ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာဒုက္ခသည်တွေထဲက ၆,၀၀၀ ကျော်ကို မြန်မာဘက်က အတတ်နိုင်ဆုံး အမြန်ပြန်ခေါ်မယ်လို့ မြန်မာစစ်အစိုးရ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးနဲ့ အဖွဲ့က အင်္ဂါနေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်မှာ ကျင်းပတဲ့ ဆွေးနွေးပွဲမှာ ကတိပေးပါတယ်။ ဒါ့အပြင် အငြင်းပွားနေတဲ့ ရေပိုင်နက်ကိစ္စကို ရှေ့လဆန်းမှာ နှစ်နိုင်ငံ နည်းပညာ ကျွမ်းကျင်သူတွေ ဘင်္ဂလားဒေ့ရှ်က စစ်တကောင်းမြို့မှာ တွေ့ဆုံဆွေးနွေးသွားဖို့ ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
မြန်မာ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်နဲ့ အဖွဲ့ဟာ အင်္ဂါနေ့မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန နိုင်ငံခြားရေး အတွင်းဝန် မစ္စတာ မိုဟာမက် မီဂျာရူ ကွေးစ် (Mohamed Mijarul Quayes) ခေါင်းဆောင်တဲ့ အဖွဲ့နဲ့ နှစ်နိုင်ငံကြား ပြဿနာတွေကို ဒါကာမြို့မှာ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ၂ ရက်ကြာ ဆွေးနွေးပွဲရဲ့ ပထမနေ့မှာတင် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဆက်သွယ်ရေး အပါအဝင် အကြောင်းအရာ တော်တော်များများကို ဆွေးနွေးဖြစ်ခဲ့ကြတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ တာဝန်ခံ ဆာဟာမက် ဆိုဖီက ပြောပါတယ်။
“ကျနော်တို့ ကုန်သွယ်ရေးမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးပါတယ်။ ပြည်ဝင်ခွင့်ဗီဇာ သက်တမ်းကာလ တိုးမြှင့်ဖို့၊ ခရီးသွားလာနိုင်ခွင့် ဒေသ ကန့်သတ်မှုတွေ အပြင် တခြား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။” လို့ ပြောသွားပါတယ်။
နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ ကုန်သည်တွေအတွက် ဗီဇာသက်တမ်းကို ၁၄ ရက်အထိသာ မြန်မာအစိုးရဘက်က သတ်မှတ်ထားတာမို့ ဒီ့ထက်ပိုပြီး ပေးဖို့နဲ့ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဆက်သွယ်ရေးမှာလည်း တရုတ်နိုင်ငံအထိ ပေါက်တဲ့ စစ်တကောင်း၊ ကူမင်း တိုက်ရိုက်လမ်းမကြီး ဖောက်လုပ်ရေးကိစ္စ ရှေ့ဆက်တိုးနိုင်ဖို့အပြင် ကမ်းရိုးတန်း ရေကြောင်းခရီး ဆက်သွယ်ရေးဆိုင်ရာတွေကိုလည်း ဆွေးနွေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ နှစ်နိုင်ငံကြား အငြင်းပွားနေတဲ့ ရေပြင်ပိုင်နက် နယ်နိမိတ် ပြဿနာနဲ့ ပတ်သက်ပြီး …
“ပင်လယ်ရေပြင်ပိုင်နက် ပြဿနာကိုလည်း ဆွေးနွေးဖို့အတွက် ဘင်္ဂလားဒေ့ရှ်ဘက်က တင်ပြပါတယ်။ ဒါပေမဲ့ သီးခြား လွတ်လပ်တဲ့ နည်းပညာ ကျွမ်းကျင်သူ အဖွဲ့တွေ မကြာခင် တွေ့ကြမှာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဘက်မှာ ဇန်နဝါရီလ ၇ ရက်နေ့နဲ့ ၈ ရက်နေ့တွေမှာ ဒီပညာရှင်အဆင့် တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။ နိုင်ငံတကာ စည်းမျဉ်းအတိုင်း သတ်မှတ်နိုင်ဖို့အတွက် မြန်မာနဲ့ နှစ်နိုင်ငံချင်း ဆွေးနွေးမှာ ဖြစ်သလို အိန္ဒိယနိုင်ငံနဲ့လည်း နှစ်နိုင်ငံချင်း ဆွေးနွေးဖို့ရှိတယ်။” လို့ ပြောသွားပါတယ်။
ဒါ့အပြင် နယ်စပ်မှာ ခြံစည်းရိုးကာတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးလည်း ဆက်လက် ဆွေးနွေးဖို့ ရှိတယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ မြန်မာဒုက္ခသည်တွေကို ပြန်ပြီးခေါ်ဖို့ ဆွေးနွေးတဲ့ အခါမှာတော့ အခုလောလောဆယ် မြန်မာဘက်က ၆,၀၀၀ ကျော်ကိုသာ အတည်ပြုသေးပေမဲ့ ဆက်ပြီး ဆွေးနွေးဖို့ ရှိသေးတယ်လို့လည်း ပြောပါတယ်။
“မြန်မာနိုင်ငံဘက်က လာနေတဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး မြန်မာဘက်က စာရင်းထဲမှာ ၆,၃၆၅ ယောက်ပဲရှိတယ်လို့ ပြောပြီး ဒီလူတွေကို အတတ်နိုင်ဆုံး အမြန် ပြန်ပြီးခေါ်မယ်လို့ မြန်မာဘက်က ပြောပါတယ်။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ မြန်မာဒုက္ခသည် ၉,၀၀၀ ကျော်ကို မြန်မာဘက်က အတည်ပြုပြီးသားမို့ ဒီလူတွေကို ပထမဆုံး ပြန်ခေါ်ဖို့အပြင် ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည်စခန်း ၂ ခုမှာ မြန်မာဒုက္ခသည် ၂၈,၀၀၀ ရှိနေတာမို့ ဒီလူတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးဖို့လည်း ပြောပါတယ်။ အခုလောလောဆယ်တော့ ၉,၀၀၀ အထိ ပြန်ခေါ်မယ်လို့ မပြောသေးပါဘူး။ ဒီအကြောင်းကို ဆက်ပြီး ဆွေးနွေးရဦးမယ်။” လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ တာဝန်ခံ ဆာဟာမက် ဆိုဖီက ဗွီအိုအေကို ပြောပြခဲ့ပါတယ်။