သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေး ကိုယ်စားလှယ် စစ်တွေအကျဉ်းထောင် သွားရောက်ကြည့်ရှု


မြန်မာနိုင်ငံကို ၅ ရက်ကြာခရီး လာရောက်နေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ဟာ ဒီနေ့ သူ့ရဲ့ ဒုတိယမြောက်နေ့မှာ စစ်တွေထောင် ကို သွားရောက်ခဲ့ပြီး ရခိုင်ပြည်နယ်ထဲမှာ လှုပ်ရှားနေတဲ့ ပြည်တွင်းပြည်ပက အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်း တွေနဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လေ့လာ စုံစမ်းဖို့အတွက် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ ကင်တားနားဟာ ဒီနေ့ စစ်တွေမြို့ကို ရောက်ရှိနေပါတယ်။ မစ္စတာ ကင်တားနားရဲ့ ခရီးစဉ်မှာ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရန်ကုန် ကုလသမဂ္ဂ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဦးအေးဝင်းကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ မစ္စတာ ကင်တားနား ဒီနေ့ စစ်တွေအကျဉ်းထောင်ကို သွားရောက် လေ့လာခဲ့တယ်လို့ ပြောပါတယ်။

“ကျနော်တို့ အခု စစ်တွေမှာ ရှိပါတယ်။ အခုပဲ စစ်တွေထောင်က အကျဉ်းသားအချို့ တွေ့ခဲ့ပါတယ်။ စစ်တွေထောင်ထဲ ဝင်ပြီး လေ့လာခဲ့ပါတယ်။ မနက်က စစ်တွေရောက်ရောက်ချင်းမှာပဲ အထွေထွေ အုပ်ချုပ်ရေးက ဒေသအာဏာပိုင်တွေနဲ့ တွေ့ခဲ့တယ်။ ပြီးတော့ စစ်တွေထောင်ကို လေ့လာတယ်။ အခု အစည်းအဝေးကတော့ ရခိုင်မှာရှိတဲ့ NGO တွေနဲ့ အစည်းအဝေး လုပ်နေပါတယ်။

“NGO ၂၁ ခုလောက်နဲ့ တွေ့နေပါတယ်။ ရခိုင်မှာ အခြေစိုက်တဲ့၊ ရုံးခွဲဖွင့်ထားတဲ့ သူတွေပေါ့။ ပြီးတော့ ရခိုင်မှာ အခြေစိုက်တဲ့ ပြည်တွင်းက NGO တွေနဲ့ တွေ့ဖို့ ရှိပါသေးတယ်။ မနက်ဖြန်ကတော့ ဘူးသီးတောင်၊ မောင်တောဘက်ကို သွားဖို့ ရှိပါတယ်။ ဒီအစီအစဉ်ကိုတော့ ကျနော် အတိအကျ မသိသေးပါဘူး။”

မစ္စတာ ကင်တားနားရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်မှာ ILO ကမ္ဘာ့အလုပ်သမား အဖွဲ့ကြီးရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာ စတိဗ် မာရှဲလ် (Mr. Steve Marshall) လည်း လိုက်ပါသွားပါတယ်။ မစ္စတာမာရှဲလ်က …

“မစ္စတာ ကင်တားနား အနေနဲ့ ဒေသခံ ကိုယ်စားလှယ်တယောက် ပါနေတာဟာ အဆင်ပြေ အသုံးဝင်မယ်လို့ ယုံကြည်တာမို့ ကျနော်ပါ လိုက်လာခဲ့တာပါ။ မြန်မာအစိုးရဘက်ကလည်း ဒါဟာ အပြုသဘော ဆောင်မယ်လို့ မြင်ပြီးတော့ ကျနော်ပါလိုက်ဖို့ သဘောတူပါတယ်။ ILO ဟာ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတခု ဖြစ်တာမို့ ဒီလို လူ့အခွင့်အရေးနဲ့ဆိုင်တဲ့ အကြံဉာဏ် ပေးနိုင်သူတွေ များများ ပါလေလေ၊ သူ့ရဲ့ ခရီးစဉ်ဟာ ပိုပြီး အဆင်ပြေလေလေ ဖြစ်မှာပါ။

“ကျနော်တို့ဟာ အဓမ္မလုပ်အားပေး ခိုင်းစေမှု ပပျောက်အောင် မြန်မာအာဏာပိုင်တွေနဲ့ လက်တွဲ ဆောင်ရွက်နေသလို ဒီကိစ္စဟာလည်း လူ့အခွင့်အရေး ကိုယ်စားလှယ် လုပ်ဆောင်ဖို့ သတ်မှတ်ထားတဲ့ အလုပ်တွေထဲက တခု ဖြစ်နေတာပါ။”

