ဆန္ဒပြမှုတွေ ဖြစ်နေတဲ့ လှိုင်သာယာ စက်မှုဇုန်မှာ အာဏာပိုင်တွေက ကြားဝင် ဖြေရှင်းပေးတာကြောင့် ညှိနှိုင်းမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။ လုပ်အားခ တိုးမြှင့်ပေးဖို့နဲ့ အလုပ်သမား အခွင့်အရေးတွေ ရရှိဖို့ အလုပ်သမားတွေ ထောင်နဲ့ချီပြီး မနေ့က တောင်းဆို ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ အခြေအနေကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။
လုပ်ခလစာနဲ့ ခံစားခွင့်တွေ တိုးမြှင့်ပေးဖို့ လှိုင်သာယာ စက်မှုဇုန် ၃ က တိုင်ရီ၊ အိုပယ်နဲ့ မြဖက်ရှင် အထည်ချုပ်စက်ရုံတို့က ဆန္ဒပြ တောင်းဆိုမှု ၃ ရက် မြောက် မှာ အာဏာပိုင်တွေက ကြားဝင်ဖြေရှင်းမှုကြောင့် ညှိနှိုင်းမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။
အလုပ်သမားတွေနဲ့ နီးစပ်သူ တယောက်က အခြေအနေကို အခုလို ရှင်းပြပါတယ်။
“ဆန္ဒပြမှုတွေကတော့ ဆက်ဖြစ်နေတယ်။ အခုညှိတာကတော့ တိုင်ရီစက်ရုံက ပြီးသွားပြီပြောတယ်။ လစာတိုးတောင်းတာ ၁၅,၀၀၀ တောင်းတာကို ၁၁,၀၄၀ နဲ့ ပြီးသွားတယ်။ တခြားစက်ရုံတွေလည်း ပြီးမယ့်သဘောရှိတယ်။ ဒါပေမဲ့ မပြီးသေးဘူး။ တိုင်ရီရယ်၊ အိုပယ် ၂ ရယ်၊ အဓိကဖြစ်တယ်။ New wave တို့မှာလည်း ဖြစ်မလိုလို အသံထွက်တယ်။ ဒါပေမဲ့ အဲဒါတွေက ပြီးသွားပြီ။ ကျန်တဲ့ဟာတွေ အကုန်လုံး ပေးမယ်ပြောတယ်။ မနက်ဖြန်လောက် ပြီးမယ်ထင်တယ်။ မနက်ဖန် အလုပ်ပြန် ဆင်းမယ် ပြောတယ်။”
အလားတူ ဆန္ဒပြမှုတွေ ဖြစ်ဖူးခဲ့တဲ့ New wave စက်ရုံဝန်ထမ်း တယောက်က သူတို့စက်ရုံ ဆန္ဒပြမှု ပြေလည်သွားပုံကို အခုလို ရှင်းပြပါတယ်။
“ဟုတ်ကဲ့၊ ဖြစ်ခဲ့တယ်။ သူတို့ ဒီဘက်က အလုပ်သမားနဲ့ အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းရေးအဖွဲ့တို့နဲ့ ညှိနှိုင်းပေးလိုက် တာပေါ့၊ အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာ။ ညှိနှိုင်းတော့ ပြေလည်သွားတယ်လေ။ သူတို့ဟာသူတို့ ပြေလည်အောင် ညှိနှိုင်းပေးလိုက်တော့ ပြေလည်သွားတယ်ပေါ့၊ ဒါပါပဲ။”
အလုပ်သမားတွေက လစာ ၁၀,၀၀၀ နဲ့ ၁၅,၀၀၀ အကြား တိုးပေးဖို့၊ အလုပ်ချိန် မနက် ၇ နာရီကနေ ည ၁၁ နာရီအထိကို လျှော့ပေးဖို့နဲ့ စားသောက်နေထိုင်တဲ့ နေရာတွေကို သန့်သန့်ရှင်းရှင်း ရှိစေဖို့ တောင်းဆိုကြတာ ဖြစ်ပါတယ်။
အလုပ်သမားတွေ တောင်းဆိုချက်ကို အလုပ်ရှင်အချို့က သဘောမတူဘူးလို့ အလုပ်သမားတွေနဲ့ နီးစပ်သူက ဆက်ပြောပါတယ်။
“သူတို့ ဖြေရှင်းပေးတာ ကောင်းပါတယ်။ တချို့ကုမ္ပဏီတွေကလည်း ပိုက်ဆံ တိုးမပေးနိုင်ဘူးပေါ့ဗျာ။ စက်ရုံတွေပိတ်ပြီး ပြန်မယ်ပေါ့၊ အဲလိုတွေ ပြောတယ်တဲ့။ အဲဒါကို ဒီဘက် အုပ်ချုပ်ရေးပိုင်းက ဝင်ညှိတဲ့လူကလည်း ဘာပြောလဲဆိုတော့ ပြန်ချင်ပြန်ပေါ့ဗျာ၊ ဒီမှာကလည်း တကယ် စားဝတ်နေရေး ကျပ်တည်းနေလို့ တောင်းရတာကိုး၊ နောက် သူတို့ရတဲ့ လစာက ဘာမှမရှိဘူး၊ ၂၀,၀၀၀ ကျော်ကျော်လေးပဲရှိတာ။”
ထိုင်းနိုင်ငံ ဘန်ကောက်ပတ်ဝန်းကျင်က အလားတူ စက်ရုံတွေမှာ လုပ်တဲ့ မြန်မာအလုပ်သမားတွေဟာ တနေ့ကို ဘတ် ၂၁၀၊ ကျပ်ငွေ ၆,၀၀၀ ကျော်နီးပါး ရကြပါတယ်။
ဆန္ဒပြမှုတွေ ကြီးထွားလာမှာကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ လုံခြုံရေးကိုလည်း တိုမြှင့်ချထားတယ်လို့လည်း လှိုင်သာယာ ဒေသခံတယောက်က ပြောပါတယ်။
“ခုအနေအထားက မနေ့ကထက် လုံခြုံရေးကားတွေ ပိုများတယ်။ ဗစ်တိုးရီးယား ကုန်တိုက်နားမှာ လုံထိန်း ကားပြာကြီးတွေ ပေါ့နော်၊ ၂၄ စီး၊ မီးသတ်ကား ၂ စီး၊ နောက် ဗစ်တိုးရီးယားရဲ့ တဘက်ခြမ်းမှာ လုံခြုံရေးကား ၂၆၊ ၂၇ စီးလောက်ရှိတယ်လို့ ပြောတယ်။ ပြီးတော့ မီးသတ်ကားက ၄ စီး၊ နောက်ပြီး အရာရှိတွေစီးတဲ့ ရဲကားတွေကတော့ အများကြီးပေါ့။”
ပြီးခဲ့တဲ့နှစ် ဆန္ဒပြမှုတွေ ကြီးထွားလာချိန်မှာ ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ ဒု-တိုင်းမှူးနဲ့ အလုပ်သမား ဒု-ဝန်ကြီးတို့ကိုယ်တိုင် ကြားဝင်ဖြေရှင်းပေးမှုတွေ ရှိခဲ့ပါတယ်။ အခုတကြိမ်မှာတော့ အလုပ်သမား ဝန်ကြီးဌာနက အဆင့်မြင့် အရာရှိကြီးတွေ ကိုယ်တိုင် ကြားဝင် ဖြေရှင်းပေးနေတယ်လို့ သိရပါတယ်။