၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးမှာ ပါဝင်ပတ်သက်မှုနဲ့ ထောင်ဒဏ် ၃ နှစ်ကျော် ကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသူ အသက် ၃၈ နှစ်အရွယ် မတင်တင်ထွေးခေါ် မပဲဟာ အင်းစိန်ထောင် ဆေးရုံမှာ မနေ့က နှလုံးသွေးကြော ပေါက်တဲ့ ရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ သူ့ကို အာဏာပိုင်တွေက ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့မှာ တကြိမ် ဖမ်းဆီးခဲ့ပြီး အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။ အဲဒီနောက် ၂၀၀၈ ခုနှစ် နိုဝင်ဘာလမှာ ဝတ္တရား နှောင့်ယှက်မှုနဲ့ ထပ်မံဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကို မအေးအေးမာက တင်ပြပေးထားပါတယ်။
အင်းစိန်ထောင် ဆေးရုံမှာ မနေ့က ကွယ်လွန်ခဲ့တဲ့ မတင်တင်ထွေးခေါ် မပဲဟာ ၂၀၀၇ ခုနှစ် စက်တင်ဘာကာလ အတွင်းမှာ လုံခြုံရေး တပ်ဖွဲ့ဝင်များအား ဝတ္တရား နှောင့်ယှက်မှုနဲ့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၂ အရ လည်းကောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို မကြားဝံ့ မနာသာ ဆဲဆိုမှုနဲ့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄ အရ လည်းကောင်း၊ အလုပ်နဲ့ထောင်ဒဏ် ၃ နှစ်နဲ့ ၃ လ အမိန့် ချမှတ်ခံထားရသူ ဖြစ်ပါတယ်။
မတင်တင်ထွေးနဲ့ ပတ်သက်ပြီး သူမဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ နီးစပ်သူတဦး ဖြစ်တာမို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လူငယ်အဖွဲ့ဝင် တဦးကလည်း အခုလိုပြောပါတယ်။
“သူက ၂၀၀၇ စက်တင်ဘာ ၂၆ ရက်နေ့ ဘုန်းကြီးတွေနဲ့ ရဲတွေ ပဋိပက္ခဖြစ်တော့ ဘုန်းကြီးတွေကို ရဲတွေက ရိုက်ကြနှက်ကြတော့ မနေနိုင်လို့ ဝင်ပါတာပေါ့၊ သူက။ လကုန်ပိုင်းကျတော့ သူ့ကို လာဖမ်းသွားတယ်။ လာဖမ်းပြီး တနှစ်လောက် အမှုဆိုင်ရတယ်။ တော်တော်ကြာကြာ အမှုဆိုင်ပြီး ၂၀၀၈ မှာ သူ့ကို ထောင်ချလိုက်တယ်။
“သူ့မှာ နဂိုကတည်းက နှလုံးရောဂါရယ်၊ သွေးတိုးရယ် နှစ်မျိုးရှိတယ်။ မနေ့က နေ့လယ်ပိုင်းလောက်မှာ သူ ရုတ်တရက် မူးပြီး လဲကျသွားတယ်။ လဲကျသွားတော့ ထောင်ဆေးရုံတင်၊ ထောင်ဆေးရုံက ဆရာဝန်ပြောတဲ့ အဖြေကတော့ သူက ဦးနှောက်သွေးကြော ပေါက်သွားတယ်ပေါ့။ ဦးနှောက်သွေးကြောပေါက်ပြီး သွေးခဲ၊ သွေးခဲပြီးမှ တဆင့် ဆုံးသွားတာပေါ့။”
သူ့ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး ကိုတိတ်နိုင်ကတော့ သူမဟာ ကျန်းမာရေး မကောင်းတာ အတော်ကြာပြီ ဖြစ်ကြောင်းကိုလည်း အခုလို ပြောပြပါတယ်။
“နှလုံးရောဂါ ဖြစ်နေတာက ပြီးခဲ့တဲ့ နှစ်ကတည်းက ဆရာဝန် တော်တော်ပြရတဲ့ အခြေအနေ ရှိပါတယ်။ ကျန်းမာရေး မကောင်းတဲ့ လူစာရင်းထဲမှာ ကျနော်တို့ ထုတ်ပြန်ခဲ့ဖူးတယ်။ သို့သော်လည်း နအဖက သူ့ကို ဒီတိုင်းပဲ ထားလိုက်ပြီး ထောင်ပြောင်းသွားတဲ့ အခြေအနေမျိုးတွေ ရှိတယ်။ အဓိကတော့ ကျန်းမာရေး စောင့်ရှောက်မှု အတော်နည်းလို့ အဲဒီလို ဖြစ်ရတယ်လို့ ပြောလို့ရတာပေါ့။”
ထောင်ဆေးရုံမှာ ကုသမှုနဲ့ ဘယ်လိုနည်းနဲ့မှ မဖြစ်သင့်တဲ့ အကြောင်းကိုလည်း ပြောသွားပါတယ်။
“အခုက ထောင်ဆေးရုံမှာ ဆုံးတာပါ။ ထောင်ဆေးရုံမှာ ဆိုတာက အဲလို စမ်းသပ်တဲ့ ကိရိယာဆိုတာ ဘယ်ထောင်မှာမှ မရှိသလောက်ပါပဲ။ နှလုံးစမ်းသပ်တဲ့စက်တို့ ဘာတို့ဆိုတာ ထောင်တွေမှာ မရှိကြပါဘူး။ ကျနော်လည်း တခါမှ မတွေ့ခဲ့ဘူး။”
၁၉၈၈ ခုနှစ်ကစပြီး နိုင်ငံရေး အကျဉ်းသားတွေ သေဆုံးမှု အရေအတွက်ဟာ တနှစ်ထက်တနှစ် ပိုပြီး များပြားလာတဲ့ အကြောင်းကိုလည်း ဆက်ပြောသွားပါတယ်။
“အခုက တဖြည်းဖြည်းနဲ့ အရေအတွက်တွေ များလာတယ်။ အခုဆို ၁၄၃ ယောက်ရှိပြီပေါ့။ ဆိုတော့ ဒီအတိုင်းပဲ နိုင်ငံရေး အကျဉ်းသားတွေကို ဒီလိုပဲ ဝေးလံတဲ့ ထောင်တွေကို ပြောင်းနေမယ်ဆိုရင်၊ ဆေးဝါးကုသမှုတွေ မရှိဘူး၊ ညံ့ဖျင်းနေဦးမယ် ဆိုရင်တော့ ဒီ နိုင်ငံရေး အကျဉ်းသားတွေရဲ့ အခြေအနေက တဖြည်းဖြည်းနဲ့ မျှဉ်းသတ်ခံရသလို ဖြစ်လိမ့်မယ်လို့ ကျနော်တို့တော့ မြင်ပါတယ်။”
အခု ၂၀၀၉ ခုနှစ်အတွင်းမှာ ထောင်ထဲမှာ သေဆုံးတဲ့ နိုင်ငံရေး အကျဉ်းသား ၃ ဦးရှိပြီး ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်တဲ့ ICRC ခေါ် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ကိုလည်း ထောင်တွင်း ကြည့်ရှုခွင့်မပေးတာ၊ ပိတ်ပင်ထားတာ ၂၀၀၅ ခုနှစ်ကတည်းက ဖြစ်ပါတယ်။ ထောင်တွင်းမှာ အခြေခံဆေးဝါးကအစ မရှိတာတွေကြောင့် နိုင်ငံရေး အကျဉ်းသား မိသားစုတွေက ပေးနေရပါတယ်။ ထောင်တွင်းမှာ ရာဇဝတ် အကျဉ်းသားတွေနဲ့ သူတို့ရဲ့ မွေးလာတဲ့ ကလေးတွေ သေဆုံးမှုတွေကလည်း အများအပြား ဖြစ်ပေါ်နေကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းတွေက ပြောပြပါတယ်။