အခုလို ရခိုင်ပြည်နယ်ထဲက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းဖို့အတွက် လာရောက်တာနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး လှုပ်ရှားသူတွေက ကြိုဆိုလိုက်ကြပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ရခိုင်ပြည်နယ် ၂ ရက် ခရီးစဉ်ကနေ ရခိုင်ပြည်နယ် တဝန်းက လူ့အခွင့်အရေး ချိုးဖောက်မှု အားလုံးကို ပြည့်ပြည့်စုံစုံ မသိနိုင်တဲ့အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ မတ်လထဲမှာ ကျင်းပမယ့် အစည်းအဝေးမှာ မစ္စတာ ကင်တားနား အစီရင်ခံစာ တင်သွင်းတဲ့အခါ ပြည့်စုံမှု မရှိမှာကို ပူပန်နေကြပါတယ်။

မစ္စတာ ကင်တားနား မြန်မာနိုင်ငံကို မလာရောက်ခင် ရခိုင်ပြည်နယ်တွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အိတ်ဖွင့်ပေးစာ ရေးသား တင်သွင်းခဲ့တဲ့ ရခိုင်အမျိုးသမီး အစည်းအရုံးက တာဝန်ခံ ဒေါ်မြရာဇာလင်းက အခုလိုပြောပါတယ်။

“ရခိုင်ပြည်နယ်အတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက နေရာတကာ ဖြစ်နေပါတယ်။ အဲဒီအတွက်လည်း ဒီလ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ မစ္စတာ ကင်တားနားထံကို စာရေးပြီး ကျမ ပေးထားတာ ရှိပါတယ်။ အဲဒါတွေကို မစ္စတာ ကင်တားနား အနေနဲ့ သေချာလေ့လာပြီး လူ့အခွင့်အရေး ကောင်စီမှာ တင်ပြပေးစေချင်ပါတယ်။

“ဘူးသီးတောင်၊ မောင်တောတွေမှာလည်း ဖြစ်တာ သေချာပါတယ်။ ကျောက်ဖြူ၊ ရမ်းဗြဲ၊ အမ်း စတဲ့ ဒေသတွေမှာဆိုရင် ရေနံတူးဖော်မှုတွေ ရှိတယ်၊ ဂက်စ် တူးဖော်မှုတွေ ရှိတယ်။ အဲဒီလို တူးဖော်တဲ့နေရာမှာ ဆိုရင် အဓမ္မ နယ်မြေ အသိမ်းခံထားရတာတွေ ရှိပါတယ်။ ကျမတို့ ရသေ့တောင်မြို့နယ်မှာ ဆိုရင်လည်း တပ်ပိုင်မြေတွေအတွက် လယ်မြေဧရိယာ အများကြီးကို သိမ်းထားတာတွေ ရှိတယ်။ ပြီးတော့ ကလေးစစ်သား စုဆောင်းမှုတွေကလည်း ရှိနေတယ်။ အမျိုးသမီးတွေ အပေါ်မှာ အဓမ္မ လက်ထပ်မှုတို့ နေရာတကာမှာ ဖြစ်ပေါ်နေပါတယ်။

“အဲဒီလို အမှုတွေအပြင် ရခိုင်ပြည်နယ် တဝန်းမှာဆိုရင် ရှေးဟောင်း အမွေအနှစ်တွေကို ဖျက်ဆီးနေတာတွေ အများကြီး ရှိပါတယ်။ ရခိုင်ပြည်သူလူထုတွေ အနေနဲ့က လူ့အခွင့်အရေး ကိုယ်စားလှယ်တွေ လာရင်လည်း သူတို့ဆီကို မရောက်ဘူး။ နေရာတဝိုက်တည်းမှာ ဖြစ်နေတာမျိုး မဟုတ်ဘဲ ခမီ၊ မြို၊ သက်၊ ဒိုင်းနက် စသည်အားဖြင့် ရခိုင် အပါအဝင် အဲလို နယ်မြေခံ လူသားတွေ အားလုံးဟာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာ အများကြီး ရှိပါတယ်။ အဲဒါတွေကို စုံစုံလင်လင် လေ့လာပြီးတော့မှ လူ့အခွင့်အရေး ကောင်စီမှာ တင်ပြတာမျိုး ဖြစ်စေချင်ပါတယ်။”

ဒေါ်မြရာဇာလင်း ပြောပြသွားတာ ဖြစ်ပါတယ်။

မစ္စတာ ကင်တားနားဟာ မနက်ဖြန်မှာ ဘူးသီးတောင်ကို သွားရောက်မှာ ဖြစ်ပြီး ကြာသပတေးနေ့မှာ ရန်ကုန်ကိုပြန်ဖို့ ရှိပါတယ်။ သူ့ရဲ့ ခရီးစဉ်အတွင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ စစ်အစိုးရကို မေတ္တာရပ်ခံထားတဲ့ အပြင် မြန်မာစစ်အစိုးရ ခေါင်းဆောင်ပိုင်းတွေနဲ့ တွေ့ဆုံနိုင်ဖို့အတွက် နေပြည်တော်ကို သွားရောက်ဖို့ စီစဉ်ထားပြီး မပြန်ခင်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပဖို့ ရှိတယ်လို့ ကုလသမဂ္ဂ ပြန်ကြားရေး တာဝန်ခံ ဦးအေးဝင်းက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG