သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး စိုးရိမ်မှု ဘန်ကီမွန်း စာရေးပေးပို့


မြန်မာနိုင်ငံ နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်လို့၊ အထူးသဖြင့် လာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေကို မြန်မာစစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က စာရေးသား ပေးပို့ခဲ့ပါတယ်။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လာမယ့် ရွေးကောက်ပွဲမှာ ပါဝင်ခွင့် မရသရွေ့တော့ ရွေးကောက်ပွဲအပေါ် ယုံကြည်မှု ထိခိုက်နေမှာပဲလို့ သူက အလေးပေး ဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

စစ်အစိုးရအနေနဲ့ မနေ့ ညနေပိုင်းကပဲ ရွေးကောက်ပွဲဥပဒေ ပြဋ္ဌာန်းလိုက်ပြီလို့ ဆိုပေမဲ့ ဒီ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တရားမျှတမှု ရှိပ့ါမလား၊ ရွေးကောက်ပွဲဟာ တကယ်တမ်း လက်ခံနိုင်ချေ ရှိရဲ့လား ဆိုတာကတော့ ပြည်တွင်းရော ပြည်ပမှာပါ သံသယတွေ ရှိနေတုန်းပဲလို့ ဆိုရမှာပါ။ မြန်မာ့ဒီမိုကရေစီ အတိုက်အခံ လှုပ်ရှားသူတွေကတော့ ဒီရွေးကောက်ပွဲဟာ ၂၀၀၈ အခြေခံဥပဒေကို အခြေခံတာကြောင့် မူလ အခြေခံဥပဒေပါ ဒီမိုကရေစီနဲ့ မကိုက်ညီတာတွေကို ပြင်ဆင်ရမယ်လို့ တောင်းဆိုနေကြပါတယ်။

ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ သဘောထားမှာတော့ အတိုက်အခံတွေနဲ့ နည်းနည်းလေး ကွဲပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကိစ္စကို အလေးပေး ပြောဆိုတာ မဟုတ်ဘဲ အခု ဒီရွေးကောက်ပွဲကို အများက လက်ခံယုံကြည်လာအောင် လုပ်ဖို့၊ အထူးသဖြင့်ဆိုရင် NLD အပါအဝင် အတိုက်အခံ အင်အားစုတွေ ဒီရွေးကောက်ပွဲမှာ ပါဝင်လာနိုင်အောင် လုပ်ပေးဖို့ တောင်းဆိုနေပါတယ်။ ဒါကြောင့်လည်း စစ်အစိုးရ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ဟာ အရေးကြီးဆုံး လုပ်ရမယ့်အချက် ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။

“အရေးကြီးဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ဖြစ်နိုင်သမျှ မြန်မြန်ပြန်လွတ်လာပြီး သူတို့အားလုံး ဒီရွေးကောက်ပွဲမှာ ပါဝင်နိုင်ဖို့ လိုပါတယ်။ ဒီရွေးကောက်ပွဲဟာ အများပါဝင်နိုင်ပြီး အများက လက်ခံယုံကြည်နိုင်ဖို့ လိုပါတယ်။ ကျနော် ထပ်ပြီးတော့ အလေးအနက် ပြောချင်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဓိကကျတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပါဝင်နိုင်ခွင့် မရှိဘဲနဲ့တော့ ဒီရွေးကောက်ပွဲဟာ အားလုံးပါဝင်နိုင်တယ်လို့ ယူဆစရာ မရှိပါဘူး။”

ဒါကြောင့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စိုးရိမ်ချက်တွေကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံကို စာရေးသား ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံ နိုင်ငံရေး တိုးတက်မှုတွေကိုလည်း အနီးကပ် စောင့်ကြည့်နေတယ်လို့ မစ္စတာ ဘန်ကီမွန်းက ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံ အခြေအနေကို အနီးကပ် အသေအချာ စောင့်ကြည့်နေပါတယ်။ လွန်ခဲ့တဲ့ ၁၀ ရက်တုန်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံကို ကျနော် စာတစောင် ပို့ခဲ့ပါတယ်။ ကျနော့် စိုးရိမ်မှုတွေထဲက ပထမဆုံး ပြောရရင်တော့ ဘာမှ တိုးတက်မှု မတွေ့ရတာပါ။ အခုနှစ်အတွင်း ကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲကို အများက ယုံကြည်လက်ခံလာဖို့၊ အဓိကကျသူ အားလုံး ပါဝင်နိုင်ဖို့၊ ထင်သာမြင်သာ ပွင့်လင်းမှုတွေရှိဖို့၊ ဒါတွေဟာ အလွန်တရာ အရေးကြီးတယ်ဆိုတာ ဖော်ပြထားပါတယ်။

“ဒီအတွက် ဆောင်ရွက် လုပ်ကိုင်စရာတွေ ရှိပါတယ်။ မြန်မာအစိုးရက ရွေးကောက်ပွဲ ဥပဒေ ပြဋ္ဌာန်းလိုက်ပြီဆိုတဲ့ ကြေညာချက် သတင်းကိုလည်း ကြားရပါတယ်။ ဒီအချက်ကို ဖြစ်နိုင်သမျှ မြန်မြန်ဆောင်ရွက်ဖို့ မြန်မာအာဏာပိုင်တွေကို ကျနော် တိုက်တွန်းနေတာပါ။”

ဒေါ်အောင်ဆန်းစုကြည်အပေါ် အမိန့်ချထားတဲ့ အယူခံ ပြင်ဆင်ချက်ကိုတော့ တရားရုံးချုပ်ကနေ မကြာခင်က ပယ်ချခဲ့ပြီးပါပြီ။ ဒီအတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို သူ့သက်တမ်းပြည့် ချုပ်ထားဦးမယ်ဆိုရင် လာမယ့် နိုဝင်ဘာ၊ ကြားရတဲ့ သတင်းတွေအရဆိုရင် ရွေးကောက်ပွဲပြီးမှ ဒေါ်အောင်ဆန်းစုကြည် လွတ်မယ်ဆိုတဲ့ သဘော ဖြစ်နေပါတယ်။ ကျင်းပနေတဲ့ ဂျနီဗာ လူ့အခွင့်အရေး ကောင်စီမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ တရားမဲ့ ဖမ်းဆီးခံထားရတဲ့ အခြေအနေမှာ ရှိတယ်လို့ ဆုံးဖြတ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ကုလသမဂ္ဂရဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခံရမှု ဆိုင်ရာ အလုပ်အဖွဲ့ ဥက္ကဋ္ဌ မစ္စတာ အယ်လ် ဟတ်ဒ်ဂျီ မာလစ်ခ် ဆိုး (Mr. El Hadji Malick Sow) က ပြောသွားပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံထားရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဒါဟာ မတရား ဖမ်းဆီးထိန်းသိမ်းခံရတာ ဖြစ်တယ်လို့ အမြင်သဘောထားတရပ် အလုပ်အဖွဲ့အနေနဲ့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ အခုလို သူမရဲ့ လွတ်လပ်ခွင့်ကို တားဆီးချုပ်နှောင်ထားတာဟာ ကျနော်တို့ သတ်မှတ်ထားတဲ့ မတရား ချုပ်နှောင်မှုဆိုင်ရာ အချက် ၃ ချက်စလုံးနဲ့ ကိုက်ညီနေပါတယ်။”

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့တော့ အရင် မစ္စတာ ဂမ်ဘာရီနေရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်သစ် အစားထိုးဖို့ကိုတော့ အတွင်းရေးမှူးချုပ် အနေနဲ့ အကောင်းဆုံးလူ ရှာနေတုန်းပဲလို့ ဆိုပါတယ်။ ဒါပေမဲ့ လက်ရှိ မြန်မာအရေးနဲ့ ပတ်သက်လို့ အဆက်အသွယ်လည်းရှိ၊ အတွေ့အကြုံ ဗဟုသုတလည်း ရှိတဲ့ ကုလ အတွင်းရေးမှူးချုပ်ရုံး အကြီးအကဲ မစ္စတာ နမ်ဘီယာ (Mr Nambiar) က ယာယီ တာဝန်ယူထားတယ်လို့ သိရပါတယ်။

မစ္စတာ ဘန်ကီမွန်း အနေနဲ့ကတော့ မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်လို့ အခု မတ်လအကုန် မတိုင်ခင်မှာ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့မိတ်ဆွေ နိုင်ငံများအဖွဲ့ အစည်းအဝေးကို ခေါ်ယူဖို့ ရှိတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG