သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဒုက္ခသည် ဂျပန် စတင် လက်ခံတော့မည်


ထိုင်း၊ မြန်မာနယ်စပ် မယ်လ ဒုက္ခသည်စခန်းက မြန်မာစစ်ပြေးဒုက္ခသည် ၃၀ ကို ဂျပန်နိုင်ငံက ပထမဦးဆုံး အကြိမ်အဖြစ် ဒီနှစ်အတွင်းမှာ စတင်ခေါ်ယူတော့မှာ ဖြစ်တဲ့အကြောင်း၊ လူတွေ့စစ်ဆေးမှုတွေကို မကြာခင်မှာ လုပ်သွားတော့မှာ ဖြစ်ကြောင်း ထိုင်း၊ မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းက ကော်မတီ တာဝန်ရှိသူတွေက ပြောပါတယ်။ အပြည့်အစုံကို မအေးအေးမာက တင်ပြပေးထားပါတယ်။

၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့နဲ့ ၁၈ ရက်နေ့တွေမှာ ဂျပန်နိုင်ငံက ဒုက္ခသည်ကိစ္စတွေကို လက်ခံဆောင်ရွယ်မယ့် ကိုယ်စားလှယ် အဖွဲ့တွေဟာ မယ်လစခန်းကို လာရောက်ပြီး ဂျပန်နိုင်ငံကို သွားဖို့အတွက် လျှောက်ထားသူ လူ ၅၀ လောက်နဲ့ မယ်လစခန်းက စခန်းကော်မတီဝင်တွေကို တွေ့ဆုံခဲ့ပြီး အခုလို သွားဖို့အတွက် လျှောက်ထားသူတွေကို တရားဝင် လူတွေ့စစ်ဆေးမှု လုပ်ဖို့ အစီအစဉ်တွေ ဖြစ်လာတာ ဖြစ်ပါတယ်။

မယ်လစခန်းကော်မတီ ဒုတိယဥက္ကဋ္ဌ မန်းထွန်းထွန်းကတော့ သွားသင့်သူတွေကို UNHCR ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက အကြမ်းဖျင်း ရွေးချယ်ပေးထားတယ်လို့ ဆိုပါတယ်။ ဂျပန်နိုင်ငံက ဒုက္ခသည်တွေကို ခေါ်ယူတဲ့အခါမှာလည်း အကန့်အသတ်နဲ့ ခေါ်ယူခဲ့ပုံကို အခုလို ပြောပြပါတယ်။

“ဇန်နဝါရီလအကုန် ဖေဖော်ဝါရီလ အတွင်းမှာ သူတို့ အင်တာဗျူးတွေ အပြီးလုပ်သွားဖို့ရှိတယ်။ ဂျပန်နိုင်ငံက သတ်မှတ်ချက်လေးတွေ ရှိတယ်။ စမ်းသပ်စီမံကိန်းဆိုတော့ မိသားစုဝင်တွေ ဖြစ်ရမှာပေါ့။ မိသားစုတွေ ဖြစ်ရမယ်။ အမေနဲ့ အဖေကတော့ အသက် ၂၀ ကျော်နဲ့ ၄၀ ကြားမှာပေါ့။ ၂၀ ကျော်နဲ့ ၄၀ ကြား သတ်မှတ်ရတာကလည်း သူတို့ စီမံကိန်း အောင်မြင်စေချင်လို့။ ဟိုမှာ အလုပ် လုပ်ကိုင်နိုင်စွမ်း ရှိတဲ့လူတွေကိုပဲ သူတို့ ခေါ်ချင်တယ်။

“ကလေးတွေကတော့ အသက် ၈ နှစ်နဲ့ ၁၂ နှစ်ကြား အရွယ်တွေပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ ကလေးတွေက ဟိုမှာရောက်ရင် အံဝင်ခွင်ကျဖြစ်တာ လွယ်တယ်။ ကျောင်းပညာရေးမှာဆိုလည်း လွယ်လွယ်ကူကူ သူတို့ သင်ယူလို့ရတယ်။ အသက်ကြီးတဲ့ ကလေးတွေကျတော့လည်း ဂျပန်နိုင်ငံမှာ Junior High School လောက်ပဲ Free Education ရှိတဲ့အခါကြတော့ ကျောင်းစရိတ် မတတ်နိုင်မှာလည်း သူတို့ စိုးရိမ်တယ်။ ဒါကြောင့် သတ်မှတ်ချက် အဲဒါလေးတွေ ရှိတာပေါ့။ ဘာသာစကား နှစ်ခုတတ်တဲ့လူလည်း ဖြစ်သင့်တယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ ဘာသာစကား နှစ်မျိုးဆိုတာ ဘာ ဘာသာပဲဖြစ်ဖြစ်ပေါ့။”

ဂျပန်နိုင်ငံက မြန်မာဒုက္ခသည်တွေကို ခေါ်တဲ့ကိစ္စဟာ စည်းကမ်းချက် အကန့်အသတ်တွေနဲ့မို့ အစပိုင်းမှာ သွားမယ့်သူ နည်းပါးတာကြောင့် UNHCR က ဂျပန်နိုင်ငံရဲ့ အခြေအနေတွေကို ဒုက္ခသည်စခန်းတွင်းမှာ လာရောက် ရှင်းပြတာတွေလည်း ရှိခဲ့ပါတယ်။ အခုကာလမှာတော့ ဒုက္ခသည် အတုအယောင်တွေ ရှိနေတဲ့အတွက် အမေရိကန်ကို လျှောက်ထားလိုတဲ့ ဒုက္ခသည်တွေကိုလည်း ခေတ္တ ရပ်နားထားတယ်လို့ ဆိုပါတယ်။

“အမေရိကန်က အတုအယောင် သွားတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး သူတို့ စုံစမ်းစစ်ဆေးမှုတွေ မပြီးဆုံးခင် အထိတော့ အမေရိကန် နိုင်ငံကို သွားချင်တဲ့ စိတ်ဝင်စားမှုကို သူတို့ ခဏရပ်ထားတယ်။ သူတို့ တရားဝင်စကား အဲဒီလိုသုံးတယ်ဗျ။ စိတ်ဝင်စားမှုကို ရပ်ဆိုင်းခြင်းလို့ သုံးထားတယ်။”

အခုအခါမှာတော့ ဂျပန်ကို သွားလိုသူတွေ၊ စိတ်ဝင်စားသူတွေ ရှိလာပြီလို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ဂျပန်ကို သွားလိုသူတွေအတွက်တော့ သင်တန်းတွေ တက်ဖို့နဲ့ အခြေချ နေထိုင်ရမယ့် အခြေအနေတွေကိုလည်း ဆက်လက်ရှင်းပြ သင်တန်းပေးသွားမယ်ဆိုတဲ့ အကြောင်းကိုလည်း မန်းထွန်းထွန်းက ဆက်ပြောပြပါတယ်။

“တင်တဲ့လူတွေ အားလုံး အင်တာဗျူး လုပ်ပြီးရင် သူတို့က အယောက် ၃၀ ပေါ့၊ အဲဒီ အယောက် ၃၀ ကို လက်ခံပြီးရင် ကျနော်တို့အခေါ် ယဉ်ကျေးမှုသင်တန်းပေါ့၊ အခြေခံ ဂျပန်ဘာသာ စကားပြောသင်တန်း၊ ဂျပန်ရောက်ရင် ဘယ်လို ဘတ်စ်ကားစီးရမလဲ၊ လမ်းမှာ လေယာဉ် ဘယ်လိုစီးရမလဲ၊ ဂျပန်နိုင်ငံရဲ့ လူနေမှု အခြေအနေ ဘယ်လိုရှိလဲ၊ အဲဒါ သုံးလ သင်ကြားပေးမယ်။ သုံးလ သင်ကြားပေးပြီး စက်တင်ဘာလလောက်ကျရင် တိုကျိုအရောက် ခေါ်သွားမယ်။ လူအယောက် ၃၀ ကို တိုကျိုမှာ တစုတည်းထားမယ်။ တိုကျိုမှာ တစုတည်းထားတဲ့အခါ ၆ လတာအတွင်း သူတို့က အပြည့်အ၀ ထောက်ပံ့ပေးမယ်။

“တိုကျိုမှာနေတဲ့ ၆ လတာ ကာလအတွင်းမှာတော့ ဂျပန်စကားပြောတွေ၊ အလုပ်အကိုင် ဘယ်လိုရှာဖွေရမယ်၊ ဘယ်လို အလုပ်အကိုင်မျိုးက သင့်တော်သလဲ၊ အဲဒါနဲ့ ပတ်သက်တဲ့ သင်တန်းတွေ၊ ပညာပေးရေးတွေ သူတို့ လုပ်သွားမယ်။ ဂျပန်အစိုးရအောက်က ကူညီထောက်ပံ့ရေး လူမှုရေး အဖွဲ့အစည်းက လုပ်ဆောင်ပေးမယ်၊ ဂျပန်နိုင်ငံမှာ။ ၆ လကျော်သွားတာနဲ့ တနှစ်နဲ့ ၆ လအတွင်း ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်သွားရတော့မယ်။”

အခုလက်ရှိ အခြေအနေမှာတော့ မယ်လစခန်းတွင်းမှာ ဒုက္ခသည် ၄၀,၀၀၀ ကျော်ရှိနေပြီး လစဉ်တိုးလာတဲ့ လူဦးရေကတော့ အနည်းဆုံး ၂၀၀ ဝန်းကျင် ရှိတယ်လို့ ဆိုပါတယ်။ တိုးလာတဲ့ လူဦးရေအတွက် ရိက္ခာပြဿနာကိုလည်း ဆက်လက် ရင်ဆိုင်နေရဆဲဖြစ်ပြီး ၂၀၁၀ ခုနှစ်အတွက် လက်ရှိရနေတဲ့ ရိက္ခာအခြေအနေတွေကလည်း ဘယ်လောက် အတိုင်းအတာအထိ ရမလဲဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။

နှစ်သစ်ကူးကာလ နားရက်တွေ ဖြစ်နေတဲ့အတွက် စခန်းတွင်းမှ တာဝန်ရှိတဲ့ NGO အစိုးရမဟုတ်တဲ့ အဖွဲ့တွေက ပိတ်ရက်တွေ ဖြစ်နေပြီး အလုပ်တွေ ပြန်ဆင်းမှသာ အခြေအနေတွေ သိရမယ်လို့ ဆိုပါတယ်။ ဂျပန်ကခေါ်တဲ့ ဒုက္ခသည် အရေအတွက်ဟာ ပထမနှစ်မှာတော့ မယ်လစခန်းကို လျာထားခဲ့ပေမဲ့ နောက်နှစ်တွေမှာတော့ ဘယ်စခန်းက ခေါ်မလဲဆိုတာ မသိရသေးကြောင်း စခန်းကော်မတီ ဒုတိယဥက္ကဋ္ဌ မန်းထွန်းထွန်းက ဆက်လက် ရှင်းပြခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG