အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်နဲ့ စစ်ပွဲတွေ စဖြစ်ကတည်းက နေတိုး (NATO) ခေါ် မြောက်အတ္တန္တိတ် စစ်စာချုပ်အဖွဲ့ရဲ့ အကြီးမားဆုံး စစ်ဆင်မှုဖြစ်တဲ့ တိုက်ပွဲတွေအတွင်းမှာ တာလီဘန်တွေ လက်ထဲက မာဂျာမြို့ကို ပြန်သိမ်းယူလိုက်နိုင်ပြီလို့ အာဖဂန် အစိုးရက ပြောပါတယ်။
အာဖဂန်အရာရှိတွေက အစိမ်း၊ အနီနဲ့ အမည်းရောင်တွေနဲ့ နိုင်ငံတော်အလံကို မာဂျာမြို့မှာ စိုက်ထူခဲ့ပြီး ဒေသခံတွေက ၀ိုင်းဝန်း ကြည့်ရှုခဲ့ကြပါတယ်။
အရင်တပတ်ကလည်း မြို့ရဲ့ ဈေးမှာ နိုင်ငံတော်အလံကို စစ်တပ်က စိုက်ထူခဲ့ပေမဲ့ ကြာသပတေးနေ့က အလံစိုက်ထူပွဲကတော့ စစ်သွေးကြွတွေရဲ့ အမာခံ ခြေကုပ်ယူထားတဲ့ ဒေသကို အရပ်သား အစိုးရက ပြန်သိမ်းယူလိုက်ပါပြီဆိုတဲ့ ပြယုဂ်ပဲဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။
နိုင်ငံတောင်ပိုင်း ဟဲလ်မန်းပြည်နယ်မှာ တည်ရှိတဲ့ မာဂျာမြို့မှာ အစိုးရ ၀န်ဆောင်မှုတွေ ပြန်စတင်ဖို့ကတော့ တပ်သားအင်အား ၁၅,၀၀၀ ရှိတဲ့ နေတိုးနဲ့ အာဖဂန် တပ်ဖွဲ့တွေရဲ့ ဒီစီမံကိန်းထဲ နောက်တဆင့်ဖြစ်တယ်လို့ ပြောပါတယ်။
ခရိုင်အုပ်ချုပ်ရေးမှူး အသစ်ကလည်း အင်္ဂါနေ့ကတည်းက ဒီမြို့ကို ရောက်ရှိနေပါပြီ။ တချို့နေရာတွေမှာ တိုက်ခိုက်မှုတွေ ရှိနေသေးပေမဲ့လည်း မြို့ခံတွေက ကိုယ့်အိမ်ကိုယ် ပြန်လာပြီး နေထိုင်နေကြပြီ ဖြစ်ပါတယ်။