သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၀၉ ခုနှစ်အတွင်း သတင်းထောက် အများဆုံး အသတ်ခံရ


ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်ဟာ ကမ္ဘာပေါ်မှာ သတင်းသမားတွေ အသေအပျောက် အများဆုံး နှစ်တနှစ် ဖြစ်ခဲ့တယ်လို့ CPJ နယူးယောက်အခြေစိုက် သတင်းသမားများ ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း အနည်းဆုံး သတင်းသမား ၇၁ ဦး သေဆုံးခဲ့တယ်လို့ CPJ က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဖိလစ်ပိုင်နိုင်ငံ အတွင်းမှာပဲ နိုင်ငံရေးအရ ပြည်သူ့စစ်တွေရဲ့ သတ်ဖြတ်တာကြောင့် သတင်းထောက်နဲ့ သတင်းလုပ်ငန်း လုပ်ကိုင်သူ ၃၁ ဦး တချိန်တည်း တပြိုင်တည်း သေဆုံးခဲ့ရပါတယ်။

ဒီကိစ္စဟာ သတင်းလောကမှာတော့ မကြုံစဖူးအောင် သတင်းသမားတွေ တကြိမ်တည်း အသတ်ခံလိုက်ရခြင်း ဖြစ်ပါတယ်။ တချိန်တည်းမှာလည်း သတင်းသမားတွေကို ဖမ်းဆီးအကျဉ်းချတဲ့ နိုင်ငံတွေ စာရင်းမှာတော့ တရုတ်နဲ့ အီရန်က ထိပ်ဆုံးက ဖြစ်နေပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် မာဂရက် ဘာရှား (Margaret Besheer) သတင်းရေးသား ပေးပို့ချက်ကို အခြေခံပြီးတော့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

CPJ အနေနဲ့ အခုလို သတင်းသမားတွေရဲ့ အခြေအနေကို နှစ်စဉ် စောင့်ကြည့် မှတ်တမ်းတင်လာကတည်းက ဆိုရင် အခု နှစ် ၃၀ နီးပါးအတွင်း ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်မှာ သတင်းသမားတွေ အသေအပျောက် အများဆုံး ဖြစ်ခဲ့တယ်လို့ Attacks on the Press သတင်းမီဒီယာတွေအပေါ် တိုက်ခိုက်ခြင်းဆိုတဲ့ သူ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။ CPJ ဒုတိယ ညွှန်ကြားရေးမှူး ရောဘတ် မာဟိုနေ (Robert Mahoney) က အခုလို ပြောပါတယ်။

“အဲဒီနှစ်ဟာ သတင်းသမားတွေ သေဆုံးမှု အဆိုးဆုံး နှစ်တနှစ် ဖြစ်ပါတယ်။ သတင်းသမားတွေကို အစိုးရတွေ၊ အာဏာပိုင်တွေက ဖမ်းဆီးထောင်ချမှု နှုန်းမှာလည်း အဆိုးဆုံး နှစ်တနှစ် ဖြစ်ခဲ့ပါတယ်။ ဖမ်းဆီးခံရတဲ့ သတင်းထောက် အရေအတွက်ဟာလည်း များပြားလာပါတယ်။ ဒီဇင်ဘာ စာရင်းကောက်ခံတုန်းက အဖမ်းခံထားရတဲ့ သတင်းသမား အရေအတွက်က ၁၃၆ ဦး ရှိခဲ့ပြီးတော့ အဲဒီကနေ အခု အခြေအနေက ပိုတောင်ဆိုးလာပါတယ်။”

အီရန်နိုင်ငံတွင်း အခြေအနေတွေကိုလည်း သူက ထောက်ပြခဲ့ပါတယ်။ အီရန်မှာ ပြီးခဲ့တဲ့နှစ် ဇွန် သမ္မတ ရွေးကောက်ပွဲ ပြီးတဲ့နောက် ရလဒ်အပေါ် အငြင်းပွားမှု ဖြစ်ခဲ့ရာကနေ သတင်းသမားတွေ၊ ဘလော့ဂါတွေ အတော်များများ ထောင်ထဲရောက်ခဲ့ပါတယ်။ ဒီဇင်ဘာလကုန်မှာကို ထောင်ထဲမှာ ၂၃ ဦး ကျန်ပါသေးတယ်။ ဒါကြောင့် သတင်းသမားတွေကို ဖမ်းဆီးတဲ့ နိုင်ငံစာရင်းမှာ အီရန်နိုင်ငံဟာ တရုတ်ပြီးရင် ဒုတိယ လိုက်ပါတယ်။

အမေရိကန် Newsweek မဂ္ဂဇင်းအတွက် သတင်းထောက်လုပ်နေတဲ့ မာဇီယာ ဘဟာရီ (Maziar Bahari) ကိုယ်တိုင်ဟာလည်း အဲဒီတုန်းက အဖမ်းခံခဲ့ရပါတယ်။ သူဟာ အီရန်နိုင်ငံက နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အီဗင် (Evin) ထောင်ထဲမှာ ၁၁၈ ရက် နေခဲ့ရပါတယ်။ သူဟာ နိုင်ငံခြား အစိုးရတွေအတွက် သူလျှိုလုပ်ပေးတယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။

“အနောက်နိုင်ငံ အစိုးရတွေနဲ့ အီရန် နိုင်ငံရေး ပြုပြင်ရေးဝါဒီ အတိုက်အခံတွေကို အဆက်အသွယ် လုပ်ပေးတယ်ဆိုပြီး ကျနော့်ကို ဖမ်းဆီးစစ်ဆေးပါတယ်။ နာရီပေါင်းများစွာ ကြာတဲ့ စစ်ဆေးရေး ကာလအတွင်းမှာ ကျနော် လုံးဝမသိတဲ့ ပြုပြင်ရေးဝါဒီ နိုင်ငံရေးသမားတွေအကြောင်း မေးပါတယ်။ နိုင်ငံခြား အစိုးရတွေအတွက် သူလျှိုလုပ်ပေးတယ်၊ ပြုပြင်ရေးဝါဒီ နိုင်ငံရေးသမားတွေနဲ့ အဆက်အသွယ်ရှိတယ်၊ အနောက်နိုင်ငံ အစိုးရတွေက ပြောဆိုတာတွေကို ကျနော်က အဲဒီ အတိုက်အခံတွေကို တဆင့် လမ်းညွှန်ပေးမယ် စသဖြင့် အတင်း ဟုတ်မှန်ကြောင်း ထွက်ဆိုခိုင်းပါတယ်။”

အီရန်အစိုးရဟာ အခုဆိုရင် နိုင်ငံတွင်း အင်တာနက် ဘလော့ဂါ အသုံးပြုတွေကိုပါ နှိမ်နင်းလာနေတယ်လို့ ဘဟာရီက ဆက်ပြောပါတယ်။

“အီရန်အစိုးရဟာ ကနဦးပိုင်းက အင်တာနက် ဆိုက်ဘာကို အာရုံမထားခဲ့ပါဘူး။ ဒါပေမဲ့ မကြာခင်မှာတော့ ဆိုက်ဘာ အင်တာနက်ဆိုင်ရာ ဥပဒေတွေ၊ ဒစ်ဂျစ်တယ် မီဒီယာဆိုင်ရာ ရာဇဝတ်မှု ဥပဒေတွေ ထုတ်ပြန်လာပါတယ်။ ဒါတွေကြောင့် ဒစ်ဂျစ်တယ် မီဒီယာ အသုံးပြုတာ၊ မိုဘိုင်းဖုန်း text message ရိုက်တာမျိုးတွေကို သတင်းမှားတွေ ဖြန့်ချိတယ်ဆိုပြီး ရာဇဝတ်ပြစ်မှု တပ်လာနိုင်ပါတယ်။”

အလားတူပဲ တရုတ်နိုင်ငံမှာလည်း ဘလော့ဂါတွေ ဖိနှိပ်ခံနေရပါတယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အင်တာနက် အသုံးပြုသူ အများဆုံးနိုင်ငံ ဖြစ်ပေမဲ့ အင်တာနက် ဆင်ဆာဖြတ်တောက်မှု အကြီးဆုံးနိုင်ငံလည်း ဖြစ်တယ်လို့ CPJ အာရှဆိုင်ရာ ကျွမ်းကျင်သူ ဘော့ဘ် ဒိုင်းယက်ဇ် (Bob Dietz) က ပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့နှစ်အတွင်း သတင်းထောက်တွေ အသေအပျောက် မရှိခဲ့ပေမဲ့ CPJ ရဲ့ သတင်းသမားတွေ ဖမ်းဆီးခံရဆုံး စာရင်းမှာ နံပါတ် ၅ မြောက်မှာ ရှိနေပါတယ်။ မြန်မာသတင်းသမဂ္ဂ BMA ဥက္ကဋ္ဌ ဦးမောင်မောင်မြင့်က မြန်မာသတင်းသမားတွေ အခြေအနေဟာ အခု ၂၀၁၀ မှာ ပိုတောင် ဆိုးလာနိုင်တယ်လို့ ခန့်မှန်းပါတယ်။

“ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး စောစောပိုင်းနှစ်တွေမှာ ပြောကြ ဆိုကြတုန်းက သူတို့က သတင်းလွတ်လပ်ခွင့် ပေးမယ်ဆိုတဲ့ ပုံစံမျိုး ပြောထားတဲ့ အတွက်ကြောင့် အစပိုင်းမှာတော့ သတင်းလွတ်လပ်ခွင့်များ ရမလား၊ သတင်းထောက်တွေများ ပိုပြီးတော့ လွတ်လွတ်လပ်လပ် ရေးသားခွင့်၊ သတင်းယူခွင့် ရမလား ကျနော်တို့ ထင်ခဲ့တယ်။

“ဒါပေမဲ့ ၂၀၁၀ ခုနှစ်ပိုင်းကို ဝင်လာတဲ့အခါကျတော့ ဒီကိစ္စ မဖြစ်နိုင်တော့ဘူးလို့ ကျနော်တို့ မြင်လာတယ်။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ် အတွင်းမှာပဲ သတင်းသမားတွေ တော်တော်များများကို နှစ်ရှည်ထောင်ဒဏ် ချတာတွေ ရှိတယ်။ တချို့သတင်းသမားတွေ ဆိုရင် ထောင်ထဲမှာ အနှိပ်စက်ခံရတယ်ဆိုတဲ့ သတင်းမျိုးတွေလည်း ကျနော်တို့ ကြားရတယ်။ အစိုးရဘက်ကနေ သူတို့ရဲ့ မီဒီယာ သတ်သတ်မွေးပြီးတော့မှ လွတ်လွတ်လပ်လပ်ရေးတဲ့ မီဒီယာကို ဖိနှိပ်လာတာ၊ တိုက်ခိုက်လာတာမျိုးတွေ၊ အသင်းဖွဲ့ပြီး ဖိနှိပ်လာတာမျိုးတွေလည်း တွေ့နေရတယ်။

“ဒါတွေကို အကုန်လုံး ခြုံပြီး ပြောမယ်ဆိုရင်တော့ ၂၀၁၀ ခုနှစ်မှာ သတင်းသမားတွေ အနေနဲ့ လွတ်လွတ်လပ်လပ် သတင်းယူခွင့် ရမှာမဟုတ်ဘူး၊ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး။”

ထောင်ချတယ်၊ ပြစ်ဒဏ်ပေးတယ် ဆိုတဲ့နေရာမှာ သူတို့က ဥပဒေအရ ဆိုပြီးတော့၊ ဥပဒေ ချိုးဖောက်လို့ ဆိုတဲ့ဟာမျိုး သုံးလာတာ တွေ့ရပါတယ်။ နောက်တချက်က မြန်မာနိုင်ငံ အတွင်းမှာလည်း သတင်းသမားတွေ၊ သတင်းဂျာနယ်တွေ လွတ်လွတ်လပ်လပ် လုပ်လို့ရတယ်ဆိုတဲ့ သဘောမျိုး ပြောတော့ ဖမ်းတယ်ဆီးတယ် ဆိုတာက တကယ်တမ်း ဥပဒေအရ လုပ်တာလား၊ သက်သက် သတင်းသမား ဆိုပြီးတော့ ပစ်မှတ်ထား လုပ်တဲ့သဘော ရှိပါသလား။

“ဥပမာတခု အနေနဲ့ ပြောမယ်ဆိုရင် မလှလှဝင်း၊ မကြာသေးခင်က ထောင်ဒဏ်အနှစ် ၂၀ ထပ်ပြီး အချခံရတာ၊ အစောပိုင်းမှာ ထောင်ဒဏ် ၇ နှစ်၊ နောက်ပိုင်းမှာ ထောင်ဒဏ် အနှစ် ၂၀။ သူ့ရဲ့ တကယ်တမ်း ပြစ်မှုက စစ်အစိုးရက ပထမ ၇ နှစ်ကို လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်ကို နောက်ကနေထိုင်ပြီး လိုက်စီးသွားလို့ ဆိုပြီးတော့ သူ့ကို ထောင် ၇ နှစ်ချတယ်။ စီးသွားတဲ့နေရာက ဘုန်းကြီးကျောင်းကို စီးသွားတယ်၊ ဘုန်းကြီးကျောင်းမှာ သွားပြီးတော့ ဘုန်းကြီးတွေကို အင်တာဗျူး လုပ်တယ်။ ဆိုတော့ အင်တာဗျူးတဲ့အမှုက ထောင်ဒဏ် အနှစ် ၂၀ ကျတယ်။

“သတင်းသမား တယောက်အနေနဲ့ သတင်းသွားယူတာ ကိုယ်နှိုက်ကိုက ရာဇဝတ်မှု ဖြစ်နေတဲ့ အခါကျတော့ သတင်းသမားတွေကို အခုလိုမျိုး နှစ်ရှည်ထောင်ဒဏ် ချတယ်ဆိုတဲ့ ကိစ္စဟာ သိပ်တော့ မဆန်းတော့ဘူးလို့ပဲ ပြောရမှာပါပဲ။”

CPJ အစီရင်ခံစာထဲက အာဖရိကတိုက် အခြေအနေနဲ့ ပတ်သက်လို့တော့ သတင်းသမားတွေ အကြမ်းဖက် ခံရတာကြောင့် ထွက်ပြေးတိမ်းရှောင်ရတာ၊ ပြည်ပကို ပြေးရတာဟာ အာဖရိကမှာ အရေအတွက် အများဆုံးပဲလို့ ဆိုပါတယ်။ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကမှာ ဆိုလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းရေးသားတဲ့ သတင်းထောက်တွေဟာ အစိုးရရဲ့ ဖိအားတွေ ရင်ဆိုင်နေရတယ်လို့ ရေးထားပါတယ်။ လက်တင်အမေရိကဘက်မှာတော့ ရာဇဝတ်မှုတွေနဲ့ အဂတိလိုက်စားမှုတွေကို စုံစမ်းရေးသားတဲ့ သတင်းသမားတွေအဖို့ အန္တရာယ်တွေ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ ရုရှားက မြောက်ပိုင်း ကော့ကေးဆပ်ဒေသဟာလည်း သတင်းသမားတွေအတွက် ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံး ဒေသတခုအဖြစ် CPJ က သတ်မှတ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG