သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၀ ရွေးကောက်ပွဲ အမေရိကန် သတိထား စောင့်ကြည့်


ဒီနှစ်အတွင်းလုပ်မယ့် ရွေးကောက်ပွဲမှာ ရွေးသင့်ရွေးထိုက်သူတွေကို ရွေးချယ်ကြဖို့ လူထုကို မြန်မာစစ်အစိုးရ ခေါင်းဆောင်က တနင်္လာနေ့က တိုက်တွန်းလိုက်ပါတယ်။ ဗြိတိန်အောက်ကနေ လွတ်လပ်ရေး ရလာခဲ့တဲ့ ၆၂ နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အခုလို တိုက်တွန်းထားတာပါ။

နှစ်ပေါင်း ၅၀ နီးနီး စစ်တပ်က အုပ်ချုပ်လာရာကနေ ဒီမိုကရေစီကို ကူးပြောင်းဖို့အတွက် အဆင့် ၇ ဆင့်ပါ အစီအစဉ်ဟာ တခုတည်းသောဖြစ်စဉ် ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဝေဖန်သူတွေကတော့ လာမယ့် ရွေးကောက်ပွဲဟာ အတုအယောင် ရွေးကောက်ပွဲသာဖြစ်ပြီး စစ်တပ်ကို အာဏာ ဆက်လက်မြဲအောင် လုပ်တာသာ ဖြစ်တယ်လို့ ဝေဖန်ကြပါတယ်။

အမေရိကန်ကတော့ ရွေးကောက်ပွဲမှာ အတိုက်အခံနဲ့ တိုင်းရင်းသား လူနည်းစု ပါတီတွေ ဝင်ရောက်ယှဉ်ပြိုင်နိုင်၊ မယှဉ်ပြိုင်နိုင်ကို ကြည့်ပြီး ရွေးကောက်ပွဲလုပ်မယ့် အခြေအနေတွေကို အကဲဖြတ်မယ်လို့ ဆိုပါတယ်။ အဲဒီလို အကဲဖြတ်ပြီးတဲ့တိုင်အောင် အမေရိကန် ပြည်ထောင်စုကတော့ စစ်အစိုးရရဲ့ လက်တွေ့လုပ်ရပ်တွေ အပေါ်မှာပဲ အဓိကထား ချဉ်းကပ်တဲ့ပုံစံနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိစ္စတွေကို ချဉ်းကပ်လိမ့်မယ်လို့ ပြောပါတယ်။

ရွေးကောက်ပွဲဟာ ယုံကြည်ထိုက်ကြောင်း ပြသနိုင်တဲ့ ခြေလှမ်းတွေကို စစ်အစိုးရက လှမ်းတာ အခုထိတော့ မတွေ့ရသေးဘူးလို့ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ အီယန် ကယ်လီ (Ian Kelly) က ဆိုပါတယ်။

ရွေးကောက်ပွဲအပေါ် ယုံကြည်လာအောင်၊ အများပြည်သူကလည်း ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ထင်သာမြင်သာရှိအောင် ဆောင်ရွက်နိုင်မယ့် ကိစ္စတွေကို ထောက်ခံမယ်လို့ အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ကော်မတီ ဥက္ကဋ္ဌ အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် (Jim Webb) ကလည်း ကြေညာချက် ထုတ်ပါတယ်။ ၂၀၁၀ မှာ ရွေးကောက်ပွဲတွေကို လုပ်ဖို့ ရည်ရွယ်ထားတဲ့အတိုင်း ဆောင်ရွက်မယ် ဆိုတဲ့အတွက် ကျေနပ်မှုရှိကြောင်းလည်း မစ္စတာဝက်ဘ်က ပြောပါတယ်။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အထောက်အကူတွေ ပေးနိုင်ကြောင်း စစ်အစိုးရ ခေါင်းဆောင်တွေကို သူပြောခဲ့တာကိုလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာပြည်သူတွေကို ကမ္ဘာ့အသိုက်အဝန်းထဲ အပြည့်အ၀ ပြန်ဝင်လာနိုင်မယ့်နေ့ကို ရောက်ရှိဖို့အတွက် သင့်လျော်တဲ့ နည်းလမ်းအားလုံးနဲ့ သူက ကူညီဖို့ အဆင်သင့်ရှိတဲ့ အကြောင်းလည်း မစ္စတာ ဂျင်မ်ဝက်ဘ်က သူ့ကြေညာချက်ထဲမှာ ကမ်းလှမ်းထားပါတယ်။

၁၉၉၀ ခုနှစ်တုန်းကလည်း စစ်အစိုးရဟာ ရွေးကောက်ပွဲ လုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အမတ်နေရာ ၈၂% ကို အဲဒီတုန်းက ရရှိခဲ့ပါတယ်။ ဒါပေမဲ့ စစ်အစိုးရက ၉၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် မပြုခဲ့ပါဘူး။

ပြီးခဲ့တဲ့ အနှစ် ၂၀ အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ စုစုပေါင်း ၁၄ နှစ် နေအိမ်အကျယ်ချုပ် ကျခံထားရပါတယ်။ အခုအပြစ်ဒဏ်ကလည်း ၂၀၁၀ ကို ကျော်သွားတဲ့အတွက် ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်မှာ မဟုတ်ပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG