မြန်မာစစ်အစိုးရရဲ့ လျှို့ဝှက်သတင်းတွေ ပေါက်ကြားမှုကြောင့် စစ်တပ်ဝန်ထမ်းဟောင်း ဗိုလ်မှူး ဝင်းနိုင်ကျော်နဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဝန်ထမ်း ဦးသူရကျော်တို့ကို အရေးပေါ်စီမံချက် အက်ဥပဒေ ပုဒ်မ ၃ နဲ့ သေဒဏ်စီရင်ချက် ချလိုက်တာဟာ လက်ရှိ တရားစီရင်ရေး ဥပဒေတွေအရ လွဲမှားနေတယ်လို့ အာရှလူ့အခွင့်အရေး အဖွဲ့ရဲ့ ရှေ့နေက ထောက်ပြပါတယ်။ အပြည့်အစုံကို မသင်းသီရိက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။
စစ်တပ်အရာရှိဟောင်း ဗိုလ်မှူး ဝင်းနိုင်ကျော်နဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ထမ်း ဦးသူရကျော်တို့ကို သေဒဏ် ချမှတ်လိုက်တဲ့ အရေးပေါ်စီမံချက် အက်ဥပဒေ ပုဒ်မ ၃ ဟာ နိုင်ငံမှာ နိုင်ငံရေးအရ မတည်ငြိမ်မှုတွေ ဖြစ်နေတဲ့ အချိန်မှသာ အရေးယူရမယ့်ပုဒ်မ ဖြစ်တာမို့ ဒီစီရင်ချက်ဟာ လွဲချော်နေတယ်လို့ ဟောင်ကောင်အခြေစိုက် AHRC အာရှလူ့အခွင့်အရေး ကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။
“အရေးပေါ်စီမံမှု အက်ဥပဒေက မြန်မာနိုင်ငံတွင်းမှာ နိုင်ငံရေးအရ မတည်မငြိမ်ဖြစ်နေတဲ့ အချိန်မှာ ပေါ်ပေါက်လာတဲ့ သောင်းကျန်းမှုတွေကို အရေးယူနိုင်ဖို့ ပြဋ္ဌာန်းထားတဲ့ ဥပဒေဖြစ်တယ်။ ဥပဒေရဲ့ မူရင်း ရည်ရွယ်ချက်ကိုက အရေးပေါ်စီမံမှု အက်ဥပဒေ ဖြစ်တယ်။ ဒါက နိုင်ငံတော် မတည်မငြိမ်ဖြစ်နေတဲ့ အချိန်မှာ အရေးယူနိုင်ဖို့ ပြဋ္ဌာန်းထားတာ ဖြစ်တယ်။ ဒါကြောင့် ဒီအက်ဥပဒေအရ အရေးမယူနိုင်ဘူးလို့ ကျနော်တို့ အနေနဲ့ ပြောခြင်း ဖြစ်ပါတယ်။”
တကယ်တော့ ဒီအရေးပေါ်စီမံချက် ပုဒ်မ ၃ ဟာ ၁၉၄၈ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးကာစ ပြည်တွင်းဆူပူမှုတွေ ဖြစ်ပြီးနောက်ပိုင်း အဲဒီဆူပူမှုတွေကို နှိမ်နင်းဖို့ ရည်ရွယ်ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေ ဖြစ်ပါတယ်။ ဒီဥပဒေကို ၁၉၅၀ က ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိန်းသိမ်း ဆောင်ရွက်နေကြတဲ့ တာဝန်ဝတ္တရားတွေ ထမ်းဆောင်နေတဲ့ နိုင်ငံတော်စစ်တပ်နဲ့ ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဆောင်ရွက်မှုတွေကို နှောင့်နှေးအောင်၊ ပျက်ပြားအောင် ကြံရွယ် ပြုမူသူတွေကို သေဒဏ်၊ ဒါမှမဟုတ် တသက်တကျွန်း ထိုက်သင့်စေရမယ်ဆိုတဲ့ အချက်တွေနဲ့ ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။
ဒါကြောင့် အခု သူတို့ကို လက်ရှိ တည်ဆဲဥပဒေအရ ရာဇသတ်ကြီး ပုဒ်မတွေနဲ့အတူ နှစ်ရှည်ထောင်ဒဏ်တွေနဲ့သာ အပြစ်ပေး စီရင်ရမှာ ဖြစ်တယ်လို့ ဦးမင်းလွင်ဦးက ပြောပါတယ်။
“ဘာဖြစ်လို့လဲဆိုတော့ အစိုးရရဲ့ လုပ်ငန်းဆောင်တာတခု၊ ဒါမှမဟုတ် အုပ်ချုပ်သူ စစ်တပ်ရဲ့ လုပ်ငန်းဆောင်တာ တခုကို နှောင့်နှေးစေအောင် ကြံဆောင်မယ်၊ လုပ်ဆောင်မယ်၊ သစ္စာဖောက်ဖျက်မယ်၊ ဖျက်ဆီးမယ်ဆိုရင် ရာဇသတ်ကြီး ဥပဒေမှာ အရေးယူနိုင်တဲ့ ပုဒ်မတွေ အတိအလင်းရှိတယ်။ အဲဒီဥပဒေတွေနဲ့ပဲ အရေးယူရမှာ ဖြစ်တယ်။
“သို့သော်လည်း ဒီနေ့ လက်ရှိ စစ်အစိုးရက ရာဇသတ်ကြီး ဥပဒေမှာပါတဲ့ ပြဋ္ဌာန်းချက်တွေနဲ့ သူတို့က အရေးမယူနိုင်ဘူးဖြစ်တယ်။ ပြစ်မှုကျူးလွန်တယ်လို့ သူတို့ စွပ်စွဲထားတဲ့ တရားခံတွေကို အပြစ်ပေးနိုင်ဖို့အတွက် ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ ၃ အရ အရေးယူ စီမံဆောင်ရွက်တယ်လို့ ကျနော်တို့ ပြောချင်ပါတယ်။”
မြန်မာနိုင်ငံမှာ လက်ရှိ စစ်အစိုးရ လက်ထက်အတွင်း ရာဇသတ်ကြီး ပုဒ်မတွေနဲ့ အရေးယူခဲ့တဲ့သူတွေ ရှိခဲ့ဖူးပေမဲ့လည်း တရားလိုဟာ တရားဝင် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ တင်မြှောက်ထားတဲ့ အစိုးရ မဟုတ်တာကြောင့် အဲဒီပုဒ်မတွေနဲ့ ပယ်ဖျက်လိုက်ရတဲ့ နမူနာတွေ ရှိခဲ့ဖူးတယ်လို့လည်း ဦးမင်းလွင်ဦးက ရှင်းပြပါတယ်။
“နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု၊ အားပေးကူညီမှု၊ ကြံစည်မှု၊ ထိန်ချန်မှု စတာတွေနဲ့ ပတ်သက်လို့ အရေးယူမယ်ဆိုရင် တရားလိုဖြစ်တဲ့ အစိုးရကိုယ်တိုင်က ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရတရပ် ဖြစ်ဖို့လိုတယ်။ ပထမတုန်းက ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးတို့၊ ရှမ်းပြည်တပ်မတော်က ဗိုလ်ချုပ်ဆေထင်တို့၊ ဦးစိုင်းညွန့်လွင်တို့ အဲဒီလူတွေကို အရေးယူတဲ့အခါ အတိအလင်း ခုခံချေပခဲ့တာတွေ ရှိတယ်။
“အဲဒီလိုဖြစ်ပြီး နောက်ပိုင်းမှာလည်း ကိုစည်သူမောင်တို့ မစုစုနွေးတို့ကိုလည်း ကန့်ကွက်ပြောဆိုတဲ့အတွက် နောက်ပိုင်းမှာ ဒီပုဒ်မတွေကို ရုပ်သိမ်းသွားပြီး နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးတဲ့သူတွေ၊ အန္တရာယ်ပေးတဲ့ သူတွေနဲ့ ပတ်သက်ပြီးတော့ ပုဒ်မ ၁၂၂၊ ၁၂၃၊ ၁၂၄ နဲ့ အရေးယူမှုတွေကို ရပ်ဆိုင်းသွားတယ်ဆိုတာ တွေ့ရပါတယ်။”
AHRC အာရှ လူ့အခွင့်အရေး ကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။
လုပ်ရှိအုပ်ချုပ်နေတဲ့ အစိုးရရဲ့ လုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်လို့ လျှို့ဝှက်ချက် ပေါက်ကြားမှုတွေ၊ အခွင့်မရှိဘဲ လက်ဝယ်ထား လွှဲပြောင်းတာမျိုးတွေ ဖြစ်ရင်တောင်မှ ၁၉၂၃ အစိုးရ လျှို့ဝှက်လုပ်ငန်း ဥပဒေ ၆/၃ အရသာ အရေးယူနိုင်တယ်လို့ ပြောပါတယ်။ ဒီပုဒ်မဟာလည်း ၂ နှစ်ကနေ အကြီးမားဆုံး ၁၄ နှစ်အထိသာ ပြစ်ဒဏ်ပေးနိုင်တဲ့ ပုဒ်မဖြစ်တယ်လို့လည်း ပြောပါတယ်။
ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော်နဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ထမ်း ဦးသူရကျော် အပါအဝင် တခြားဝန်ထမ်းတဦးဖြစ်တဲ့ ဦးပျန်စိန်တို့ဟာ နျူကလီးယား ဓာတ်ပေါင်းဖိုကိစ္စ၊ မြေအောက်လိုဏ်ခေါင်း စီမံကိန်းတွေနဲ့အတူ မြောက်ကိုရီးယားမှာ လျှို့ဝှက် လက်နက်ဝယ်ယူရေး စတဲ့ စစ်တပ်ရဲ့ ထိပ်တန်း လျှို့ဝှက်ချက်တွေကို ပေါက်ကြားအောင် လုပ်ခဲ့တယ်ဆိုတဲ့ ပြစ်ဒဏ်တွေနဲ့ သူတို့ကို ၂၀၀၉ ခုနှစ်က ဖမ်းဆီးခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့က သေဒဏ်နဲ့အတူ နှစ်ရှည်ထောင်ဒဏ်တွေ အပြစ်ပေးခံရတာ ဖြစ်ပါတယ်။