သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အတိုက်အခံ အီရန် ဘာသာရေးခေါင်းဆောင် ကွယ်လွန်


အီရန်နိုင်ငံက အစိုးရနဲ့ သဘောထား ကွဲလွဲတဲ့ ဘာသာရေးခေါင်းဆောင် ဂရမ်းဒ် အယာတိုလာ ဟူစိန် အာလီ မွန်တာဇာရီ (Grand Ayatollah Hossein Ali Montazeri) ကွယ်လွန်သွားပြီလို့ အီရန် သတင်းမီဒီယာတွေက ကြေညာပါတယ်။

အယာတိုလာဟာ ရှီးယားဘာသာဝင်တွေရဲ့ ဘာသာရေး အထွတ်အမြတ်မြို့ ကွမ် (Qom) က သူ့အိမ်မှာ စနေနေ့ညက ကွယ်လွန်သွားခဲ့တာလို့ သတင်းတွေက ဆိုပါတယ်။ ကွယ်လွန်ချိန်မှာ သူဟာ အသက် ၈၇ နှစ် ရှိပါပြီ။

သူဟာ ၁၉၇၉ ခုနှစ်က အစ္စလမ် တော်လှန်ရေးရဲ့ ခေါင်းဆောင်တဦးဖြစ်ပြီး တော်လှန်ရေးကို ဦးဆောင် စတင်ခဲ့သူ အယာတိုလာ ရူဟိုလာ ခိုမေနီ (Ayatollah Ruhollah Khomeini) ကို ဆက်ခံမယ့် အီရန်ရဲ့ ခေါင်းဆောင်ကြီးအဖြစ် တချိန်က ခန့်မှန်းခဲ့ကြပါတယ်။ ဒါပေမဲ့လည်း သူတို့နှစ်ယောက်စလုံးဟာ မအောင်မမြင် ဖြစ်ခဲ့ကြရပါတယ်။

မွန်တာဇာရီဟာ လက်ရှိ အီရန်ခေါင်းဆောင်တွေနဲ့ အဓိကကျတဲ့ သဘောထား ကွဲလွဲမှုတွေ ရှိခဲ့ပြီး နေအိမ်အကျယ်ချုပ်နဲ့ အကြာကြီး နေခဲ့ရပါတယ်။

နိုင်ငံကို အုပ်ချုပ်နေတဲ့ အစ္စလမ္မစ် ခေါင်းဆောင်တွေဟာ အစ္စလမ် အမည်နာမကို ခုတုံးလုပ်ပြီး အာဏာရှင်တွေသဖွယ် အုပ်ချုပ်နေတယ်လို့ ပြုပြင်ပြောင်းလဲရေးဝါဒီ ဘာသာရေးခေါင်းဆောင် မွန်တာဇာရီက အကြိမ်ကြိမ် ဝေဖန် ပြောဆိုခဲ့ဖူးပါတယ်။

ဒီနှစ် အစောပိုင်းက ကျင်းပခဲ့တဲ့ အငြင်းပွားဖွယ် သမ္မတ ရွေးကောက်ပွဲတွေမှာ သမ္မတ မာမွတ်ဒ် အမာဒီနီဂျက်ဒ် (Mahmoud Ahmadinejad) ပြန်ရွေးကောက်ခံရပြီးတဲ့နောက် ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေကို အကြမ်းဖက် နှိမ်နင်းခဲ့တဲ့အပေါ် မွန်တာဇာရီက အပြင်းအထန် ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG