သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်သတ္တိ ဗြိတိန်ဝန်ကြီးချုပ် ချီးကျူး


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စွန့်လွှတ် အနစ်နာခံမှုနဲ့ သတ္တိပြောင်မြောက်မှုတွေကို ချီးကျူး ထောက်ခံကြောင်း ရေးသားထားတဲ့ အိတ်ဖွင့်ပေးစာတစောင် ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown) က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ ဒါ့အပြင် စစ်အစိုးရ အနေနဲ့ ၂၀၁၀ ခုနှစ်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲကို ပေးထားတဲ့ ကတိအတိုင်း လွတ်လပ်ပြီး တရားမျှတမှုရှိအောင် လုပ်ဆောင်ပေးဖို့ သူ့စာထဲမှာ မစ္စတာဘရောင်းက တောင်းဆိုထားပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မြန်မာ့ဒီမိုကရေစီအရေးကို ဆက်လက် ထောက်ခံ အားပေးသွားမယ်လို့ မစ္စတာဘရောင်းက သူ့စာထဲမှာ ပြောဆိုထားပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်နဲ့ ဆက်လက် ထိန်းသိမ်းထားတာကို ကြည့်ခြင်းအားဖြင့် သူတို့ရဲ့ အကြမ်းဖက် ရက်စက်မှုတွေကို ရပ်တန်းက ရပ်ပစ်ဖို့ နိုင်ငံတကာ အသိုင်းအဝန်းက တောင်းဆိုနေတာတွေကို စစ်အစိုးရအနေနဲ့ ဂရုမစိုက်ဘူးဆိုတာ ပြသလိုက်တာပဲလို့ ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်းက သူ့စာထဲမှာ ထည့်သွင်း ဖော်ပြထားပါတယ်။

စစ်အစိုးရ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သံတမန်တွေနဲ့ တွေ့ဆုံခွင့်ပေးဖို့၊ နောက် မြန်မာပြည်သူလူထုရဲ့ အနာဂတ် မျှော်လင့်ချက်တွေ ပြန်လည် ထွန်းသစ်လာအောင် စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ စတင်လုပ်ဆောင်ဖို့တွေကို သူ့အနေနဲ့ ဆက်လက် တောင်းဆိုနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်းက အခုလို ကြေညာချက် မထုတ်ပြန်ခင် သီတင်း ၂ ပတ်လောက် အလိုမှာပဲ မြန်မာ့အရေး လှုပ်ရှားသူတွေနဲ့ ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီးဌာန အရှေ့တောင်အာရှရေးရာ တာဝန်ခံ အဆစ်ဖ် အာမက် (Asif Ahmed) တို့ တွေ့ဆုံခဲ့ကြတယ်လို့ လန်ဒန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူ ဒေါက်တာဝင်းနိုင်က ပြောပြပါတယ်။

“ဆွေးနွေးတဲ့အခါကျတော့ အရှေ့တောင်အာရှ တာဝန်ခံ မစ္စတာအာမက်ကနေပြီးတော့ သူ့ရဲ့ လက်ထောက် ၂ ယောက်နဲ့ ကျနော်တို့နဲ့ ဆွေးနွေးတယ်။ ဆွေးနွေးတဲ့အချိန်မှာ အဓိကတော့ Constitution နဲ့ ၂၀၁၀ ရယ်၊ ကျနော်တို့က ဦးအောင် တင်ပြပြီးတော့ ဒါတွေဟာ တရားမဝင်ဘူး၊ အဲဒီတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေပြီးတော့ တောင်အာဖရိကမှာ လုပ်ခဲ့တုန်းကအတိုင်း Constitution ကို တရားမဝင်ဖြစ်အောင် လုပ်ပေးပါ။ ဒါတွေကို မလုပ်ရင်လည်း ၂၀၁၀ ရွေးကောက်ပွဲက တရားမဝင်ဘူး ဆိုတဲ့ အကြောင်းကို လုံခြုံရေးကောင်စီက အထူးကော်မရှင်ဖွဲ့ပြီး စစ်ဆေးပေးပါဆိုပြီး တင်ပြတယ်။

“တင်ပြတဲ့အခါ မစ္စတာအာမက်က သူတို့အနေနဲ့ ဒီဟာကို လုံး၀ စိတ်ဝင်စားတယ်။ ဒီအတိုင်းပဲ ဆက်ပြီးလုပ်မယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာလည်း ဒါတွေ တင်ပြမယ်ဆိုပြီး ကတိပေးလိုက်တယ်။ အဲဒါကို ကျနော်တို့ တနာရီခွဲတိတိ ဆွေးနွေးတယ်။ ဆွေးနွေးပြီးတော့ ဒါကို သူတို့ သဘောတူလိုက်တယ်။ ပြီးတော့ သူတို့ ဒါကို ဆက်ပြီး တင်ပြမယ်ဆိုတဲ့ အကြောင်းကို သဘောတူလိုက်တယ်။”

အဲဒီလို ဆွေးနွေးကြတဲ့ အထဲမှာ ဗြိတိသျှနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ သမိုင်းကြောင်းအရ ပိုမိုနီးစပ်မှု ရှိတဲ့အလျောက် မြန်မာ့အရေးကို တခြားတိုင်းပြည်တွေထက် ပိုပြီး လုပ်ဆောင်ပေးသင့်တဲ့အကြောင်း မစ္စတာအာမက်ကို အကြံပေးတဲ့အခါမှာ သူက လက်ခံ သဘောတူတဲ့အပြင် စစ်အစိုးရနဲ့ ပိုပြီး နီးစပ်မှုရှိတဲ့ တရုတ်လိုနိုင်ငံမျိုးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ ဗြိတိသျှအစိုးရ အနေနဲ့ လုပ်ဆောင်ဖို့ စီစဉ်နေတဲ့အကြောင်း မစ္စတာအာမက်က ပြန်ပြောခဲ့တယ်လို့ ဆိုပါတယ်။

“သူက သဘောတူတယ်၊ ဟုတ်ပါတယ်တဲ့။ သူတို့အနေနဲ့ ပိုပြီးတော့ ထိထိရောက်ရောက်လုပ်ဖို့ အဆင်သင့် လုပ်ထားပါတယ်။ ပိုလည်း စိတ်ဝင်စားပါတယ်၊ ပိုလည်း စိုးရိမ်ပါတယ်။ သို့သော်လည်း တရုတ်နဲ့ ပိုပြီး ဆက်သွယ်သွားမယ့်ကိစ္စကို၊ ဒီမိုကရေစီရေးကို ပိုပြီး တွန်းအားပေးနိုင်အောင် လုပ်ပါမယ်တဲ့။ အထူးသဖြင့် ဒီအချိန်မှာ တရုတ်က အရင်ကထက် လေသံတွေ ပြောင်းလာတာကို သူတို့ သဘောတူပါတယ်လို့ ပြောတယ်။ ပြီးတော့ အရှေ့တောင်အာရှ အာဆီယံ အသင်းကလည်း ဒီ့ထက်ပိုပြီး လုပ်သင့်တယ်ဆိုတာ သူတို့ သဘောတူတယ်။”

လန်ဒန်အခြေစိုက် မြန်မာ့အရေး ဆောင်ရွက်နေတဲ့ ဒေါက်တာဝင်းနိုင် ပြောပြသွားတာ ဖြစ်ပါတယ်။

စစ်အစိုးရအနေနဲ့ ၂၀၁၀ ခုနှစ်မှာ ကျင်းပပေးဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲကို နိုင်ငံတကာ အသိုင်းအဝန်းရဲ့ စောင့်ကြပ် ကြည့်ရှုမှု မပါဘဲ ကျင်းပခဲ့မယ်ဆိုရင် နိုင်ငံတကာ အသိုင်းအဝန်းရဲ့ သံတမန်ရေးအရ အထီးကျန်ဖြစ်အောင် လုပ်ဆောင်မှုကို ခံရမှာဖြစ်သလို စီးပွားရေးတိုးတက်မှု ဆိုတာလည်း မြန်မာနိုင်ငံမှာ ဖြစ်ထွန်းလာမှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်းရဲ့ စာထဲမှာ ဖော်ပြထားပါတယ်။

ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်းရဲ့ စာကို မနေ့က အင်္ဂါနေ့ ရက်စွဲနဲ့ ထုတ်ပြန်တာဖြစ်ပြီး မြန်မာအာဏာပိုင်တွေ လက်ထဲကို ပို့ခဲ့တယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG