ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံကြား ရေပြင်နယ်နိမိတ် ပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားနေတဲ့ ပြဿနာကို United Nations Convention on the Law of the Sea (UNCLOS) သဘောတူညီချက်နဲ့ နိုင်ငံတကာ တရားရုံး (International Tribunal) က ဖြေရှင်းပေးတော့မှာ ဖြစ်ပါတယ်။ နှစ်နိုင်ငံ လျှောက်လဲချက် တင်သွင်းဖို့အတွက် ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ဂျာမဏီနိုင်ငံ ဟန်းဘာ့ဂ် (Hamburg) နိုင်ငံတကာ တရားရုံး အကြီးအကဲက ရက်သတ်မှတ်ပေးခဲ့တယ်လို့ တရားရုံး ပြောခွင့်ရက ပြောပါတယ်။ အကြောင်းစုံကို ထိုင်းနိုင်ငံရောက် ဗွီအိုအေ ဝိုင်းတော်သူ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
မနှစ် အောက်တိုဘာလ ၈ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနဲ့ ရေပြင်ပိုင်နက် နယ်နိမိတ် အငြင်းပွားနေတဲ့ ပြဿနာကို ဖြေရှင်းပေးဖို့ UNCLOS ခေါ် ကုလသမဂ္ဂ ရေပြင်ဆိုင်ရာ အဖွဲ့ကို တိုင်ကြားခဲ့ပါတယ်။ နှစ်နိုင်ငံကြား ရေပြင်ပိုင်ဆိုင်မှု ပြဿနာကို ကုလသမဂ္ဂက ဖြေရှင်းပေးဖို့ နိုဝင်ဘာလထဲမှာ မြန်မာဘက်က သဘောတူခဲ့ပြီး ဒီဇင်ဘာလမှာ ဘင်္ဂလားဒေ့ရှ်ဘက်က သဘောတူတာကြောင့် ကုလသမဂ္ဂက အမှုအမှတ် ၁၆ အဖြစ်နဲ့ သတ်မှတ်ခဲ့ပါတယ်။
ဇန်နဝါရီလထဲမှာ ဂျာမဏီနိုင်ငံ ဟန်းဘာ့ဂ်က ကုလသမဂ္ဂ UNCLOS ရုံးချုပ်မှာ နှစ်ဘက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ UNCLOS ရုံး ပြောခွင့်ရ မစ်စ် ဂျူလီယာ ရီတာ (Ms. Julia Ritter) က ပြောပါတယ်။
“တွေ့ဆုံဆွေးနွေးမှုတွေကို နိုင်ငံတကာ တရားရုံးမှာ ၂၅ ရက်နဲ့ ၂၆ ရက်တွေမှာ ကျင်းပခဲ့ပါတယ်။ ဒီဆွေးနွေးမှုတွေကနေ နှစ်နိုင်ငံ လျှောက်လဲချက် တင်သွင်းရမယ့် နောက်ဆုံးရက်အတွက် သတ်မှတ်မိန့်ကို ချနိုင်ခဲ့ပါတယ်။” လို့ ပြောသွားပါတယ်။
နိုင်ငံတကာ တရားရုံး UNCLOS ဥက္ကဋ္ဌက သတ်မှတ်ပေးခဲ့တဲ့ ရက်တွေနဲ့ ပတ်သက်ပြီး …
“လျှောက်လဲချက်နဲ့ တန်ပြန်လျှောက်လဲချက်တွေ ပေးရမယ့် ရက်တွေကတော့ ဇူလိုင်လ ၁ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က တင်သွင်းရမှာ ဖြစ်ပြီး မြန်မာနိုင်ငံ အတွက်ကတော့ ဒီဇင်ဘာလ ၁ ရက်နေ့မှာ တင်သွင်းရမှာပါ။” လို့ ပြောသွားပါတယ်။
တရားရုံးတော်မှာ နှစ်ဘက် လျှောက်လဲချက် တင်သွင်းပြီးနောက် ကြားနာမှုတွေ လုပ်လာနိုင်မှာဖြစ်ပြီး ဒါဟာ ၂၀၁၁ ခုနှစ်ထဲမှာ ဖြစ်လာနိုင်ပေမဲ့ ဒီကြားထဲ နှစ်နိုင်ငံကြား ကျေအေးမှု ရသွားရင်တော့ ရုံးဆက်ပြီး တက်စရာ မလိုတော့ဘူးလို့လည်း ပြောပါတယ်။ ဂျာမဏီနိုင်ငံ ဟန်းဘာ့ဂ်က UNCLOS ရုံးချုပ်မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲကို တက်ရောက်သူတွေကတော့ …
“ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ကိုယ်စားလှယ် အဖြစ်နဲ့ မစ်စ် ဒီပူ မိုနီ (Dipu Moni) နဲ့ လက်ထောက်အဖြစ် မစ္စတာ ကူရှပ် အာလွန်တို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဘက်က ကိုယ်စားလှယ်က ဦးထွန်းရှင် ဖြစ်ပြီး ဒေါ်လှမျိုးနွယ်နဲ့ ဦးမြနိုင်ဝင်းတို့က လက်ထောက်အဖြစ်နဲ့ ပါဝင် ဆွေးနွေးခဲ့ကြတာပါ။” လို့ ပြောသွားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန နိုင်ငံခြားရေး အတွင်းဝန်လည်းဖြစ်၊ ရေတပ် အငြိမ်းစား ဗိုလ်ချုပ်ကြီးလည်း ဖြစ်တဲ့ မစ္စတာ ကူရှပ် အာလွန်က တကယ်လို့ ဆွေးနွေးရင်းနဲ့ အဖြေရသွားရင် အမှုဆက်ပြီး တက်စရာ မလိုတော့ဘူးလို့လည်း ပြောပါတယ်။
“တကယ်လို့ ပြဿနာကို ဆွေးနွေးပြီး အဖြေရှာနိုင်ခဲ့ရင်တော့ ဒီအမှုကို ဆက်ပြီး တက်စရာ မလိုတော့ပါဘူး။ နှစ်နိုင်ငံ ရေပိုင်နက် နယ်ခြားကို သဘောတူ သတ်မှတ်နိုင်ခဲ့ရင် အခုစွဲဆိုထားတဲ့ အမှုကို အချိန်မရွေး ရုပ်သိမ်းပေးမှာပါ။” လို့ ပြောသွားပါတယ်။
မြန်မာ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့် ဦးဆောင်တဲ့ အဖွဲ့နဲ့ မစ္စတာ ကူရှပ် အာလွန် ဦးဆောင်တဲ့ အဖွဲ့တွေဟာ ဒီနှစ်ဆန်းပိုင်းမှာလည်း ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ မပြေလည်နိုင်ဘဲ ကုလသမဂ္ဂရဲ့ ကြားဝင် ဆောင်ရွက်မှုကို လက်ခံဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ အခုလို နှစ်နိုင်ငံ ရေပိုင်နက် နယ်နိမိတ် စတင် အငြင်းပွားလာရတာဟာ နှစ်နိုင်ငံ ပိုင်နက်ကြားမှာ အလားအလာ ကောင်းတဲ့ ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့သိုက်တွေ တွေ့ခဲ့ရာက စတင်ခဲ့တာလို့ ဒေသတွင်း အခြေအနေကို စောင့်ကြည့် လေ့လာနေတဲ့ ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှု အဖွဲ့က ကိုဝင်းအောင်က ပြောပါတယ်။
“မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရ အဓိက အငြင်းပွားနေတဲ့ နေရာကတော့ လောလောဆယ် ဒေဝူးကုမ္ပဏီ လုပ်ကိုင်နေတဲ့ သဘာဝဓာတ်ငွေ့ လုပ်ကွက်၊ အဲဒီဟာမှာ ကျနော်တို့ လေ့လာချက်အရ ဆိုရင် ရွှေသဘာဝဓာတ်ငွေ့ ပမာဏတွေ တွေ့ထားတဲ့ အနေအထား တခုလည်း ဖြစ်နေတယ်။ အဲဒီအပေါ်မှာ ထပ်ပြီးတော့ နှစ်နိုင်ငံက ရေမြေပိုင်ဆိုင်မှု အပေါ်မှာ စောဒက တက်ပြီးတော့ ငြင်းခုံမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။
“ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က သူတို့လိုချင်တာကတော့ နှစ်ဦးနှစ်ဘက် အငြင်းပွားနေတဲ့ ရေပိုင်နက်ထဲမှာ ပိုင်ဆိုင်မှုတွေ ရှိခဲ့ရင်လည်း ဘင်္ဂလားဒေ့ရှ်က မျှဝေပြီး ယူမယ်ပေါ့၊ တယောက်တဝက်။ ဥပမာ အဲဒီနေရာမှာ သဘာဝဓာတ်ငွေ့ တွေ့တာပဲဖြစ်ဖြစ်၊ တခြား ပိုင်ဆိုင်မှုတွေ တွေ့တာပဲဖြစ်ဖြစ် ၅၀၊ ၅၀% လိုချင်တာ ရှိတာပေါ့။
“ဒါပေမဲ့ မြန်မာအစိုးရဘက်ကတော့ ပိုင်ဆိုင်မှုတွေ ဆိုတာထက် နိုင်ငံရေး Territory ပေါ့နော်၊ Principle of Distant Equity ပေါ့၊ ဘင်္ဂလားဒေ့ရှ် အစိုးရကျတော့ Principle of Equity ပေါ့။ ဘယ်လောက်ပဲ အတိုင်းအတာ ရှိနေပါစေ၊ အဲဒီထဲမှာ ရှိနေတဲ့ ပိုင်ဆိုင်မှုတွေနဲ့ မျှဝေပြီးတော့ ခံစားမယ်လို့တော့ ရှိတာပေါ့။”
အိမ်နီးချင်း နိုင်ငံတွေအကြား ရေပိုင်နက်ကို နိုင်ငံတကာ ရေကြောင်းဥပဒေအရ သတ်မှတ်ပြီး ခွဲဝေကြပေမဲ့ အခု နှစ်နိုင်ငံကြား ခွဲဝေတဲ့ပုံစံ သဘောတူညီမှု မရတဲ့အတွက် အခုလို နိုင်ငံတကာ တရားရုံးက ဖြေရှင်းပေးရတာ ဖြစ်ပါတယ်။