သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ခေါင်းဆောင်တဦး ပါတီအရေး ရှင်းလင်းပြောဆို


ဒီတပတ် မြန်မာ့အရေးသုံးသပ်ချက်အစီအစဉ်မှာ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပမယ်လို့ စစ်အစိုးရက ပိုမို ပြောဆိုလာနေ ချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်က ဘာတွေပြင်ဆင်လုပ်ကိုင်နေပါသလဲ။ ဒီရွေးကောက်ပွဲကို ဘယ်လိုပြင်ဆင် ဖြတ်သန်းမလဲဆိုတာတွေကို သိရှိနိုင်ဖို့ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နဲ့ ပြန်ကြားရေးအဖွဲ့ တာဝန်ခံ ဦးခင်မောင်ဆွေ ကို ဦးကျော်ဇံသာ ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ အခုမြန်မာနိုင်ငံမှာ စစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပပေးမယ်ဆိုတဲ့အချိန်က ပိုပြီးနီးကပ်လာနေပါပြီ။ တချိန်တည်းမှာဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကို ပါဝင်ခွင့်ပေးဖို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေကို လွှတ်ပေးဖို့ နိုင်ငံတကာက ပြောဆိုလာတာတွေလည်း ကြားနေရပါတယ်။ လွှတ်မယ်၊ လွတ်တော့မယ်ဆိုတဲ့ ကောလာဟလ တွေလည်း ကြားနေရတာရှိပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဦးခင်မောင်ဆွေ တို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး တို့ လွတ်တော့မယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့ အတည်ပြုချက်တွေများ ရပါသလား။ သို့တည်းမဟုတ် ဘယ်လောက်များ ခိုင်ခိုင်မာမာ ကြားသိထားသလဲဆိုတာ သိချင်ပါတယ်။

ဦးခင်မောင်ဆွေ ။ ။ ကျနော်ကတော့ ဦးကျော်ဇံသာတို့ ကြားထားတဲ့အတိုင်းပဲ ပြည်ထဲရေးဝန်ကြီး ပြောသွားတဲ့စကားကို တည်မှီပြီးတော့ သိထားတာပါ။ ဒီထက်ပိုပြီး တရားဝင် ခိုင်ခိုင်မာမာ မသိသေးပါဘူး။

ဦးကျော်ဇံသာ ။ ။ ပြည်ထဲရေးဝန်ကြီး ပြောတယ်ဆိုတဲ့စကားကို ကြည့်မယ်ဆိုရင် အဲဒါက နိုဝင်ဘာမှ လွှတ်မယ်ဆိုတော့ အောက်တိုဘာမှာ ရွေးကောက်ပွဲကျင်းပပြီးမှ လွှတ်မယ်ဆိုတဲ့သဘော ဖြစ်နေပါတယ်။

ဦးခင်မောင်ဆွေ ။ ။ ဟုတ်ကဲ့ အဲဒီလိုပဲ ယူဆရမှာပါ။

ဦးကျော်ဇံသာ ။ ။ အဲဒီလိုဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် မလွတ် မြောက်လာဘဲနဲ့ ရွေးကောက်ပွဲကို ဘယ်လိုရင်ဆိုင်မလဲ။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တစုံတရာ ပြတ်ပြတ်သားသား ဆုံးဖြတ်နိုင်တဲ့ အခြေအနေရှိပါသလား။

ဦးခင်မောင်ဆွေ ။ ။ ဒီမေးခွန်းက တော်တော်လေး အဖြေရခက်တဲ့ မေးခွန်းပဲ။ သို့သော်လည်း ကျနော်တို့က လက်ရှိ နိုင်ငံရေး အနေအထားနဲ့ ချိန်ထိုးပြီးတော့ ဖြေမယ်ဆိုရင် ကျနော်တို့ မဖြေနိုင်စရာ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ရွှေဂုံတိုင် ကြေညာစာတမ်းမှာ ပါတဲ့အတိုင်းပါပဲ။ ကျနော်တို့ဟာ လှေကားသုံးထစ် အလယ်မှာ ရပ်ထားတဲ့ အနေအထားမှာ ရှိပါတယ်။ ရွေးကောက်ပွဲ ဝင်ရေးမဝင်ရေးဆိုတာဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့နဲ့သော်လည်းကောင်း၊ ရွေးကောက်ပွဲ ဥပဒေသော်လည်းကောင်း၊ ပါတီမှတ်ပုံတင် ဥပဒေသော်လည်းကောင်း မထွက်မချင်း ဝင်ရေးမဝင်ရေးကိစ္စမှာ ကျနော်တို့မှာ အဖြေမရှိသေးပါဘူး။ မဝင်ဘူးလို့ မပြောသလို၊ ဝင်မယ်လို့လည်း ပြောထားခြင်း မရှိသေးပါဘူး။ အဲဒါ ရွှေဂုံတိုင်ကြေညာစာတမ်းပါ အချက်အတိုင်းပဲ ရှိနေပါသေးတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ရွေးကောက်ပွဲဥပဒေ ဘယ်တော့ ထွက်လာမလဲလို့ ကြားမိပါသလဲ။ ဘယ်တော့ ထွက်လာ မလဲလို့ ခန့်မှန်းနေပါသလဲ။

ဦးခင်မောင်ဆွေ ။ ။ အများခန့်မှန်းတာတော့ ဖေဖေါ်ဝါရီလကုန် နဲ့ မတ်လထဲမှာ ထွက်လိမ့်မယ်လို့ တော်တော်များများ အသံကျယ်ကျယ်လောင်လောင် ထွက်နေတာ ကြားရပါတယ်။

ဦးကျော်ဇံသာ ။ ။ စစ်အစိုးရကတော့ သူတို့သတ်မှတ်ထားတဲ့ ဥပဒေအတိုင်း ကြေညာပြီးတော့ ဆက်လုပ်မယ်ဆိုတဲ့ သဘော အတိုင်း ပြသနေတယ်လို့ ကျနော်သဘောပေါက် နားလည်းပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဝင်သည်ဖြစ်စေ၊ မဝင် သည်ဖြစ်စေ သူတို့ကတော့ ဝင်ချင်တဲ့လူတွေနဲ့ ရွေးကောက်ပွဲလုပ်မယ်၊ တချို့ကလည်း ဝင်မယ်ဆိုတဲ့ လေသံပြစ်နေတဲ့ အဖွဲ့အစည်းအချို့လည်း ကြားနေရပါတယ်။ အဲဒီအဖွဲ့တွေနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘောထား ဘယ်လိုရှိပါသလဲ။

ဦးခင်မောင်ဆွေ ။ ။ ဟုတ်ကဲ့ ဒီကိစ္စကတော့ဗျာ နိုင်ငံရေးကိစ္စမှာတော့ ကိုယ်သန်ရာသန်ရာပေါ့။ အခြေခံဥပဒေကို ပြင်ဖို့တောင်းထားတဲ့ အဖွဲ့ချုပ်အနေနဲ့ကတော့ သူတို့တတွေ ဝင်တဲ့ကိစ္စဟာ အခြေခံဥပဒေကို လက်ခံတဲ့လူတွေရှိသလို၊ လက်မခံတဲ့ အစိတ်အပိုင်းတွေ ရှိနေတယ်ဆိုတာကိုလည်း သိရပါတယ်။ ဒီကိစ္စက နိုင်ငံရေးအဆုံးအဖြတ်က သက်ဆိုင်ရာ ပါတီတွေရဲ့ သဘောထားများသာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒု-ဥက္ကဌဖြစ်တဲ့ ဦးတင်ဦး ကိုလည်း ဒေါ်အောင်ဆန်းစုကြည် ထက် စောပြီးလွှတ်မယ်လို့ သတင်းတွေ ထွက်နေပါတယ်။ အဲဒီကိစ္စကိုလည်း ဘယ်လောက်လောက် မျှော်လင့်ချက်ထားပါသလဲ။

ဦးခင်မောင်ဆွေ ။ ။ အဲဒါကတော့ ဒီခြောက်နှစ်တာကာလကို ဖြတ်သန်းပြီးတဲ့အခါကြတော့ လွှတ်ရက်စေ့တဲ့ အနေအထား မှာရောက်နေတဲ့အတွက် မျှော်လင့်စရာအများကြီးတော့ ရှိပါတယ်။ ဒါကလည်း နောက်ထပ်မဆုတ်ဘူးဆိုရင်ပေါ့။ အဲဒီတော့ ကျနော်တို့က ဥပဒေအတိုင်း ကြည့်မယ်ဆိုရင်တော့ သူလွှတ်ရက်စေ့တဲ့ အချိန်အခါမှာ လွတ်လာဖို့ ရှိတယ်လို့ ကျနော်တို့ မျှော်လင့်လျှက်ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးတင်ဦး လွတ်လာမယ့်အချိန်အခါဟာ ရွေးကောက်ပွဲမတိုင်ခင် လွတ်လာမယ်လို့ သဘောမျိုး တွေ့ရပါ တယ်။ သူတို့ပြောသလို အောက်တိုဘာမှ လုပ်မယ်ဆိုရင်။ ဦးတင်ဦး လွတ်မြောက်လာခြင်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲဆုံးဖြတ်ချက်ကို တစုံတရာ ရိုက်ခတ်နိုင်စရာ ရှိပါသလား။

ဦးခင်မောင်ဆွေ ။ ။ ဟုတ်ကဲ့ အဲဒါကလည်း ကျနော်တို့ ခေါင်းဆောင်တွေနဲ့ မတွေ့မချင်းမှာတော့ ပြတ်သားတဲ့ ဆုံးဖြတ်ချက် တခုကို ချဖို့ရာ အင်မတန်ပဲ ခက်ခဲပါတယ်။ အခုနပြောတဲ့အတိုင်း ရွေးကောက်ပွဲ ဥပဒေ၊ ပါတီဥပဒေတွေ ထွက်လာတဲ့ အခါကျရင်လည်း ဒီကိစ္စတွေကို ကျနော်တို့ မလွဲမသွေ ဆုံးဖြတ်ကြရမှာ ဖြစ်ပါတယ်။ အခုနေအခါမှာ ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေး အဖြေ မရှိသေးပါဘူး။ ရွှေဂုံတိုင် ကြေညာစာတမ်းပါအတိုင်း ကျနော်တို့ ရပ်တည်လျှက်ရှိပါတယ်။ ဦးတင်ဦး လွတ်လာလို့ရှိရင် ကျနော်တို့အဖွဲ့ကြီးမှာ ပိုပြီးတော့ ဒီမိုကရေစီအရေးအတွက် ပိုအားရှိလာမှာဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အဖွဲ့ကြီးဟာ ဒု-ဥက္ကဌတယောက် ပြန်ရောက်လာတယ်ဆိုလို့ရှိရင် နိုင်ငံရေးခွန်အားတွေ အခုထက်ပိုပြီးတော့ ရှိ လာမှာ ဖြစ်သလို၊ လုပ်ရကိုင်ရတာလည်း ပိုပြီးတော့ သွက်သွက်လက်လက် ပိုဖြစ်လာမှာရှိလို့ ကျနော်အနေနဲ့တော့ ဒါကို ကြိုဆိုရမှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ရွှေဂုံတိုင် ကြေညာစာချက်ဆိုလို့ ရွှေဂုံတိုင် ကြေညာချက်နဲ့ ပတ်သက်လို့လည်း တချို့ကလည်း ရွှေဂုံတိုင် ကြေညာစာတမ်းကို မဆုပ်ကိုင်ထားတော့ဘူးဆိုတဲ့ ကောလာဟလတွေ ထွက်နေတာကို ကြားမိပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှာ ရွှေဂုံတိုင် ကြေညာချက်အပြင် တခြား စဉ်းစားစရာ လိုင်းရှာသင့်တယ်ဆိုပြီး စဉ်းစားချက်မျိုးရော ရှိပါသလား။ အဲဒီ စဉ်းစားတဲ့ အုပ်စုတွေရော ရှိပါသလား။

ဦးခင်မောင်ဆွေ ။ ။ မရှိပါဘူးခင်များ။ ရွှေဂုံတိုင် ကြေညာစာတမ်းကို အသေဆုပ်ကိုင်ရမယ်၊ မဆုပ်ကိုင်လို့ရှိရင် သစ္စာ ဖောက်တယ်။ ရွေဂုံတိုင် ကြေညာစာတမ်းကနေ တရွေးသားမျှ မရွေ့ရဘူးဆိုတဲ့ အသံတွေထွက်လာတဲ့အခါမှာ ရွှေဂုံတိုင် ကြေညာစာတမ်းဟာဖြင့်ရင် ကျနော်တို့ မည်သို့မည်ပုံပါ ဖြစ်ပါတယ်ဆိုပြီးတော့ ရှင်းလင်းချက်တွေ ထွက်လာရတဲ့အပိုင်းတွေ ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ တချို့သေသေချာချာ လေ့လာပြီး အဆင်သင့်မဖြစ်သေးတဲ့ ပုဂ္ဂိုလ်တွေအဖို့ကတော့ ရွှေဂုံတိုင် ကြေညာစာတမ်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရပ်တည်ချက်သဘောထား ဖြစ်တယ်ဆိုတာကို သူတို့ သဘောပေါက် လွှဲမှားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ရပ်တည်ချက် သဘောထားမဟုတ်ဘဲနဲ့ ကျနော်တို့ ရာဇသံ ပေးတယ်ဆိုတဲ့ အဖြစ်မျိုးကို တလွဲထင်သွားပြီးတော့ ဒီဟာကြီးကိုမှ မရတော့ရင် ဘာမှလုပ်မရတော့ဘူးဆိုတဲ့ သဘောမျိုး ကို ရောက်အောင် ဆွဲတွေးတဲ့သဘောမျိုးတွေ ရှိပါတယ်။ တကယ်လို့ ရွှေဂုံတိုင် ကြေညာစာတမ်းဟာ ရာဇသံဖြစ်တယ် ဆိုလို့ရှိရင် ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဘာမှလုပ်စရာ မလိုတော့ပါဘူး။ တွေ့ဆုံဆွေးနွေးရေးလည်း လုပ်စရာမလိုတော့ပါဘူး။

ဒီဟာကို ဒီလောက်အထိ သွားပြီး စဉ်းစားလို့မရ၊ စဉ်းစားဖို့ မလိုပါဘူး။ ရွှေဂုံတိုင် ကြေညာစာတမ်းရဲ့ မူလသဘောထားဟာ တွေ့ဆုံဆွေးနွေးရေး တံခါးပေါက်ကို ရောက်ရှိသွားအောင် မူဝါဒသဘောထားအနေနဲ့ ချမှတ်ထားတဲ့ bargaining diplomacy ရဲ့ ရှေ့ဆောင်လမ်းပြ ဖြစ်ပါတယ်။ တွေ့ဆုံရေး ဆွေးနွေးရေး တံခါးပေါက်ကို ရောက်အောင် ချဉ်းထားတဲ့ တံတား သာဖြစ်ပါတယ်။ ဟိုမှာဘက်မှာ တွေ့ဆုံဆွေးနွေးရေးကို ရောက်သွားတဲ့အခါမှာ ကျနော်တို့ ခေါင်းဆောင်နဲ့ သက်ဆိုင်ရာ နိုင်ငံတော်အကြီးအကဲတွေနဲ့ တွေ့ဆုံတဲ့အခါမှာ ဒီကိစ္စဟာ ဆက်ပြီးတော့ dialogue ဆက်ဖြစ်သွားဖို့ ရည်ရွယ် တာ ဖြစ်တာမို့လို့ ဒီ ရွှေဂုံတိုင် ကြေညာစာတမ်းဟာ တွေ့ဆုံဆွေးနွေးရေးတခါးပေါက် အထိပဲ သက်ရောက်မှုရှိပါတယ်။ အခုအချိန်အခါမှာတော့ ရွှေဂုံတိုင် ကြေညာစာတမ်းကို ပြောင်းခြင်းပြင်ခြင်း ဖျက်ခြင်း ဖြည့်စွက်ခြင်း မရှိပါဘူး။ ကျနော် ကိုယ်တိုင်လည်း ဖြည့်စွက်လို့ မရပါဘူး။ ဒါဟာ တိုင်းနဲ့ပြည်နယ်တွေ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးက လက်ခံ ထားတဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းမို့လို့ ဒါဟာ အခုအထိ တွေ့ဆုံဆွေးနွေးရေး မရောက်ခင်အထိတော့ အတည်ပါ။ ပြောင်းလဲခြင်း မရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ စောစောကပြောတဲ့အထဲမှာ ဒေါ်အောင်ဆန်းစုကြည် က နိုင်ငံတော်အကြီးအကဲနဲ့ တွေ့ဖို့ စာရေးထားတယ်။ ရွှေဂုံတိုင် ကြေညာစာတမ်းဟာ ဒီအတွက် အထောက်အပံ့ဖြစ်ဖို့အတွက် နည်းပရိယာယ် ကြေညာချက် အဖြစ် သုံးတယ်ဆိုကြပါစို့။ တွေ့ဆုံဆွေးနွေးဖို့ အလားအလာရော ဘယ်လိုကြားရပါသလဲ။

ဦးခင်မောင်ဆွေ ။ ။ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဗဟိုအလုပ်အမှုဆောင်တွေ တွေ့ပြီးတဲ့နောက်မှ ဒီကိစ္စဖြစ်လာနိုင်မယ်လို့ ကျနော်တို့ မှန်းဆထားပါတယ်။ အခုအခါမှာတော့ ကျနော်တို့ တရားဝင် (ခက်တာက) အဖွဲ့ချုပ်နဲ့ တိုက်ရိုက်ဆက်သွယ်ခွင့် မရှိပါဘူး။ ကျနော်တို့ ခေါင်းဆောင်နဲ့တော့ ဆက်သွယ်မှု ရှိကောင်းရှိမလားလို့ ကျနော်လည်း မသိပါဘူး။ ကျနော်တို့ကို တိုက်ရိုက်ဆက်သွယ်မှု မရှိတော့ ဒီ မေးခွန်းကို ကျနော် မဖြေနိုင်ပါဘူး။

ဦးကျော်ဇံသာ ။ ။ အဖွဲ့ချုပ်ဆိုတာ ဘယ်ဟာကို ဆိုတာလဲခင်များ။

ဦးခင်မောင်ဆွေ ။ ။ အဖွဲ့ချုပ်ဆိုတာ ကျနော်တို့ အန်အယ်လ်ဒီ ကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့က တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေကို တိုက်ရိုက်ဆက်သွယ် ပြောကြားခြင်း မရှိပါဘူး။ မရှိတော့ ဒီမေးခွန်းကို ကျနော် ဖြေလို့မရပါဘူး။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့၊ ကျနော်နားလည်ပါပြီ။ နောက်တခုက အန်အယ်လ်ဒီ အဖွဲ့ဝင်တချို့ကို သူတို့ ကိုယ်တိုင် ပြော သလား၊ တဆင့်စကား ကြားသလား၊ သူတို့က ရွေးကောက်ပွဲဝင်မယ် ဆန္ဒရှိတဲ့ လူတချို့လည်း ရှိနေတယ်လို့ ကြားပါတယ်။ သူတို့ရဲ့ စဉ်းစားပုံ၊ စဉ်းစားနည်း logic ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပါဝင် အရွေးခံသည်ဖြစ်စေ၊ မရွေးခံသည်ဖြစ်စေ ပြည်သူက လေးစားတဲ့၊ ပြည်သူကထောက်ခံတဲ့ ပါတီဖြစ်တယ်။ ဝင်ရင်တော့ နိုင်မှာပဲလို့ ယုံကြည်ချက်ကလည်း လူတော်တော်များများမှာ ရှိနေကြတယ်။ အဲဒါကို ကိုင်စွဲပြီးတော့ ဝင်သင့်တယ်လို့ဆိုတဲ့ လူတချို့ရှိတယ်လို့ သတင်းတွေ ကြားနေရပါတယ်။ အဲဒါ ဟုတ်ပါသလား၊ သူတို့ရဲ့ နားလည်ချက်ကိုရော ဦးခင်မောင်ဆွေ တို့ ဘယ်လိုပြောလိုပါသလဲ၊ သူတို့ရဲ့ သဘောထားကိုပါ။

ဦးခင်မောင်ဆွေ ။ ။ သဘောက ဥပမာပေးရရင်တော့ ရန်ကုန်တိုင်း စည်းရုံးရေးအဖွဲ့က မကြာသေးခင်က လွန်ခဲ့တဲ့ တပတ် ဆယ်ရက်လောက်က မြို့နယ် (၄၀) နဲ့ ခေါ်ယူပြီး ဆွေးနွေးပွဲလုပ်ပါတယ်။ လုပ်တဲ့အခါမှာ ကျနော်တို့ မြင်တွေ့နေရတာ ကတော့ (၃) ပုံ (၂) ပုံလောက်ကတော့ ရွေးကောက်ပွဲအပေါ်မှာ ပျော့ပျောင်းတဲ့ သဘောထားတွေ ရှိတာတွေ့ရသလို၊ တချို့ ကလည်း moderate လိုင်းကို ယူထားတာ တွေ့ရပါတယ်။ တချို့ကြတော့လည်း ကျန်တဲ့ (၃) ပုံ (၁) ပုံ အပိုင်းကတော့ ရွေးကောက်ပွဲအပေါ်မှာ မဝင်ဘူး မပြောသလို၊ မပြောပေမဲ့လည်း ဆွေးနွေးချက်တွေကတော့ နည်းနည်းလေး ရွှေဂုံတိုင် ကြေညာစာတမ်းကို အသေဆုပ်ကိုင်ရမယ်တို့၊ ရွှေဂုံတိုင် ကြေညာစာတမ်းမှ မရလို့ရှိရင် ဘာမှလုပ်စရာမလိုတော့ဘူးဆိုတဲ့ သဘောမျိုးတွေ ပြောသွားတာရှိပါတယ်။ အများစုဟာ ရွေးကောက်ပွဲလို့ ပြောမယ့်အစား ရှေ့နိုင်ငံရေးခရီးကို ဆက် လျှောက်တဲ့အခါမှာ ပျော့ပျော့ပျောင်းပျောင်းနဲ့ သွားနိုင်တဲ့လမ်းကြောင်းကို ပိုပြီးတော့ ရွေးချင်တဲ့ သဘောထားတွေ ရှိတယ် လို့ မှန်းဆလို့ရပါတယ်။

ဦးကျော်ဇံသာ ။ ။ ရွေးကောက်ပွဲ ဝင်မယ်မဝင်ဘူး ဆိုတာထက်။

ဦးခင်မောင်ဆွေ ။ ။ ဟုတ်ကဲ့၊ ဒါလည်း ကျနော်ပြောတဲ့ထဲမှာ ရွေးကောက်ပွဲ ဝင်မယ်မဝင်ဘူးဆိုတဲ့ သဘောထားတွေ ပါသွားပါပြီ။ အများစုဟာ တည့်တည့်ပြောရင်တော့ ဝင်ချင်တဲ့လူတွေ ဆွေးနွေးချက်တွေမှာပါနေတာကို တွေ့ရပါတယ်။ ဝင်သင့်တယ်ပေါ့။ သို့သော်လည်းပဲ ရာခိုင်နှုန်းကြည့်မယ်ဆိုရင် ၇၀% လောက်ကတော့ နိုင်ငံရေးပါတီတခုက ပြည်သူနဲ့ တသားတည်းနေပြီးတော့ ပြည်သူထံပါးက စွန့်ခွါမသွားရဘူးဆိုတဲ့ လမ်းကြောင်းကို ရွေးတဲ့လူ ပိုများပါတယ်။ ရွှေဂုံတိုင် ကြေညာစာတမ်းမှာပါတဲ့ အနှစ်သာရအတိုင်း ပြောရရင် အဖွဲ့ချုပ်ဟာ မည်သည်အခြေအနေ အချိန်အခါမှ ပြည်သူနဲ့ တသားတည်းနေမှုကို စွန့်ခွါမှာမဟုတ်၊ အဖွဲ့ချုပ်ဟာ ဘယ်သောအခါမှ ဒီမိုကရေစီတိုက်ပွဲမှ စွန့်ခွါသွားမယ်မဟုတ်၊ ရွေးကောက်ပွဲ ဆိုတာ ဖြတ်သန်းရမယ့် မှတ်တိုင်ဖြစ်တယ်၊ ဒါကြောင့်မို့ ရွေးကောက်ပွဲကို ဝင်သည်ဖြစ်စေ မဝင်သည်ဖြစ်စေ ဖြတ်သန်းရမှာပဲ။ ဖြတ်သန်းတဲ့အခါ ဝင်ခြင်းမဝင်ခြင်းက ဖြတ်သန်းတဲ့အခါကျမှ စဉ်းစားကြရမယ့် သဘောရှိတယ်လို့ ရွှေဂုံတိုင် ကြေညာစာတမ်းမှာ အနှစ်ချုပ်အနေနဲ့ တင်ပြထားတာ ရှိပါတယ်။ အဲဒါကို မဟာဗျူဟာအနေနဲ့ ယူဆလို့ ရပါတယ်။ အဲဒါကို သဘောကျတဲ့ ပုဂ္ဂိုလ်တွေ အများစုကတော့ ဒီလိုင်းပေါ်မှာ ရှိပြီးတော့ ပြည်သူနဲ့ မကင်းကွာနဲ့ နိုင်ငံရေး လမ်းကြောင်းကို လျှောက်မယ်ဆိုပြီး ပြောတဲ့အပိုင်းတွေကို ကျနော်တို့ ကြားတွေ့နေရပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်တခု သိချင်တာက အဲဒီတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲ ဝင်သင့် တယ်လို့ ထင်နေတဲ့လူတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလံကို ကိုင်စွဲပြီးတော့ ဖြစ်ဖြစ်၊ သူတို့ ခွဲထွက်တဲ့ ပါတီတခု အနေနဲ့ဖြစ်ဖြစ် သူတို့ ဝင်သွားနိုင်တဲ့ အလားအလာ ရှိပါသလား။ အဲဒီလောက် အခြေအနေ ရှိပါသလား။

ဦးခင်မောင်ဆွေ ။ ။ အဲဒီလောက်ကြီးတော့ တက်ပြီးတော့ ပြောတာတော့ မရှိပါဘူး။ ကျနော်တို့ဟာ ရွေးကောက်ပွဲနဲ့ ကြုံတွေ့တဲ့အခါမှာတော့ ပြည်သူနဲ့ကင်းကွာတဲ့ နိုင်ငံရေးရပ်တည်ချက်မျိုး မသုံးသင့်ဘူးဆိုတဲ့ နိုင်ငံရေးစကားနဲ့ ပြောသွား တာ ရှိပါတယ်။ ရွေးကောက်ပွဲကို ကျနော်တို့ အန်အယ်လ်ဒီ အလံကို ကိုင်ပြီး ဝင်ရမယ်လို့ ပြောတဲ့လူတော့ မရှိသေးပါဘူး။ မကြားမိလိုက်သေးပါဘူး။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးမေးချင်တာက ဦးခင်မောင်ဆွေရဲ့ personal အမြင် ပုဂ္ဂိုလ်ရေးအမြင်အရ အကောင်း မြင်ပါသလား။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မျှော်လင့်သလို ဒီ ရွေးကောက်ပွဲမတိုင်ခင် ဒေါ်အောင်ဆန်းစုကြည် လွတ်လာ မယ်၊ စီအီးစီ တွေနဲ့ တွေ့မယ်၊ နိုင်ငံအကြီးအကဲများနဲ့ တွေ့မယ်။ နောက်ပြီးတော့ ရွေးကောက်ပွဲအတွက် သူတို့ ညှိနှိုင်းမှုတွေ၊ ဖွဲ့စည်းပုံ ဥပဒေကို ပြန်လည်ညှိနှိုင်းမှုတွေ ဖြစ်လာနိုင်မယ်ဆိုပြီးတော့ အကောင်းမြင်ပါသလား။

ဦးခင်မောင်ဆွေ ။ ။ ခက်တာက ဦးကျော်ဇံသာနဲ့ ကျနော် ခဏခဏ ဆုံဘူးပါတယ်။ အကောင်းမြင်တယ်ဆိုတာက သိပ်ပြီး တော့လည်း လွယ်လွယ်ကူကူ စဉ်းစားတဲ့အပိုင်း ဖြစ်နေပါတယ်။ အဆိုးမြင်တယ်ဆိုတာကျတော့လည်း ကျနော်တို့ စဉ်းစား ချင့်ချိန်မှုတွေကို ထည့်မတွက်တော့ဘဲနဲ့ ဖြစ်သမျှ အဆိုးကြီးပဲလို့ မြင်တဲ့အပိုင်း ဖြစ်နေပါတယ်။ ကျနော်တို့ဟာ လက်တွေ့ ကျတဲ့ စဉ်းစားမှုမျိုးနဲ့ပဲ စဉ်းစားပြီးတော့ နိုင်ငံရေးကို လက်တွေ့ကျကျ စဉ်းစားပြီးတော့ ဖြစ်နိုင်ချေ ရှိသလား၊ မရှိဘူးလား ဆိုတာကို တွက်ပြီး စဉ်းစားတာ ပိုမှန်ပါတယ်။ ဥပမာအားဖြင့် အခု ဒေါ်အောင်ဆန်းစုကြည် ကို ရွေးကောက်ပွဲမတိုင်ခင် လွှတ်ပေးဖို့လိုတယ်ဆိုတာကို အာဆီယံနိုင်ငံတွေက တောင်းဆိုနေတာ တနိုင်ငံချင်း တနိုင်ငံ တောင်းဆိုလာတာ တွေ့နေရ ပါတယ်။ အဲဒါတွေ ကြည့်ခြင်းအားဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးထဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်ရှိတယ်လို့ ကျနော်တို့ ဝန်ကြီးချုပ်က ပြောကြားထားတာ ရှိတော့ အဲဒီလို ပြောကြားထားမှုကို ကျနော်တို့က အကောင်အထည် ဖော်ပြီးတော့ တကယ်တမ်း ဆောင်ရွက်မယ်ဆိုရင် ရွေးကောက်ပွဲမတိုင်ခင်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည် လွှတ်ပေးဖို့က အင်မတန် လိုအပ်ပါတယ်။ အဲဒီလို လွှတ်ပေးပြီးမှ တွေ့ဆုံဆွေးနွေးပြီး မြန်မာ့နိုင်ငံရေး ပြဿနာတွေကို တွေ့ဆုံဆွေးနွေးပြီးတော့ သွားနိုင်မယ်ဆိုရင် မြန်မာနိုင်ငံဟာ ဒေသအတွင်းမှာရှိနေတဲ့ အာဆီယံအဖွဲ့ကြီးကိုလည်း ဂုဏ်တက်စရာဖြစ်စေသလို၊ ကျနော်တို့ နိုင်ငံပြည်သူများဟာလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်ပြီးတော့ နိုင်ငံမှာ ကြုံတွေ့နေ ရတဲ့ နိုင်ငံရေးဒုက္ခသုက္ခတွေ၊ လူမှုရေးဒုက္ခတွေ ပြေငြိမ်းသွားလိမ့်မယ်လို့ ကျနော်ယူဆပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG