သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုအိမ် ပြင်ဆင်ရေး တရားဝင် ကန့်ကွက်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် နေထိုင်နေတဲ့ အိမ်ကို အမွေဆိုင်အဖြစ် တရားရင်ဆိုင်နေတဲ့ အကိုဖြစ်သူ ဦးအောင်ဆန်းဦးဘက်က နေအိမ်ပြင်ဆင်မှုကို တရားဝင် ကန့်ကွက်ကြောင်း ဒီကနေ့ တရားရုံးကို လျှောက်ထားလိုက်ပါတယ်။ ဆယ်စုနှစ်တစုနီးပါး ကြန့်ကြာနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမွေဆိုင်အမှု နောက်ဆုံး အခြေအနေတွေကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းကျရင်း နေထိုင်ရာ နေအိမ်မှာ ယိုယွင်းပျက်စီး နေတာတွေကို ပြုပြင်မွမ်းမံဖို့ စီစဉ်နေတာကို ဒီအိမ်ကို အမွေခံယူထိုက်ကြောင်း လျှောက်ထားတဲ့ အကိုဖြစ်သူ ဦးအောင်ဆန်းဦးဘက်က တရားရုံးမှာ တရားဝင် လျှောက်ထားလိုက်တာပါ။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလထဲမှာ နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှုနဲ့ တရားရင်ဆိုင်နေရစဉ် ကာလမှာပဲ နေအိမ်ပြင်ဆင်ခွင့် လျှောက်ထားခဲ့ပြီး အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ ဒီဇင်ဘာလဆန်းကစလို့ ပြင်ဆင်မှုတွေ စတင်ခဲ့တာ ဖြစ်ပေမဲ့ နောက်ပိုင်း အမွေဆိုင်အဖြစ် ဦးအောင်ဆန်းဦးဘက်က ကန့်ကွက်ရာကစလို့ ရပ်နားထားရတာ ဖြစ်ပါတယ်။

အခုနောက်ဆုံး တရားဝင် ကန့်ကွက်ချက်နဲ့ ပတ်သက်လို့ ရှေ့လာမယ့် ဖေဖော်ဝါရီလ ၄ ရက်နေ့ ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က ကန့်ကွက်သွားမယ်လို့လည်း သူ့ရဲ့ ဥပဒေအကျိုးဆောင်ဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ဒီနေ့ ဦးအောင်ဆန်းဦးဘက်က အခု အိမ်ပြင်နေတဲ့ ကိစ္စကို တရားရုံးကနေ ယာယီ တားဝရန်း ထုတ်ပေးပါဆိုပြီး ဒီနေ့ လျှောက်ပါတယ်။ နောက်ရက်ချိန်းကျရင် ကျနော်တို့ ဒီဥစ္စာကို ကန့်ကွက်မယ်။ နောက်ရက်ချိန်းကတော့ ၄ ရက်နေ့။ အခုလောလောဆယ် တားထားတာက ရန်ကုန်မြို့တော် စည်ပင်က တားတာ။ အကြောင်းပြချက် မပါဘူး။ အဲတော့ တားဝရန်းက တကယ်လို့ ဒီလိုတားတယ်ဆိုတာ ဥပဒေသဘော အရတော့ တရားရုံးမှာ အာဏာရှိတာ။ တရားရုံးကို ဒီနေ့မှ လျှောက်တာ၊ သူတို့က။ အခုတော့ စည်ပင်သာယာက တားတော့ ကျနော်တို့က ရပ်ထားတာပေါ့လေ၊ သူတို့ အမိန့်အတိုင်းပေါ့။”

ရန်ကုန်မြို့က အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်နဲ့ ခြံဝန်းကို အကိုဖြစ်သူ ဦးအောင်ဆန်းဦးက သူလည်း ပိုင်ဆိုင်ထိုက်ကြောင်း လျှောက်ထားရာကစလို့ တရားတဘောင် ဖြစ်ခဲ့ရတာ လွန်ခဲ့တဲ့ ၂၀၀၁ ခုနှစ်ကတည်းက ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီကာလအတွင်းမှာ ဖမ်းဆီးခံဘဝနဲ့ တောက်လျှောက် နေနေခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အမှုကို ပြီးပြတ်အောင် မဆောင်ရွက်နိုင်တဲ့ အခြေအနေမျိုးနဲ့ ကြုံနေခဲ့ရတာလည်း ဖြစ်ပါတယ်။

“နောက်ဆုံးအခြေအနေက ဒေါ်အောင်ဆန်းစုကြည် ပြမယ့် သက်သေ၊ ပြမယ့်သက်သေ စာရင်းက ရုံးမှာရှိတယ်၊ တင်ထားတယ်။ အဲဒီသက်သေတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ခွင့်ရှိဖို့ လိုတယ်။ တွေ့ခွင့်ရှိလာရင် ဒီအမှု ဆက်ပြီး Proceed လုပ်သွားမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ပြမယ့် သက်သေတွေ စစ်ဖို့ကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်က သူ့ Right ရှိတယ်။ သူ့သက်သေတွေနဲ့ သူနဲ့ တိုင်ပင်ဆွေးနွေးရမယ်၊ Instruction ယူရမယ်၊ Instruction ပေးရမယ်။ အဲဒါကို မလုပ်နိုင်သေးတော့ တရားရုံးကပဲ ဖော်ပြရန်ချိန်းပေါ့၊ ဗမာလိုသုံးတာတော့၊ Mention date နဲ့ သွားနေတာ။ ဆက်မတိုးသေးဘူးပေါ့၊ အမှုက။ အဲဒီမှာ ခေတ္တ ဆိုင်းငံ့နေတဲ့သဘော။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင် တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

ဒီလိုပဲ ပြီးခဲ့တဲ့နှစ်ထဲမှာ တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားချင်းတဦးက နေအိမ်ခြံဝန်း တစိတ်တပိုင်းကို ပိုင်ဆိုင်ကြောင်း ပြောဆိုခဲ့တာမျိုး ရှိခဲ့တာပါ။ အချေအတင် ဖြစ်နေရတဲ့ နေအိမ်နဲ့ ခြံဝန်းဟာဆိုရင် မိခင်ဖြစ်သူ ဒေါ်ခင်ကြည် ကွယ်လွန်ချိန် ၁၉၈၈ ခုနှစ်ကစလို့ ဒေါ်အောင်ဆန်းစုကြည် တောက်လျှောက်နေထိုင်ရာ နေရာဖြစ်သလို ရှစ်လေးလုံးလို့ ထင်ရှားတဲ့ ဒီမိုကရေစီရေး တောင်းဆို အုံကြွမှုတွေ ပေါ်ပေါက်ခဲ့တဲ့ အချိန်မှာ လူထုလှုပ်ရှားမှုတွေ ရှိခဲ့ရာ နောက်ပိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ရုံးစိုက်ခဲ့ရာအဖြစ် ထင်ရှားတဲ့ နေရာတနေရာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG