သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ၂၁ ဦးပါ ပြန်ပေးဆွဲခံ သင်္ဘောနဲ့ ဆက်သွယ်နိုင်ရေး နော်ဝေးကုမ္ပဏီ ကြိုးစားနေဆဲ


နော်ဝေးနိုင်ငံပိုင် ဓာတုပစ္စည်းတွေ တင်ဆောင်လာတဲ့ သင်္ဘောတစင်းနဲ့ အဲဒီသင်္ဘောပေါ်မှာ ပါတဲ့ မြန်မာသင်္ဘောသား ၂၁ ဦးဟာ မဒါဂတ်စကား ကမ်းရိုးတန်းမှာ သောကြာနေ့တုန်းက ပင်လယ်ဓားပြတွေရဲ့ ပြန်ပေးဆွဲတာကို ခံခဲ့ရတဲ့အကြောင်း ဥရောပသမဂ္ဂ ရေကြောင်းဌာနက စနေနေ့မှာ အတည်ပြု ပြောကြားသွားပါတယ်။ အခုလက်ရှိ မြန်မာသင်္ဘောသားတွေရဲ့ အခြေအနေ ဘယ်လိုရှိသလဲ၊ သူတို့နဲ့ ပတ်သက်လို့ နောက်ထပ် ဘာတွေ ထပ်ကြားထားရသေးလဲ ဆိုတာကို စုံစမ်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

အခု ဆိုမာလီ ပင်လယ်ဓားပြတွေ ပြန်ပေးဆွဲသွားတဲ့ မြန်မာသင်္ဘောသား ၂၁ ဦးပါ နော်ဝေး ကုန်တင်သင်္ဘောဟာ အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) ကနေ တန်ဇန်းနီးယားနိုင်ငံကို ဦးတည်ခုတ်မောင်းနေတုန်း မဒါဂတ်စကား ကမ်းရိုးတန်း အလွန်မှာ သောကြာနေ့က ပြန်ပေးဆွဲခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီသင်္ဘောဟာ UBT Ocean ဖြစ်ပြီး စင်ကာပူမှာ မှတ်ပုံတင်ထားတာ ဖြစ်ပါတယ်။ အခုလောလောဆယ်မှာ နော်ဝေး သင်္ဘောကုမ္ပဏီက ပင်လယ်ဓားပြတွေနဲ့ရော သင်္ဘောနဲ့ပါ အဆက်အသွယ်ရဖို့ ကြိုးစားနေဆဲဖြစ်ပြီး အခြေအနေ အသေးစိတ်ကိုတော့ ဘာမှ မသိရသေးတဲ့အကြောင်း စင်ကာပူနိုင်ငံမှာ ရှိတဲ့ နော်ဝေး သင်္ဘောကုမ္ပဏီရဲ့ ကိုယ်စားလှယ် အက်ဝပ်ဒ် အိုင်ယွန် (Edward Ion) က ဗွီအိုအေကို အခုလို ပြောခဲ့ပါတယ်။

“ကျနော်တို့ဘက်က ကြိုးစားပြီးတော့ ဆက်သွယ်နေပါတယ်။ ဒါပေမဲ့ ပြန်ပေးဆွဲခံခဲ့ရတဲ့ သောကြာနေ့ ကတည်းက ပင်လယ်ဓားပြတွေနဲ့ရော သင်္ဘောနဲ့ပါ ဘာအဆက်အသွယ်မှ မရသေးပါဘူး။ ဒီအချိန်မှာ ကျနော်တို့ရဲ့ နံပါတ်တစ် ဦးစားပေးက သင်္ဘောပေါ်မှာ ပါသွားတဲ့ သင်္ဘောသားတွေရဲ့ အသက်အန္တရာယ် လုံခြုံရေးပါပဲ။ ဒီ့အတွက် ကျနော်တို့ လုပ်နိုင်တာ မှန်သမျှ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ သင်္ဘောနဲ့ ပြန်အဆက်အသွယ်ရအောင်၊ သင်္ဘော ဘယ်မှာရှိနေလဲ ဆိုတာကို အတိအကျ သိရအောင်နဲ့ အဲဒီဒေသက တာဝန်ရှိတဲ့ ဌာနတွေ အားလုံးနဲ့ အတူတကွ ပူးပေါင်း ဆောင်ရွက်နေပါတယ်။”

လောလောဆယ် အခြေအနေမှာတော့ သင်္ဘောသားတွေ အနေနဲ့ အန္တရာယ် ပြုခံရသလား၊ ပြီးတော့ ပင်လယ်ဓားပြတွေဘက်က သင်္ဘောကုမ္ပဏီကို ငွေတောင်း၊ မတောင်း ဆိုတာတွေလည်း ဘာမှ မသိရသေးပါဘူး။ ထိုင်းနိုင်ငံမှာ အခြေစိုက်တဲ့ မြန်မာနိုင်ငံ ပင်လယ်ပျော်များ သမဂ္ဂကလည်း အခု ပြန်ပေးဆွဲခံခဲ့ရတဲ့ မြန်မာသင်္ဘောသားတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ နောက်ထပ် အချက်အလက်တွေ ရရှိအောင် ကြိုးစားဆောင်ရွက်နေတယ်လို့ ဥက္ကဋ္ဌဖြစ်သူ ကိုအောင်သူရက ပြောပါတယ်။

“အခုလိုမျိုး ပင်လယ်ဓားပြ အတိုက်ခံရလို့ရှိရင် ကျနော်တို့မှာ အဖွဲ့ချုပ်ရှိပါတယ်၊ အပြည်ပြည်ဆိုင်ရာ ပို့ဆောင်ရေး အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (ITF) ပေါ့။ ITF က ဥရောပမှာလည်း ရှိတယ်၊ အာရှမှာလည်း ရှိတယ်။ ကျနော်တို့ရဲ့ နက်ဝါ့ခ် (Network) သမဂ္ဂ အဖွဲ့တွေ၊ သက်ဆိုင်ရာတွေကို သတင်း ဒီ့ထက်ပိုမိုပြီးတော့ ရအောင် ကျနော်တို့ ဆက်သွယ် မေးမြန်းတာပေါ့။”

ဆိုမာလီ ပင်လယ်ဓားပြတွေဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်ကစလို့ အခုလို သင်္ဘောတွေ ပြန်ပေးဆွဲ ငွေညှစ်တာမျိုးတွေ လုပ်ပြီး ဒေါ်လာသန်းပေါင်းများစွာ ရရှိနေတာ ဖြစ်ပါတယ်။ အခုလို ဆိုမာလီ ပင်လယ်ဓားပြတွေ ပြန်ပေးဆွဲနေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ တန်ဇန်းနီးယားနိုင်ငံ ပင်လယ်ကူး သင်္ဘောတစင်းမှာ စက်မှုအင်ဂျင်နီယာအဖြစ် တာဝန်ထမ်းနေတဲ့ မြန်မာ သင်္ဘောအင်ဂျင်နီယာ တယောက်က အခုလို ပြောပြပါတယ်။

“ဆိုမာလီ အပြင်ဘက်ထွက်ပြီးမှ အပေါ်ဘက် တက်ဆွဲတာ။ ဒီဘက်မှာက စစ်သင်္ဘောတွေ ရှိတယ်။ စစ်သင်္ဘောတွေရဲ့ အပြင်ဘက်ကို သူက ထွက်တယ်။ ကမ်းနားစပ်မှာ ဘာမှမဖြစ်ဘူး။ အပြင်ကိုထွက်ပြီးမှ ဆွဲတာ များတာ။ ဆိုမာလီနီးရင် စစ်တပ်ရှိတဲ့အတွက်ကြောင့် ဓားပြက နည်းတယ်။”

မနှစ်တုန်းကလည်း မြန်မာသင်္ဘောသားတချို့ လိုက်ပါတဲ့ စင်ကာပူနိုင်ငံက PIL ကုမ္ပဏီပိုင် သင်္ဘောတစင်းကို ဆိုမာလီ ပင်လယ်ဓားပြတွေ ပြန်ပေးဆွဲခဲ့ဖူးပြီး ၂ လကြာ ဖမ်းဆီးထားခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာ သင်္ဘောကုမ္ပဏီရဲ့ ငွေပေးမှုကြောင့် မြန်မာသင်္ဘောသားတွေ ပြန်လွတ်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ပြန်လွတ်လာတဲ့ သူ့မိတ်ဆွေ သင်္ဘောသား ပြန်ပြောပြခဲ့တဲ့ ဖမ်းဆီးခံရချိန် အခြေအနေနဲ့ ပတ်သက်လို့လည်း…

“နှိပ်စက်တာတော့ မရှိဘူးပေါ့။ သူတို့ကို နည်းနည်း စိတ်ကျဉ်းကျပ်အောင် ထားပြီးတော့ ပစ္စည်းကတော့ အကုန်ယူတာပဲ။ အိမ်နဲ့တော့ ဆက်သွယ်လို့ရတယ်၊ ဒါပေမဲ့ သူတို့ နေချင်တိုင်း နေလို့မရဘူး။ ထမင်းစားချိန် တက်စား၊ ပြီးရင် အချုပ်သားလို နေရတာ။ ပိုက်ဆံပေးပြီး ရွေးလိုက်တော့ ပြန်လွတ်လာတယ်။”

လက်ရှိ တန်ဇန်းနီးယားနိုင်ငံ ပင်လယ်ကူး သင်္ဘောတစင်းမှာ စက်မှုအင်ဂျင်နီယာအဖြစ် တာဝန်ထမ်းနေတဲ့ မြန်မာ သင်္ဘောအင်ဂျင်နီယာတယောက် ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဆိုမားလီးယား ပင်လယ်ဓားပြတွေဟာ အစားအသောက် ကုန်ပစ္စည်းတွေ တင်ဆောင်လာတဲ့ သင်္ဘောမျိုးတွေကို ပစ်မှတ်ထားလေ့ မရှိဘဲ အခုလို ဓာတုဗေဒပစ္စည်းတွေ၊ လောင်စာဆီတွေ၊ လက်နက်ခဲယမ်းတွေ၊ ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ် (WFP) ရဲ့ ကုန်ပစ္စည်းတွေ တင်ဆောင်လာတဲ့ သင်္ဘောမျိုးတွေကိုသာ ပစ်မှတ်ထားပြီး ပြန်ပေးဆွဲလေ့ ရှိပါတယ်။ အခုဆိုရင် ပင်လယ်ဓားပြတွေက သင်္ဘော အနည်းဆုံး ၆ စင်းနဲ့ သင်္ဘောသား ၁၀၀ ကျော်ကို ဖမ်းဆီးထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG