သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ကုန်သွယ်ရေးဆိုင်ရာ ခြိမ်းခြောက်မှု တရုတ်ပယ်ချ


အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ကုန်သွယ်ရေးနဲ့ ငွေကြေးကိစ္စတွေမှာ တရုတ်အစိုးရအပေါ် ခပ်တင်းတင်း ရပ်တည်သွားမှာ ဖြစ်တယ်လို့ ကတိပြု ပြောကြားလိုက်တဲ့အပေါ်မှာ တရုတ်အစိုးရက ပြန်ပြီး တုံ့ပြန်လိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဗွီအိုအေ သတင်းထောက် ပီတာ စင်မ်စန် (Peter Simpson) သတင်းပေးပို့ထားတာကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

တရုတ်နိုင်ငံရဲ့ ငွေကြေးကို သင့်လျော်တဲ့အဆင့်မှာ သတ်မှတ်ထားတာ ဖြစ်တယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မာဂျောင်ဆူး (Ma Zhaoxu) က ကြာသပတေးနေ့က ပြောကြားလိုက်ပါတယ်။ တရုတ်အစိုးရနဲ့ အမေရိကန် အစိုးရကြား ဆက်ဆံရေး နောက်ဆုံး မပြေမလည် ဖြစ်နေတဲ့ အချိန်အတွင်း အခုလို ပြောလိုက်တာပါ။ ဒါ့အပြင် စွပ်စွဲပြောဆိုတာနဲ့ ဖိအားပေးတာတွေက ပြဿနာကို ပြေလည်စေမှာ မဟုတ်ဘူးလို့လည်း သူက သတိပေးလိုက်ပါတယ်။

“ငွေကြေးလဲလှယ်တဲ့နှုန်းက ၂ နိုင်ငံကြားမှာရှိတဲ့ ကုန်သွယ်ရေး လိုငွေပြမှုကို ဖြစ်စေတဲ့ ပြဿနာ မဟုတ်ကြောင်း၊ ကုန်သွယ်ရေးနဲ့ ငွေကြေးကိစ္စ အပေါ်မှာ အမေရိကန်အစိုးရ အနေနဲ့ မျှတ သင့်လျော်တဲ့ အခြေအနေတရပ် အနေနဲ့ စဉ်းစားသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

သမ္မတ အိုဘားမားက တရုတ်အစိုးရ အပေါ်မှာ ခပ်တင်းတင်း ရပ်တည်သွားပြီး တရုတ်ဈေးကွက်တွေ နောက်ထပ် ထပ်ဖွင့်လာအောင် တွန်းအားပေးသွားမယ်လို့ ပြောဆိုပြီး တရက်အကြာမှာ တရုတ်အစိုးရဘက်ကလည်း အခုလို တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။

တရုတ်အစိုးရရဲ့ ငွေကြေးပေါ်လစီတွေက တရုတ်ကုမ္ပဏီတွေကို အသာစီး အလွန်ရစေတယ်လို့ အမေရိကန်နဲ့ ဥရောပ ကုမ္ပဏီတွေက ကာလအတော်ကြာ ကတည်းက စောဒကတက်နေတာ ဖြစ်ပါတယ်။ ကုန်သွယ်ရေး လေ့လာသုံးသပ်သူတွေနဲ့ စီးပွားရေး ပညာရှင် အတော်များများကတော့ တရုတ်ကုန်ပစ္စည်းတွေကို ပြည်ပကနေ ဈေးသက်သက်သာသာနဲ့ ဝယ်လို့ရနိုင်အောင် တရုတ်နိုင်ငံဟာ ယွမ်ငွေကြေးကို ပုံမှန်ထက် နိမ့်ကျအောင် တမင်နှိမ့်ချထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ်အစိုးရကတော့ သူ့ရဲ့ ငွေကြေး ပြန်ညှိဖို့ ပြောဆိုနေတာတွေကို ပယ်ချလိုက်ပါတယ်။

ဒီပြဿနာဟာ စီးပွားရေး အင်အားကြီး ၂ နိုင်ငံကြားမှာ တိုးပွားလာနေတဲ့ မပြေလည်မှုတွေအကြား နောက်ဆုံးပြဿနာ ဖြစ်ပါတယ်။ Google အပါအဝင် အမေရိကန် အင်တာနက် ဝက်ဘ်ဆိုတ်တွေကို တရုတ်က တိုက်ခိုက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကနေ စတင်ကာ ၂ နိုင်ငံကြား ဆက်ဆံရေးဟာ မကြာသေးခင် သီတင်းပတ်တွေအတွင်း တင်းမာမှုတွေ ရှိနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် အမေရိကန် သမ္မတ အိုဘားမားက တိဘက်ဘုန်းတော်ကြီး ဒလိုင်း လားမား (Dalai Lama) ကို တွေ့ဆုံဖို့ စီစဉ်နေတာရယ်၊ အမေရိကန်က ထိုင်ဝမ်ကို လက်နက်ရောင်းချဖို့ လုပ်တာတွေကြောင့် ၂ နိုင်ငံ ဆက်ဆံရေးဟာ ပိုပြီးတော့ တင်းမာလာခဲ့တာ ဖြစ်ပါတယ်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မာက ထိုင်ဝမ်ကို လက်နက်ရောင်းချမှုမှာ ပါဝင်တဲ့ ကုမ္ပဏီတွေကို ပိတ်ဆို့ ဒဏ်ခတ်တာတွေ လုပ်သွားမယ်လို့ ထပ်ပြီးတော့ ခြိမ်းခြောက်လိုက်ပါတယ်။

“ကျနော်တို့ရဲ့ ဆန့်ကျင်ကန့်ကွက်မှုနဲ့ ကိုယ်စားပြုမှု အပေါ်မှာ အမေရိကန် အစိုးရက တုံးတိတိ ငြင်းပယ်ခဲ့တာကြောင့် တရုတ်နိုင်ငံ အနေနဲ့လည်း အဲဒီကုမ္ပဏီတွေကို သေချာပေါက် ပိတ်ဆို့ အရေးယူသွားမှာ ဖြစ်ပါတယ်။”

သမ္မတ အိုဘားမားက သူ့အနေနဲ့ ဒီနှစ်အတွင်းမှာ ကမ္ဘာ့ ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံ ဖြစ်လာဖွယ်ရှိတဲ့ တရုတ်နိုင်ငံ အပေါ်မှာ ကိုယ့်အကျိုးစီးပွား ကာကွယ်တဲ့စနစ်ကို ကျင့်သုံးသွားမှာ မဟုတ်ဘူးလို့ ဗုဒ္ခဟူးနေ့က ပြောကြားလိုက်ပါတယ်။ တရုတ်ဈေးကွက်ကနေ အမေရိကန် ကုမ္ပဏီတွေ ထွက်သွားမယ်ဆိုရင် မှားသွားမှာ ဖြစ်တယ်လို့လည်း သမ္မတ အိုဘားမားက ပြောကြားလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG