သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ညီညီအောင်ကို ပုဒ်မနှစ်ခုနဲ့စွဲချက်တင်


မြန်မာနိုင်ငံဖွား အမေရိကန်နိုင်ငံသား ကိုကျော်ဇောလွင် ခေါ် ကိုညီညီအောင် အပေါ်မှာ မြန်မာအာဏာပိုင်တွေက စွဲဆိုထားတဲ့ ပြစ်မှုတွေထဲက စာရွက်စာတမ်းအတု ကိုင်ဆောင်မှုနဲ့ တရားမဝင် နိုင်ငံခြားငွေ ကိုင်ဆောင်မှု အမှုနှစ်မှုကိုပဲ ဒီသောကြာနေ့ ရုံးချိန်းမှာ စွဲချက်တင်ခဲ့တယ်လို့ သူ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ဘန်ကောက်ရုံးက ဆက်သွယ်မေးမြန်းထားတဲ့ ဒေါ်ခင်မျိုးသက် က တင်ပြထားပါတယ်။

စက်တင်ဘာလ ၃ ရက်နေ့က မြန်မာနိုင်ငံကိုအသွား လေဆိပ်မှာအဖမ်းခံခဲ့ရတဲ့ ကိုကျော်ဇောလွင် ခေါ် ကိုညီညီအောင် ကို အရင်က လိမ်လည်မှု၊ စာရွက်စာတမ်းအတု ကိုင်ဆောင်မှု၊ တရားမဝင် နိုင်ငံခြားငွေ ကိုင်ဆောင်မှုတွေနဲ့ ဆွဲချက်တင် ထားခဲ့တာပါ။ အင်္ဂါနေ့ကတော့ အမှုတခု ထပ်တိုးပြီး မြန်မာနိုင်ငံတွင်း နေထိုင်သူများ မှတ်ပုံတင်တဲ့ ဥပဒေပုဒ်မနဲ့ ထပ်မံ တရားစွဲဆိုခဲ့ပါတယ်။ ဒါပေမဲ့ သောကြာနေ့ ရုံးထုတ်တဲ့အခါမှာတော့ ဒီအမှုတွေထဲက လိမ်လည်မှုတခုကို ဖြုတ်လိုက်တယ်လို့ သူ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်း က ပြောပါတယ်။

"ဒီနေ့ ပထမဆုံးနှစ်မှုကို စွဲချက်တင်တယ်။ စွဲချက်တင်တဲ့နေရာမှာ လိမ်လည်မှု ကို ဖြုတ်လိုက်တယ်။ မပါတော့ဘူး။ ပုဒ်မ (၄၆၈) စာရွက်စာတမ်းအတု ကိုင်တာ၊ နောက်တခုက ငွေယူလာတာ။ ဒီနှစ်မှုကို စွဲချက်တင်တယ်။ အဲဒီတော့ ပုဒ်မ တခု လျော့သွားတာပေါ့။"

ဘိုတထောင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးက တရားစွဲဆိုထားတဲ့ ၁၉၉၄ ခုနှစ် မြန်မာနိုင်ငံတွင်း နေထိုင်သူများ မှတ်ပုံတင်တဲ့ဥပဒေနဲ့ ပတ်သက်ပြီး စွဲချက်တင်သင့် မတင်သင့် သောကြာနေ့မှာ သက်သေ ၃ ယောက်ကို စစ်ဆေးခဲ့တယ် လို့လည်း ပြောပါတယ်။

"နောက်ဆုံးတင်တဲ့အမှုကတော့ မှတ်ပုံတင် ဥပဒေကတော့ ဒီနေ့ သက်သေ ၃ ယောက်စစ်တယ်။ အမှုက စစ်တုန်းပဲလေ။ အဲန်ကယ်လ်တို့ စာရွက်တွေလည်း အကုန်ရပါပြီ။ ဒီနေ့လည်း စစ်နေပါတယ်။ အမှုကို အကြမ်းထည်တော့ ပြောလို့ရမယ်။ အနေအထား ကောင်းပါတယ်။ ဥပဒေကြောင်းအရ မမြောက်ဘူးဆိုတာ အဲန်ကယ်လ်တို့ ပြောဖို့ အချက်အလက်တွေ ရှိပါတယ်။"

ဒီအမှုအားလုံးအတွက် ရုံးချိန်းကို ၅ ရက်နေ့ ပေးထားတယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် ကိုညီညီအောင်ရဲ့ ကျန်းမာရေး အခြေအနေလည်း ကောင်းကောင်းမွန်မွန် ရှိတယ်လို့ ဆိုပါတယ်။

"ကျန်းမာရေး ကောင်းတယ်။ သူက ပြောပါတယ်၊ အသိတွေကိုရော မိတ်ဆွေတွေကိုရော ပြောပါတဲ့။ အသိဉာဏ်ရှိရှိ နေထိုင်ပါ့မယ်တဲ့။ ကျန်းမာပါတယ်တဲ့။"

ကိုညီညီအောင်ရဲ့ အဒေါ် ဒေါ်ခင်ခင်ဆွေ ကတော့ ကိုညီညီအောင် ဟာ ၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံထဲမှာ မရှိတော့တာမို့ ၁၉၉၄ ခုနှစ် နိုင်ငံသားမှတ်ပုံတင် ဥပဒေနဲ့ တရားစွဲတာဟာ အကျုံးမဝင်နိုင်ဘူးလို့ ပြောပါတယ်။

"ဘိုတထောင် လဝက က စွဲတာ။ ၁၉၉၄ ခုနှစ်ကထုတ်တဲ့ နိုင်ငံသားတွေရဲ့ ဥပဒေတဲ့။ ယိုးဒယား ရောက်တာကို အကြောင်းမကြားတာ၊ မှတ်ပုံတင်ပျောက်တာကို အကြောင်းမကြားတာ။ အမေရိကားကို ရောက်သွားတာ အကြောင်းမကြားတာ။ အမေရိကားမှာ နိုင်ငံသားဖြစ်တာကို အကြောင်းမကြားတာ၊ အဲဒီဟာ လေးခုနဲ့ပဲ သူ့ကိုပြောထားတာလေ။ ၁၉၉၄ ခုနှစ်က ထုတ်ထားတဲ့ဥပဒေ ဆိုတော့ ညီညီအောင် က ဒီမှာမှ မရှိတာ။ ၁၉၈၈ ခုနှစ်ကတည်းက မရှိတာပေါ့နော်။ အဲန်ကယ်လ်က ပြောတယ်။ ပုဒ်မ (၄၂၀) ပြုတ်သွားပြီတဲ့။ (၄၂၀) တခု ပြုတ်သွားပြီဆိုတော့ အရမ်းဝမ်းသာသွားတယ်တဲ့။ ပါပဲပြောပြော တကယ်တမ်း သူတို့တွေက မလျော့မပေါ့နဲ့ ချမယ်ဆိုရင်လည်း ၇ နှစ်လောက်စာ သက်သာသွားပြီတဲ့။ သူ အဲဒီလို ပြောတယ်။"

ကိုညီညီအောင် ဟာ ထောင်တွင်း မတရားဖိနှိပ်မှုတွေကြောင့် အစာငတ်ခံ ဆန္ဒပြခဲ့ပြီးတဲ့နောက် စစ်ခွေးတိုက်ကို ပို့တာခံခဲ့ရပြီး မိသားစုဝင်တွေရဲ့ တပတ်တခါ ပုံမှန် ထောင်ဝင်စာတွေ့ခွင့်ကိုလည်း အာဏာပိုင်တွေက နှစ်ပတ်တခါမှသာ တွေ့ခွင့်ပေးခဲ့ပါတယ်။

ကိုညီညီအောင်ရဲ့ မိခင်နဲ့ ညီမဖြစ်သူဟာလည်း ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုနဲ့ ဖမ်းဆီးတာခံခဲ့ရပြီး မိခင်ဖြစ်သူဟာ အခုထိ မိတ္ထီလာထောင်မှာ ရှိနေဆဲဖြစ်တဲ့အပြင် ညီမဖြစ်သူ မသက်သက်အောင် ဟာလည်း မြင်းခြံထောင်မှာ ရှိနေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG