီလိုနဲ့ ကျနော်တို့ကို လျစ်လျုရှုခံနေရတယ်။ တော်တော်လေး ရင်နာစရာကောင်းတယ်။

ဦးသန်းလွင်ထွန်း ။ ။ မူလက ချင်းပြည်နယ်မှာ ချင်းအမျိုးသားတွေ စုစုပေါင်း တသန်းနီးပါးလောက် ရှိနေရာကနေ အခု နိုင်ငံခြားကို ထွက်တဲ့သူရှိနေတယ်၊ အိမ်နီးချင်းဒုက္ခသည်စခန်းတွေမှာ ရောက်နေတယ်၊ မြေပြန့်ကိုဆင်းသွားတဲ့လူတွေရှိတော့ ချင်းပြည်နယ်မှာ ဒီလိုလူထုအနေနဲ့ နေထိုင်အခြေချဖို့ အနာဂတ်က ဘယ်လိုဖြစ်နိုင်မလဲ?

ဒေါက်တာ ဆလိုင်းလျံမုန်း ။ ။ အနာဂတ်က ကျနော်တို့အတွက်ကတော့ အခုလို စစ်အစိုးရက ညှဉ်းပန်းနှိပ်စက်မယ်၊ မကောင်းတဲ့အစိုးရတွေ ကျနော်တို့ ပြည်သူတွေကို ကြီးစိုးနေမယ်ဆိုရင် ကျနော်တို့အနာဂတ်တွေက အတော်လေး ရင်လေးဖို့ကောင်းတယ်။ ဒါပေမဲ့ ကျနော်တို့ တိုင်းပြည်မှာ ဒီမိုကရေစီအသွင်ကူးပြောင်းမှု အမြန်ဆုံးဖြစ်ပေါ်လာမယ်၊ ကျနော်တို့ ချင်းပြည်ကို ကျနော်တို့ကိုယ်၌က တိုးတက်အောင်ပြန်လုပ်မယ်ဆိုရင်၊ ကျနော်တို့ ချင်းလူမျိုးတွေ အတော်လေး အလုပ်လုပ်တဲ့လူတွေ၊ အပင်ပန်းခံနိုင်တယ်၊ ရဲစွမ်းသတ္တိရှိတဲ့လူတွေဆိုတော့ ကျနော်တို့အနေနဲ့ ပြန်လည်ထူထောင်ဖို့အတွက် ဝန်မလေးပါဘူး။

ဥပမာအားဖြင့် ကျနော်တို့ နိုင်ငံခြားကိုရောက်နေတဲ့ ချင်းပြည်သူလူထုအားလုံးက ကျနော်တို့ ပြည်သူကို ပြန်ကျွေးမွေးနေတယ်၊ ပြုစုနေတယ်ဆိုတယ်ဆိုတာ ပြောရဲပါတယ်။ အမှန်စစ်စစ်က အမေရိကတို့၊ ကနေဒါ၊ သြစတြေးလျ၊ ဥရောပ (Europe) တို့ ရောက်နေတဲ့ ချင်းလူမျိုးတွေက ကျန်ရှိနေတဲ့ ချင်းလူမျိုးတွေကို ကျွေးမွေးနေရတဲ့ သဘောဖြစ်တယ်။ သူတို့သာမရှိဘူးဆိုရင် ဒီ ငတ်မွတ်ခေါင်းပါးမှုပြဿနာ ပိုပြီးဆိုးဝါးကြီးမားနေမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အစိုးရက ဂရုစိုက်တာ မဟုတ်ဘူး။ နိုင်ငံခြားရောက်နေတဲ့ ချင်းတွေက မိမိလူမျိုးကို ပြန်ကြည့်ရှု့နေတဲ့ အနေအထားမှာ ရောက်နေတယ်ဆိုတာ ပြောချင်ပါတယ်။ အဲဒီအတွက် အနာဂတ်ကို ပြောရမယ်ဆိုရင် အကယ်လိုသာ ကျနော်တို့အနာဂတ်ကို ကျနော်တို့ကိုယ်တိုင် ဖန်တီးခွင့်ရှိမယ်ဆိုရင် ကျနော်တို့ လုပ်ရဲတယ်၊ လုပ်နိုင်တယ်၊ လုပ်နိုင်စွမ်းလည်းရှိတယ်။ အစိုးရရဲ့ ဖိနှိပ်မှုဒဏ်ကြောင့်သာ ကျနော်တို့ ကိုယ်တိုင်မလုပ်နိုင်တာ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခုလာမယ့် ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပမယ်။ အဲဒါအပြင် ၂၀၀၈ ခုနှစ်ကလည်း မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ်ကို ပြဌာန်းထားပြီးတော့ ဒီအထဲမှာ ပြည်နယ်တွေရဲ့ အခွင့်အရေးဆိုတဲ့နေရာမှာ ချင်းပြည်နယ်ကိုလည်း သေသေချာချာ ပြည်နယ်တခုအနေနဲ့ အခွင့်အရေးတွေ ပေးထားတာလည်း တွေ့ရတယ်။ အဲဒီ ဖွဲ့စည်းပုံရဲ့ အနာဂတ် အနေအထားအရဆိုလို့ရှိရင် နောက်ပိုင်းမှာ ချင်းပြည်နယ်မှာဖြစ်လာနိုင်တဲ့ ဒီလို စာနပ်ရိက္ခာ ပြဿနာတွေ၊ လမ်းပန်းအခက်အခဲ ပြဿနာတွေ၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ လူ့အခွင့်အရေး ပြဿနာတွေအားလုံးဟာ ပြေလည်သွားအောင် ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ယူဆသလား?

ဒေါက်တာ ဆလိုင်းလျံမုန်း ။ ။ မယူဆပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ၂၀၀၈ ခုနှစ်မှာ အတည်ပြုပြဌာန်းတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်ထောင်စု စနစ်အသွင်နဲ့တူတဲ့ အပိုင်းမှာ ဦးတည်နေတယ်ဆိုတာ အနည်းကျဉ်းရှိပေမဲ့ ကျနော်တို့ ပြဿနာကို ပြည်သူတွေက ဖြေရှင်းနိုင်တဲ့အနေအထားရောက်အောင် လုပ်မယ်ဆိုရင် ဒီပြည်နယ်တွေကို ပြည်နယ်ဖွဲ့စည်းပုံ ဥပဒေ ရေးဆွဲပိုင်ခွင့် ပေးရမှာဖြစ်ပါတယ်။ ဒီလိုမှမပေးဘဲနဲ့ ရန်ကုန်မှာရေးတဲ့ ဖွဲ့စည်းပုံဥပဒေ နဲ့ ချင်းပြည်နယ်အနေအထား ဘယ်လိုမှ သဟဇာတဖြစ်နိုင်မှာ မဟုတ်ဘူး။ ကျနော်တို့ လိုလားချက်ကို ဖြည့်စည်းပေးနိုင်မှာ မဟုတ်ဘူး။ အဲဒီအတွက်ကြောင့် သက္ကရာဇ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ကျနော်တို့အနာဂတ်ကို ဘာမှအာမခံချက် မပေးနိုင်ဘူးလို့ ပြောချင်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG