သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငလျင်ဒဏ်သင့်ချီလီ နိုင်ငံတကာဝိုင်းဝန်းကူညီ


စနေနေ့က ငလျင်ဒဏ်သင့်ပြီး အကြီးအကျယ် ပျက်စီးသွားတဲ့ ချီလီနိုင်ငံအတွက် လိုအပ်နေတဲ့ အကူအညီတွေကို နိုင်ငံတကာလူ့အဖွဲ့အစည်းတွေက စတင်ဆောင်ရွက်နေပါပြီ။

ကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေ အတွက် အကူအညီပေးသွားဖို့နဲ့ ချီလီအစိုးရက လိုအပ်လို့ ကူညီပါဆိုရင် တပ်သားတွေ စေလွှတ်ကူညီပေးဖို့လည်း အဆင်သင့်ရှိတယ်လို့ အမေရိကန် သမ္မတ မစ္စတာ အိုဘားမား က ချီလီသမ္မတ မီချဲလ် ဘာရှာလတ် ကို ပြောပါတယ်။

ဥရောပသမဂ္ဂအဖွဲ့ အီးယူကလည်း ချီလီနိုင်ငံအတွက် ပထမအဆင့် အရေးပေါ် ကူညီဖို့ လိုအပ်ငွေ အမေရိကန် ဒေါ်လာ ၄ သန်းကို လှူဒါန်းကြဖို့ တောင်းဆိုထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း ငလျင်ဒဏ်ကြောင့် သေဆုံးသွားရတဲ့ ချီလီပြည်သူတွေအတွက် ဝမ်းနည်းကြောင်း ထုတ်ပြန်ကြေညာ ခဲ့ပြီးတော့ ချီလီနိုင်ငံမြို့တော် ဆန်တီယာဂိုမှာ အခြေစိုက်တဲ့ ကုလသမဂ္ဂရဲ့ စီးပွားရေး ဆိုင်ရာ လက်တင်အမေရိကားနဲ့ ကာရေဘီယံနိုင်ငံများအဖွဲ့ကိုလည်း အကူအညီပေးကြဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။

အမေရိကတိုက် နိုင်ငံများအဖွဲ့၊ OAS ကလည်း ချီလီပြည်သူတွေရဲ့ အခြေအနေတွေ အေးအေးချမ်းချမ်း ဖြစ်လာအောင် ကူညီမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။

ဗြိတိသျှကြက်ခြေနီအဖွဲ့ကတော့ အမေရိကန်ဒေါ်လာ ၇၅,၀၀၀ အထက် ကူညီပေးသွားမယ့်အကြောင်းနဲ့ Ox Firm နဲ့ Save the Children အဖွဲ့အပါအဝင် တခြား အကူအညီပေးရေး အဖွဲ့တွေကလည်း အရေးပေါ်အဖွဲ့တွေဖွဲ့စည်း၊ အလှူငွေတွေ ကောက်ခံပြီးတော့ ငလျင်ဒဏ်သင့် ချီလီပြည်သူတွေကို ကူညီဖို့ စိုင်းပြင်းနေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG