သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေတြိဂံဒေသ ခြုံခိုတိုက်ခိုက်မှုကြောင့် မြန်မာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ သေဆုံး


မူးယစ်ဆေးဝါး သယ်ယူရာမှာ ဖြတ်သန်းတဲ့ နေရာတခုဖြစ်တဲ့ ရွှေတြိဂံဒေသမှာ ယမန်နေ့ နေ့လယ်ပိုင်းက ကင်းလှည့်နေတဲ့ မြန်မာရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ် အဖွဲ့ဝင်တွေကို အမည်မသိ လက်နက်ကိုင်တချို့က ပစ်ခတ်ခဲ့ပါတယ်။ အဲဒီနေရာမှာ အခုချိန်ထိတော့ အလောင်း ၆ လောင်းကို ရှာဖွေတွေ့ထားပြီ ဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

ရွှေတြိဂံဒေသ ဝမ်ပုံမြို့နယ်ခွဲက ရဲအုပ် ခင်မောင်ရင် ဦးဆောင်တဲ့ အင်အား ၁၆ ယောက်ပါ ကင်းလှည့်အဖွဲ့ကို မဲခေါင်မြစ်ကြောင်း ပါဆာနဲ့ တပ်ပူးရွာ အကြားမှာ အမည်မသိ လက်ကိုင်အဖွဲ့တွေက ချုံခိုတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ အခင်းဖြစ်တဲ့ နေရာဟာ တာချီလိတ်မြို့ မြောက်ဘက် ကီလိုမီတာ ၃၀ ခန့် ဝေးတဲ့နေရာမှ ဖြစ်ပါတယ်။ အခုချိန်ထိ ရဲအုပ် ခင်မောင်ရင် အပါအဝင် အလောင်း ၆ လောင်းကို ရှာဖွေတွေ့ရှိထားပြီး ဒု-ရဲအုပ် စိုးလှိုင်နဲ့ တပ်သား ကြီးမူကတော့ ဒဏ်ရာအပြင်းအထန်နဲ့ တာချီလိတ်ဆေးရုံမှာ ကုသခံနေရပါတယ်။

ဆယ်ယူရရှိထားတဲ့ အလောင်းတွေကို တာချီလိတ်မြို့ မဟာမြတ်မုနိ ဘုန်းကြီးကျောင်းမှာ ရွှေ့ပြောင်းထားပြီးပြီလို့ အမည်မဖော်လိုတဲ့ တာချီလိတ်က ရဲအရာရှိတယောက်က ပြောပါတယ်။ တာချီလိတ် ရဲတပ်ဖွဲ့နဲ့ နီးစပ်သူ တယောက်ကတော့ မူယစ်ဆေးဝါးကိစ္စကြောင့် တိမ်းရှောင်နေသူ နော်ခမ်း ဦးဆောင်တဲ့ လားဟူ ပြည်သူ့စစ်အဖွဲ့က ခြုံခိုတိုက်ခိုက်တာဆိုပြီး မြန်မာရဲတပ်ဖွဲ့က ယုံကြည်နေတယ်လို့ ဆိုပါတယ်။

စက်လှေ ၃ စီးနဲ့ ကင်းလှည့်ရာမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ စက်လှေမောင်းတဲ့ ဒေသခံတွေလည်း ပါတယ်လို့ သိရပါတယ်။ နယ်စပ်အခြေစိုက် ရှမ်းပြည် မူးယစ်ဆေးဝါး စောင့်ကြည့်ရေး အဖွဲ့ဝင် ဦးစိန်ကြည်က လာအိုစစ်သားတွေက အထင်လွဲမှားမှုကြောင့် ပစ်ဟန်တူတယ်လို့ ဆိုပါတယ်။

“မိုင်းဖုန်းမြို့နယ်က ပုလိပ်တွေ၊ မူးယစ်တွေ၊ ပြည်သူ့စစ်တွေက သူတို့ တက်သွားတာ လာအိုဘက်ကို ကြိုတင် အကြောင်းကြားထားတာ မရှိဘူးနဲ့ တူတယ်။ သူတို့က ကျွန်းတခုပေါ်မှာ တက်သွားခါစပေါ့၊ ရှမ်းပြည်ဘက်ကမ်း၊ ဗမာဘက်ကမ်းက ပြည်သူ့စစ်တွေလည်း လာအိုစစ်သားတွေနဲ့ အမြဲ အဝင်အထွက် ရှိတယ်လေ။ တချို့ကပြောတာ ပြည်သူ့စစ်တွေက လာအိုဘက်ကို လှမ်းပြီး အကြောင်းကြားတာပေါ့။ အပြည့်အစုံ မသိတော့ လာအိုဘက်က မူးယစ်ကုန်သည်အဖွဲ့တွေ အထင်နဲ့ ကြည့်တာပေါ့။ နောက်တော့ လက်နက်ကိုင်လူတစု ဖြစ်နေတာကို တွေ့တော့ သူတို့က ဘာမပြော၊ ညာမပြောနဲ့ ပစ်တာပေါ့။”

ပျောက်ဆုံးနေသူတွေကိုတော့ မြန်မာအာဏာပိုင်တွေ ဆက်လက် ရှာဖွေနေဆဲ ဖြစ်ပါတယ်။ ရွှေတြိဂံနယ်မြေ မဲခေါင်မြစ်ကြောင်းဟာ မူးယစ်ဆေးဝါး သယ်ပို့ရာ အဓိက လမ်းကြောင်းတခုလို့ လူသိများပါတယ်။ ဒီနေရာမှာ အမည်မသိ လက်နက်ကိုင် အဖွဲ့တွေက မကြာခဏ ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုတကြိမ် ပစ်ခတ်မှုကြောင့် မြန်မာတပ်ဖွဲ့ဝင်တွေ သေဆုံးမှုဟာ အများဆုံး ဖြစ်တယ်လို့လည်း ဦးစိန်ကြည်က ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG