သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယား အကျဉ်းကျခံ ထိုင်းအမှုထမ်း လွတ်ငြိမ်းချမ်းသာခွင့်ရ


ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ရဲ့ လှုပ်ရှားမှုတွေကို လျှို့ဝှက်ထောက်လှမ်းမှုနဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ အကျဉ်းချခံခဲ့ရတဲ့ ထိုင်းအမျိုးသားတယောက်ကို တနင်္လာနေ့က လွှတ်ပေးလိုက်ပါတယ်။

မကြာသေးခင်က ကမ္ဘောဒီးယားနိုင်ငံကို လာရောက်ခဲ့တဲ့ မစ္စတာသက်ဆင်ရဲ့ ခရီးစဉ် အစီအစဉ် အသေးစိတ်တွေကို သတင်းထောက်လှမ်းခဲ့တဲ့ ကမ္ဘောဒီးယားနိုင်ငံ လေကြောင်းပြဌာနရဲ့ ဝန်ထမ်းတဦးဖြစ်သူ ထိုင်းနိုင်ငံသား ဆီဝါရပ်ခ် ချိုသီပွန် (Siwarak Chothipong) ကို ပြီးခဲ့တဲ့ သီတင်းပတ်က ထောင်ဒဏ် အပြစ်ပေးခဲ့တာ ဖြစ်ပါတယ်။

မစ္စတာဆီဝါရပ်ခ်ရဲ့ ကိုယ်စား မစ္စတာသက်ဆင်က သူ့ကိုလွှတ်ပေးဖို့ အသနားခံခဲ့တဲ့အတွက် ကမ္ဘောဒီးယားဘုရင် နိုရိုဒွန် (Norodom) က လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တာ ဖြစ်ပါတယ်။ မစ္စတာဆီဝါရပ်ခ် ထောင်ကမလွတ်မီ မစ္စတာသက်ဆင်က သွားရောက် တွေ့ဆုံခဲ့ပါသေးတယ်။ မစ္စတာဆီဝါရပ်ခ်က သူ လွတ်မြောက်လာလို့ ဝမ်းသာတဲ့အကြောင်း သတင်းထောက်တွေကို ပြောပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် (Hun Sen) ကလည်း မစ္စတာဆီဝါရပ်ခ်ကို သူ့ရဲ့နေအိမ်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ မစ္စတာသက်ဆင်တို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ထိုင်းနိုင်ငံက ကန့်ကွက်နေတဲ့ကြားကပဲ ကမ္ဘောဒီးယား ဝန်ကြီးချုပ်က မစ္စတာသက်ဆင်ကို သူ့ရဲ့ စီးပွားရေး အကြံပေးအဖြစ် ပြီးခဲ့တဲ့ နိုဝင်ဘာလက ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG