သုံးရလွယ်ကူစေသည့် Link များ

site logo site logo
 
မြန်မာနိုင်ငံရေး ပြဿနာ ကုလသမဂ္ဂမှာ မပြတ် စောင့်ကြည့်သွားမည်
နောက်ဆုံးရသတင်း

မြန်မာနိုင်ငံရေး ပြဿနာ ကုလသမဂ္ဂမှာ မပြတ် စောင့်ကြည့်သွားမည်


မြန်မာနိုင်ငံရဲ့ မပြေလည်နိုင်သေးတဲ့ နိုင်ငံရေးကိစ္စတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှု ပြဿနာတွေကြောင့် ကုလသမဂ္ဂနဲ့ အမေရိကန် အစိုးရတို့ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက ဆက်ပြီး စောင့်ကြပ် ကြည့်ရှုသွားကြဖို့ ရှိနေပါတယ်။ မြန်မာနိုင်ငံက ပြဿနာတွေဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ နဲ့ လူ့အခွင့်အရေး ကောင်စီလို နေရာတွေမှာ ဆက်လက် ပြောဆိုရမယ့် ကိစ္စတခုအဖြစ်နဲ့ ရှိနေမယ့်အကြောင်း အမေရိကန်ပြည်ထောင်စုရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ကလည်း ဒီတပတ်ထဲမှာပဲ ပြောခဲ့တာပါ။ အကြောင်းစုံကိုတော့ ကိုအောင်လွင်ဦး တင်ပြထားပါတယ်။

မြန်မာနိုင်ငံက နိုင်ငံရေး၊ လူ့အခွင့်အရေး ပြဿနာတွေကို ဖြေရှင်းရာမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကိုင်တွယ် ဆောင်ရွက်ဖို့ တိုက်တွန်းမှုတွေနဲ့အတူ မြန်မာနိုင်ငံပြဿနာဟာ နိုင်ငံတကာက အာရုံစိုက်ခံရမယ့် အခြေအနေမျိုးမှာ ရှိနေတာပါ။ အမေရိကန် ပြည်ထောင်စုရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဆူဇန် ရိုက်စ် ကလည်း မြန်မာနိုင်ငံ ပြဿနာ ဟာ လုံခြုံရေးကောင်စီနဲ့ လူ့အခွင့်အရေး ကောင်စီတွေမှာ ဆွေးနွေးရမယ့် ကိစ္စတခုအဖြစ် ဆက်ပြီးရှိနေမယ့် အကြောင်း ကြာသပတေးနေ့ တုန်းကပဲ နယူးယောက်ခ်မြို့မှာ သတင်းထောက်တွေကို ပြောလိုက်တာပါ။

"သမ္မတ အော်စလိုမှာပြောခဲ့တဲ့ မှတ်ချက်စကားထဲက နိုင်ငံတွေ၊ အထူးသဖြင့် ဒီကနေ့ အချိန်အခါမှာ ဇင်ဘာဘွေ၊ ဆူဒန် နဲ့ မြန်မာနိုင်ငံ ကိစ္စတွေကို၊ ဒီနေရာမှာရော ဂျီနီဗာမြို့က လူ့အခွင့်အရေး ကောင်စီမှာရော ဆက်လက် ဆွေးနွေး ပြောဆိုမှု တွေနဲ့ ဖြစ်နိုင်သမျှ ကိုင်တွယ်ဆောင်ရွက်သွားကြမှာပါ။"

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကိုယ်တိုင် ဝင်ပြီးဖြေရှင်းဖို့ ကြိုးပမ်းမှုတွေနဲ့အတူ မြန်မာ့အရေးဟာ ကုလသမဂ္ဂ ရဲ့ ဆွေးနွေးမှုတွေမှာ ပါဝင်နေဖို့ရှိတဲ့အကြောင်း အဝေးရောက် ပြည်ထောင်စုမြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရ (NCGUB) ရဲ့ ကုလသမဂ္ဂ ဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာ သောင်းထွန်း ကလည်း ဆိုပါတယ်။

"မြန်မာပြည်ကိစ္စက လုံခြုံရေးကောင်စီရဲ့ agenda မှာတော့ ရှိပါတယ်။ တိုင်းပြည်တွင်းက အခြေအနေတွေအပေါ်မှာ မူတည်ပြီးတော့ လုံခြုံရေး ကောင်စီမှာ ဆွေးနွေးတာတွေကတော့ ဆက်ပြီးတော့ ဖြစ်နေမှာပါ။ ကျနော်တို့ အထွေထွေ အတွင်းရေးမှူးချုပ် ကလည်းပဲ သူကိုယ်တိုင် မြန်မာပြည်ကိစ္စကို အမြဲတမ်း လေ့လာစောင့်ကြည့်နေပြီးတော့ လုပ်ဆောင် နေတဲ့ အပိုင်းတွေလည်း ရှိပါတယ်။ သူနဲ့အတူ တွဲပြီးလုပ်နေတဲ့အပိုင်းမှာတော့ မြန်မာနိုင်ငံဆိုင်ရာ မိတ်ဆွေများအဖွဲ့တွေနဲ့ ဆွေးနွေးညှိနှိုင်းပြီးတော့ လုပ်ဆောင်နေတာတွေ ရှိပါတယ်။"

သံအမတ်ကြီး ရိုက်စ် က မှတ်ချက်ပေးစကား မပြောမီ တရက်အလိုမှာတုန်းကလည်း ကမ္ဘာတဝန်းက လွှတ်တော် အမတ် ၄၄၂ ဦးက မြန်မာ စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု အဆင့် ရောက်နေပြီလို့ ဆိုလိုက်ပြီး ဒါတွေကို ကော်မရှင်တခု စေလွှတ်စုံစမ်းဖို့ တိုက်တွန်းထားတဲ့ စာတစောင်ကိုလည်း လက်မှတ် ရေးထိုးပြီး လုံခြုံရေးကောင်စီကို ပေးပို့ခဲ့ကြတာပါ။ ဒီအထဲက တဦးဖြစ်တဲ့ အမေရိကန် အောက်လွှတ်တော်အမတ် ဂျိုးပစ်တ် (Joe Pitt) ကတော့ မြန်မာနိုင်ငံက အခြေအနေတွေကို နိုင်ငံတကာက မျက်ခြေမပြတ် စောင့်ကြည့်နေတယ်ဆိုတာကို ဒီစာက သက်သေ ပြလိုက်တယ်ဆိုပြီး ကြေညာချက်တစောင်ထုတ်ပြန် ပြောဆိုလိုက်တာပါ။ အဝေးရောက် ညွန့်ပေါင်း အစိုးရ ရဲ့ ကုလသမဂ္ဂ ဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာ သောင်းထွန်း ကတော့ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် တွေ၊ လူ့အခွင့်အရေးဆိုင်ရာ ကိုယ်စားလှယ်တွေ အကြိမ်ကြိမ် စေလွှတ်မှုတွေ ရှိပေမဲ့ တိုးတက်မှုမရှိပဲ ဖြစ်နေရတဲ့ အခြေအနေတွေကြောင့် ဒီလို တိုက်တွန်းမှုတွေ ပေါ်လာတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံကို ဒီနှစ်မကုန်ခင် သွားဖို့ ရည်ရွယ်ထားတဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တိုမာ့စ် အိုဟေး ကင်တာနား (Tomas Ojae Quintana) ရဲ့ ခရီးစဉ်ဟာ ဆိုရင်လည်း စစ်အစိုးရဘက်က အဆင်သင့်မဖြစ်သေးလို့ လတ်တလော ကြန့်ကြာမှုတွေ ရှိနေကြောင်းလည်း ဒေါက်တာသောင်းထွန်း က ဆိုပါတယ်။

"မစ္စတာ ကင်တားနား ရဲ့ ခရီးစဉ်က ကျနော်တို့ သိသလောက်တော့ နအဖ ဘက်က သူနဲ့ တွေ့ဆုံရမယ့်လူတွေအပိုင်းမှာ အချိန်မအားသေးလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ရွှေ့ဆိုင်းထားတယ်လို့ ကျနော်တို့ သိရတယ်။ ဒါပေမဲ့လို့ ဇန်နဝါရီလ ကုန်လောက်မှာ လာဖို့အတွက်တော့ ထပ်ပြီး သဘောတူထားတယ်လို့ ကျနော်တို့ အဲဒီလို သိရပါတယ်။"

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနား အနေနဲ့ မြန်မာနိုင်ငံကို သွားရောက်တဲ့အခါ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ တိုင်းရင်းသား ဒေသတွေကိုပါ သွားရောက်ဖို့ ရည်ရွယ်ထားတဲ့အကြောင်း အစောပိုင်းတုန်းက ပြောဆိုထားတာပါ။ ပြီးခဲ့တဲ့ အောက်တိုဘာလထဲတုန်းက ကုလသမဂ္ဂရဲ့ (၆၄) ကြိမ်မြောက် အထွေထွေ ညီလာခံမှာ သူ့ရဲ့ နှစ်စဉ် အစီရင်ခံစာ တင်သွင်းရာမှာတော့ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေဟာ စိုးရိမ်စရာ အဆင့်မှာ ရှိနေဆဲပဲဆိုပြီး အထူးကိုယ်စားလှယ်က ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG