သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုညီညီအောင်ကို ပြစ်ဒဏ်မစီရင်ဖို့ လူ့အခွင့်အရေးအဖွဲ့ တောင်းဆို


မြန်မာနိုင်ငံဖွား အမေရိကန် နိုင်ငံသား ကိုညီညီအောင်ကို အခုလာမယ့် ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ပြစ်ဒဏ် အမိန့်ချမှတ်ဖို့ ရှိနေပါတယ်။ ကိုညီညီအောင်ဟာ သူ့ရဲ့အမြင်ဆန္ဒကို ငြိမ်းငြိမ်းချမ်းချမ်း ဖော်ထုတ်သူပဲဖြစ်ပြီး ရာဇဝတ်မှု ကျူးလွန်တာမျိုး မရှိတာကြောင့် အမြန်ဆုံး ပြန်လွှတ်ပေးဖို့ နယူးယောက် အခြေစိုက် Human Rights Watch အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

ကိုညီညီအောင်ဟာ ထိုင်းနိုင်ငံမှာ အခြေစိုက်ပြီး လုပ်နေတဲ့ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှုမှာ ပါဝင်လုပ်ကိုင်နေသူဖြစ်ပြီး အခုလို နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးအတွက် လှုပ်ရှားနေသူတဦးကို ဖမ်းဆီးထောင်ချမယ် ဆိုတာဟာ ရက်စက်လွန်းရာ ကျပါတယ်လို့ လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်မှု အဖွဲ့ရဲ့ ဝါရှင်တန်ဒီစီရုံးက တွမ် မာလင်နောစကီး (Tom Malinowski) က ဗွီအိုအေကို အခုလို ပြောပါတယ်။

“အမေရိကန် နိုင်ငံသား ကိုညီညီအောင်ကို မြန်မာအစိုးရအနေနဲ့ ထောင်မချဖို့၊ သူနဲ့ပတ်သက်လို့ အမှားအယွင်း မလုပ်မိဖို့ ကျနော်တို့ကတော့ ရိုးရိုးသားသား မျှော်လင့်နေပါတယ်။ သူဟာ သူ့ရဲ့ဆန္ဒ သဘောထားကို ငြိမ်းငြိမ်းချမ်းချမ်း ထုတ်ဖော်ခဲ့တာပဲရှိပြီး အခြား ဘာမှ လုပ်ခဲ့သူ မဟုတ်ပါဘူး။ ရာဇဝတ်မှု ကျူးလွန်တာမျိုး မရှိခဲ့ပါဘူး။ သူဟာ အမေရိကန် နိုင်ငံသားပါ။ သူ့ကို ထောင်ချ အပြစ်ပေးလိုက်မယ် ဆိုရင်တော့ မြန်မာအစိုးရနဲ့ ထိစပ်ဆက်ဆံဖို့ ကြိုးပမ်းနေတဲ့ အမေရိကန် အစိုးရအတွက် အနှောင့်အယှက် ဖြစ်သွားစေမှာပါ။”

ကိုညီညီအောင်ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၃ ရက်နေ့က ရန်ကုန် မင်္ဂလာဒုံလေဆိပ်မှာ မြန်မာအာဏာပိုင်တွေက ဖမ်းဆီးခဲ့တာပါ။ သူ့ကို မူလက နိုင်ငံတော် လုံခြုံရေး အက်ဥပဒေ ချိုးဖောက်မှုနဲ့ အရေးယူခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ မှတ်ပုံတင် အတုလုပ်မှုနဲ့ ပြောင်းပြီး စွဲချက်တင်ခဲ့ပါတယ်။ ဒါ့အပြင် တရားမဝင် နိုင်ငံခြားငွေ ကိုင်ဆောင်မှုနဲ့လည်း တရားစွဲခဲ့ပါတယ်။

ကိုညီညီအောင်ဟာ ဖမ်းဆီးခံရစဉ်အတွင်း ညှဉ်းပန်းနှိပ်စက် ခံခဲ့ရတယ် ဆိုတဲ့အတွက် စိုးရိမ်မိတယ်လို့ အမေရိကန် အစိုးရက ကြေညာခဲ့သလို နိုင်ငံတကာ စံနှုန်းအတိုင်း သူ့ကို ပြုမူဆက်ဆံဖို့လည်း မြန်မာအာဏာပိုင်တွေကို တောင်းဆိုခဲ့ပါတယ်။ HRW လူ့အခွင့်အရေး အဖွဲ့ကြီးကတော့ အမေရိကန်အစိုးရ အနေနဲ့ သံတမန်နည်းလမ်းကို အရှိန်မြှင့်ပြီး ကိုညီညီအောင် အမြန်ဆုံး ပြန်လွတ်လာဖို့ ကြိုးစားသင့်တယ်လို့ တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG