သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် အယူခံပြင်ဆင်ချက် ပယ်ချမှု နိုင်ငံတကာ ပြစ်တင်ဝေဖန်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူ့အပေါ်ချမှတ်ထားတဲ့ ထောင်ဒဏ်နဲ့ပတ်သက်ပြီး ပြင်ဆင်ချက် လျှောက်ထားတင်သွင်းတာကို ဗဟိုတရားရုံးက ပယ်ချလိုက်တဲ့အတွက် နိုင်ငံတကာက စိတ်ပျက်လက်ပျက် ဝေဖန် ပြောဆိုလိုက်ကြပါတယ်။ ဒါပေမဲ့လည်း ဒီလို နိုင်ငံတကာက ထုံးစံအတိုင်း ကြေညာချက်တွေထုတ်ပြီး ဝေဖန် ပြောဆိုတာ လောက်ကိုတော့ မြန်မာစစ်ဗိုလ်ချုပ်တွေက ဂရုစိုက်မှာမဟုတ်ဘူးလို့ တုံ့ပြန်ဝေဖန်တာလည်း ထွက်လာပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချမှတ်ထားတဲ့အပေါ် ပြင်ဆင်ချက်လျှောက်ထားတာကို ဗဟိုတရားရုံးက ပယ်ချ လိုက်တဲ့အတွက် ဝေဖန် ပြစ်တင်တဲ့နိုင်ငံတွေထဲမှာ ဗြိတိန်နဲ့ ကနေဒါတို့က အပြင်းထန်ဆုံးလို့ ဆိုရပါလိမ့်မယ်။ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းက ဒီလိုပယ်ချလိုက်တဲ့အတွက် မိမိအနေနဲ့ ထိတ်လန့် တုန်လှုပ်ပြီး ဝမ်းနည်း စိတ်ပျက်ရတယ်လို့ ကြေညာချက် တစောင် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို တရားရုံးတင်စစ်ဆေးခဲ့တာရော၊ အယူခံတင်သွင်းတာကို အဆင့်ဆင့် လုပ်ဆောင်ခဲ့တာတွေ ရောဟာ နိုင်ငံတကာ စံနှုန်းစံထားတွေနဲ့ မကိုက်ညီသလို တရားဥပဒေစိုးမိုးရေးကို လုံး၀ လျစ်လျူရှု ပစ်ပယ်လိုက်တာပဲလို့ ကနေဒါနိုင်ငံခြား ရေးဝန်ကြီး လောရန့်စ် ကန်နွန် (Lawrence Cannon) က ပြောပါတယ်။ အခုလို ပယ်ချလိုက်တာကို ကနေဒါနိုင်ငံအနေနဲ့ အလွန်အမင်း စိတ်ပျက်ရတယ်လို့လည်း ဆိုထားပါတယ်။

အကြီးအကျယ် စိတ်ပျက်ရတယ်လို့ပြောခဲ့တဲ့ နောက်နိုင်ငံတခုကတော့ မြန်မာနိုင်ငံနဲ့အတူတူ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများ အဖွဲ့ဝင်နိုင်ငံတခုဖြစ်တဲ့ စင်္ကာပူနိုင်ငံပါ။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ စိတ်ပျက်ရကြောင်းလောက်ကိုပဲ စာကြောင်းသုံးကြောင်းပါ ထုတ်ပြန်ချက်တခုနဲ့ သူ့ရဲ့ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ခဲ့ပါတယ်။

ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာဟာ အခုလောက်ပြောဆိုရုံနဲ့ လုံလောက်မှုမရှိဘဲ ပိုပြီး လက်တွေ့ကျကျ လုပ်ဆောင်ဖို့ လိုတယ်လို့ ပြန်ပြီး ဝေဖန်ပြောဆိုလိုက်တာကတော့ ဗြိတိန်နိုင်ငံအခြေစိုက်၊ မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK ရဲ့ ညွှန်ကြားရေးမှူး Mark Farmaner ပါ။

"ဒါပေမဲ့လည်း အခုလိုမျိုး ခပ်ပျော့ပျော့ အားနည်းတဲ့ထုတ်ပြန်ချက်တွေ ထုတ်ပြန်ခြင်းအားဖြင့် လက်ရှိအချိန်မှာတော့ သူတို့ကိုယ်တိုင်က ပြဿနာရဲ့ တစိတ်တပိုင်း ဖြစ်နေပါတယ်။ သူတို့က မြန်မာစစ်ဗိုလ်ချုပ်တွေကို ဆက်သာလုပ်၊ လူတွေကို ဖမ်းဆီးနှိပ်စက်၊ တိုင်းရင်းသားလူမျိုးစုတွေကို တိုက်ခိုက်၊ အာဏာရှင်စနစ် သက်ဆိုးရှည်စေမယ့် အခြေခံဥပဒေကိုကိုင်ပြီး အတုအယောင် ရွေးကောက်ပွဲကိုလုပ် ဆိုပြီး ပြောသလိုဖြစ်နေပါတယ်။ ဘန်ကီမွန်းကတော့ သူ စိတ်ပျက်တယ်လို့ ပြောတာပဲ။ ဒါပေမဲ့ စစ်ဗိုလ်ချုပ်တွေ ကြားမှာကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆက်သာလုပ်၊ ငါတို့ ဘာမှမလုပ်ဘူးလို့ ဆိုတာပါပဲ။"

ဒေါ်အောင်ဆန်းစုကြည် အယူခံပြင်ဆင်ချက်ကို ပယ်ချတဲ့အပေါ် ဝေဖန်ပြောဆိုကြတာနဲ့ တဆက်ထဲမှာပဲ အကျဉ်းချထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ ဒီနှစ်အတွင်း ကျင်းပမယ်လို့ကြေညာထားတဲ့ ရွေးကောက်ပွဲတွေရဲ့ တရားဝင်မှုကို ဆက်စပ် ပြောဆိုတာတွေ တွေ့ရပါတယ်။

တိုင်းပြည်ရဲ့ နိုင်ငံရေးဖြစ်စဉ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် မပါနိုင်အောင် ဘေးဖယ်ထုတ်ထားပြီး နိုင်ငံရေးအကျဉ်းသား ၂,၁၀၀ ကျော်ကို ဆက်ပြီး ဖမ်းထားတာနဲ့အမျှ စစ်အစိုးရက ကျင်းပတဲ့ ရွေးကောက်ပွဲတွေဟာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို မရသလို တရားဝင်မှုလည်း ရှိမှာမဟုတ်ဘူးလို့ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းက ပြောပါတယ်။

ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်ထဲမှာ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေ အပါအဝင် နိုင်ငံသားအားလုံးကို မြန်မာ စစ်အစိုးရက လွတ်လွတ်လပ်လပ် ပါဝင်ခွင့်ပေးမှသာ ရွေးကောက်ပွဲတွေဟာ ယုံကြည်ဖွယ်ရာဖြစ်လိမ့်မယ်လို့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲမတိုင်ခင်မှာ မြန်မာစစ်အစိုးရနဲ့ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားလူမျိုးစုတွေ တွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်အောင်လုပ်ဖို့ကိုလည်း စင်္ကာပူနဲ့ ကနေဒါတို့က တောင်းဆိုထားပါသေးတယ်။

မြန်မာစစ်ဗိုလ်ချုပ်တွေက နိုင်ငံတကာကပြောတာကို နားထောင်ပြီး နည်းနည်းလိုက်လုပ်တဲ့အချိန်ကတော့ နိုင်ငံတကာကနေ ပြင်းထန်တဲ့ဖိအား ကျလာတော့မယ်လို့ စိုးရိမ်တဲ့အချိန်ပဲဖြစ်တယ်လို့ Burma Campaign UK က Mark Farmaner က ပြောပါတယ်။

"တကယ်ပဲ ဖိအားကျလာတော့မယ်ဆိုတဲ့ အချိန်မျိုးမှာ သူတို့လုပ်ပါတယ်။ ကျန်တဲ့အချိန်မှာတော့ လုပ်ကို မလုပ်ပါဘူး။ ASEAN အဖွဲ့က တိုးတိုးတိတ်တိတ် ဝန်ခံထားတာရှိပါတယ်၊ သူတို့လုပ်ခဲ့တာ မြန်မာ့အရေးမှာ လုံး၀ မအောင်မြင်ဘူး၊ သူတို့ရဲ့ ပျော့ပြောင်းညင်သာတဲ့ ချဉ်းကပ်မှုက အလုပ်မဖြစ်ဘူးလို့ ဝန်ခံထားပါတယ်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွေ အများအပြား မြန်မာနိုင်ငံကို ၄၁ ကြိမ်သွားခဲ့ဖူးပါပြီ၊ အပြောင်းအလဲလေးတခုတောင် မဖြစ်ခဲ့ပါဘူး။ မြန်မာ စစ်ဗိုလ်ချုပ်တွေ တခုခုလုပ်တဲ့အချိန်ကတော့ နိုင်ငံတကာ ဖိအားအောက်မှာ ရောက်နေတဲ့အချိန်ပဲဖြစ်ပါတယ်။"

ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့က ညွှန်ကြားရေးမှူး Mark Farmaner ပြောခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတွေကတော့ ဥပဒေလမ်းကြောင်း ဆုံးတဲ့တိုင်အောင် လုပ်စရာရှိတာတွေ ကို ဆက်လုပ်သွားမှာဖြစ်ပြီး နောက်တဆင့် အထူး အယူခံတင်မယ်လို့ ဗွီအိုအေကို ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG