သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာသီဥတုဆိုင်ရာ သဘောတူညီမှု ကိုပင်ဟေဂင်မှာ ရရှိနိုင်မယ်လို့ အိုဘားမား ယုံကြည်


သမ္မတ အိုဘားမား (Obama) က ကိုပင်ဟေဂင် ညီလာခံကြီးမှာ ကမ္ဘာကြီး အပူချိန် မြင့်တက်လာမှု ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်တရပ် ရရှိလိမ့်မယ်လို့ သူယုံကြည်တဲ့အကြောင်း ပြောဆိုလိုက်တာကို အိမ်ဖြူတော်က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ့ဥတုရာသီ အပြောင်းအလဲဆိုင်ရာ နိုင်ငံတကာ ညီလာခံကြီးရဲ့ ဖြစ်ထွန်းတိုးတက်မှုတွေနဲ့ ပတ်သက်ပြီး သမ္မတ အိုဘားမားက ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown)၊ ပြင်သစ်သမ္မတ နီကိုလာ ဆာကိုဇီ (Nicolas Sarkozy)၊ ဂျာမဏီဝန်ကြီးချုပ် အိန်ဂျလာ မာကဲလ် (Angela Merkel) တို့နဲ့ တယ်လီဖုန်းနဲ့ ပြောဆိုခဲ့တဲ့အကြောင်း အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ရောဘတ် ဂစ်ဘ်စ် (Robert Gibbs) က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ကတော့ ကျိုးကြောင်း မဆီလျော်တဲ့ တောင်းဆိုချက်တွေအတွက် အချိန်မရှိတော့ဘူးလို့ ညီလာခံ ကိုယ်စားလှယ်တွေကို အင်္ဂါနေ့က သတိပေးလိုက်ပါတယ်။

ကမ္ဘာကြီး အပူချိန် မြင့်တက်လာမှုကို တိုက်ဖျက်ကြရေးအတွက် သဘောတူညီချက်တရပ် အပြီးသတ် ရေးဆွဲကြရာမှာ ဘယ်သူကမှ ကိုယ်လိုချင်တာ အားလုံးကို ရဖို့ မလွယ်ကြောင်း၊ ဒါပေမဲ့ ဖန်လုံအိမ် အာနိသင် ဓာတ်ငွေ့ လျှော့ချရေး၊ ထိခိုက်မှု အလွယ်ဆုံး အခြေအနေတွေကို အကာအကွယ် ပေးဖို့နဲ့ သန့်စင်တဲ့ ဖွံ့ဖြိုးမှု လုပ်ငန်းတွေအတွက် တခေတ်ဆန်းသစ်ကြဖို့ အပါအဝင် လိုအပ်ချက်တွေကို ညှိနှိုင်းနိုင်ကြလိမ့်မယ်လို့ မစ္စတာဘန်ကီမွန်းက ပြောဆိုလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG