သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမား မိန့်ခွန်းထဲမှ အီဒီယံ အသုံးအနှုန်းများ (၁)


ဇန်နဝါရီလ (၂၇) ရက်နေ့က အမေရိကန်ပြည်ထောင်စုရဲ့  သမ္မတကြီး ဘာရက် အိုဘားမား (Barack Obama) က သူရဲ့  သမ္မတသက်တမ်းအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် နိုင်ငံနဲ့ လွှတ်တော်နှစ်ရပ် (Senate and Congress) တို့ကို နိုင်ငံတော်အခြေပြ မိန့်ခွန်း (State of Union Address) ပြောကြားခဲ့ပါတယ်။ အဲဒီ ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ အီဒီယံအသုံးပေါင်း (၂၀) ကျော် ထည့်သွင်းပြောဆိုသွားတာကို တွေ့ရှိရပါတယ်။ အဲဒီ အီဒီယံအသုံးအနှုန်းများထဲမှ ကောက်နုတ်တင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းများကတော့ stay afloat, put on hold, nest egg နဲ့ under my belt တို့ ဖြစ်ကြပါတယ်။

ပထမ အီဒီယံအသုံးအနှုန်းက stay afloat ဖြစ်ပါတယ်။ stay က နေသည်၊ afloat က ရေပေါ်မှာ ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ ရေမနှစ်အောင် ရေပေါ်မှာ ပေါ်နေအောင်နေသည် ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်ရင် ဒေဝါလီမခံရအောင်၊ လုပ်ငန်းများကို ပိတ်ရတဲ့အခြေအနေ မရောက်အောင်၊ လည်ပတ်နေဆဲဖြစ်အောင်။ လူတဦးအနေနဲ့ဆိုရင် စီးပွားရေးမပျက်ဘဲ နေသွားနိုင်တာကို ဆိုခြင်းဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ သမ္မတအိုဘားမား က သူရဲ့  မိန့်ခွန်းထဲမှာ wall street banks တွေကို ကယ်တင်ဖို့ အစိုးရက စိုက်ထုတ်ပေးခဲ့တဲ့ငွေတွေကို ပြန်ပြီးဆပ်လို့ရလာတဲ့ ဒေါ်လာကုဋေ ၃၀၀၀ ကို အသေးစားစီးပွားရေးတွေ ကယ်တင်ဖို့ အသုံးပြုကြပါစို့လို့ ပြောဆိုသွားတာကို လေ့လာကြည့်ရအောင်ပါ။

"And use it to help community banks give small businesses the credit they need to stay afloat"

"ဒီပြန်ဆပ်ငွေတွေကို အသေးစားစီးပွားရေးလုပ်ငန်းတွေ ဆက်လည်ပတ်နိုင်အောင် လိုအပ်တဲ့ချေးငွေအဖြစ် ဒေသခံဘဏ်တွေက ကူညီထုတ်ချေးနိုင်ဖို့ အသုံးပြုကြရအောင်။"


ဒုတိယတင်ပြပေးမယ့် အီဒီယံအသုံးကတော့ put on hold ဖြစ်ပါတယ်။ put က ထားပါ၊ on က အပေါ်မှာ၊ hold ကိုင်ထားပါ တို့ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ ကိုင်ထားပေးပါ ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကလည်း အနည်းငယ် ခပ်ဆင်ဆင်ပါ - ခေတ္တဆိုင်းထားပါ၊ ဆက်မလုပ်ပါနဲ့၊ ရပ်ခိုင်းထားပါ စတဲ့ အဓိပ္ပါယ်များဆောင်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ သမ္မတအိုဘားမား သူ့မိန့်ခွန်းထဲမှာ ပြောကြားခဲ့တာကို လေ့လာကြည့်ရအောင်ပါ။

"How long should America put its future on hold?"

"အမေရိကန်ပြည်ထောင်စုအနေနဲ့ အနာဂတ်တိုးတက်ရေးကို ဘယ်လောက်ကြာကြာ ဆက်ပြီးဆိုင်းထားခိုင်းမှာလဲ?"


ဆက်လျှက်တင်ပြပေးမယ့် အီဒီယံအသုံးကတော့ nest egg ဖြစ်ပါတယ်။ nest က ငှက်အသိုက် (သို့) ကြက်/ဘဲတို့ ဥဝပ်တဲ့နေရာ၊ egg က ဥ (ကြက်ဥ၊ ငှက်ဥ) တို့ဖြစ်ပါတယ်။ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ဥရှိတဲ့ ငှက်သိုက် ဖြစ်ပါတယ်။ ဒီ အသုံးအနှုန်း ဆင်းသက်လာတာကတော့ ငှက်သိုက်ထဲမှာ (သို့မဟုတ်) ကြက်ဝပ်ကျင်းထဲမှာ အစက ဥ မရှိပေမယ့် ဥ တလုံးသွားထားခဲ့ရင် ငှက် (သို့မဟုတ်) ကြက်၊ဘဲ တွေဟာ အဲဒီနေရာမှာ နောက်ထပ် ဥ တွေ ဥ လိမ့်မယ်ဆိုတဲ့ အယူအဆက ဆင်းသက်လာတာ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ ကိုယ်ရှိတာလေးကို မသုံးဘဲ စုဆောင်းထား၊ ပြီးတော့ အဲဒါကို ထပ်ဖြည့်ရင် တနေ့ကျရင် အဲဒီကနေ ယူသုံးနိုင်တယ့် သဘောဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ အိုစားနာစား စုဆောင်းငွေ ဖြစ်ပါတယ်။

သမ္မတအိုဘားမား ကတော့ အလုပ်သမားတွေ အငြိမ်းစားယူတဲ့အခါ ငွေစုဆောင်းနိုင်ဖို့အတွက် ဝင်ငွေခွန် ဆောင်ရာမှာ ပြန်အပ်ငွေ တိုးပေးကြဖို့ အစီအစဉ်ကို အောက်ပါအတိုင်း ပြောကြားသွားပါတယ်။

"Expanding the tax credit for those who start a nest egg."

"အိုစားနာစား စုဆောင်းကြသူတွေအတွက် အခွန်ဆောင်ငွေကနေ ပြန်အပ်တဲ့ငွေ တိုးပေးမယ်။"


နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ သမ္မတအိုဘားမား သုံးနှုန်းပြောကြားသွားတဲ့ နောက်ထပ်အီဒီယံမှာ under my belt ဖြစ်ပါတယ်။ under က အောက်ဖက်မှာ၊ my က ကျနော်၊ belt က ခါးပတ် တို့ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ ကျနော့်ခါးပတ်အောက်မှာ ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကတော့ ကိုယ့်ဗိုက်ထဲမှာ စားထားတဲ့အစား၊ အရေ တို့ကို ဆိုလိုနိုင်သလို။ ဒီနေရာမှာတော့ ကိုယ်လုပ်ခဲ့တဲ့ အောင်မြင်မှုကို ဆိုလိုတာဖြစ်ပါတယ်။ ကျမတို့ မြန်မာစကားမှာလည်း ခါးပတ်ဆောင်ထဲ ထဲ့ထားတယ်ဆိုတဲ့ အသုံး ရှိပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ သမ္မတအိုဘားမား သူ့မိန့်ခွန်းထဲမှာ ကျန်းမာရေးပြုစုစောင့်ရှောက်မှု ပြုပြင်ပြောင်းလဲရေးလို အရေးကြီးကိစ္စရပ်ကို ကိုင်တွယ်ဖြေရှင်းရတဲ့အကြောင်းကို အောက်ပါအတိုင်း ပြောကြားထားပါတယ်။

"I didn't choose to tackle this issue to get some legislative victory under my belt."

"ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ ရွေးခဲ့တာက ဥပဒေပြဌာန်းရေးမှာ ကျနော့် ခါးပိုက်ဆောင်ထဲမှာ အောင်မြင်မှုတခုရခဲ့တယ်ဆိုပြီး ပြသခဲ့တာ မဟုတ်ပါဘူး။"

ဆက်စပ်သတင်းများ ...

XS
SM
MD
LG