သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရ ရွေးကောက်ပွဲ ဥပဒေကို BLC သုံးသပ်ဝေဖန်


မြန်မာစစ်အစိုးရအနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲဥပဒေတွေကို ထုတ်ပြန်ခဲ့တာကို ထိုင်းနိုင်ငံအခြေစိုက် မြန်မာရှေ့နေများ ကောင်စီ (Burma Lawyers Council – BLC) က ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံသင့်တဲ့ အစီရင်ခံစာ တစောင် ထုတ်ပြန် ခဲ့ပါတယ်။ ရွေးကောက်ပွဲကို ဘာအကြောင်းတွေကြောင့် လက်မခံသင့်ဘူးဆိုတာကို မြန်မာရှေ့နေများကောင်စီ အထွေထွေ အတွင်းရေးမှုး ဦးအောင်ထူး ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း သုံးသပ်ဆွေးနွေး တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံရှေ့နေများကောင်စီ က သုံးသပ်ချက် ထွက်လာတဲ့ အချိန်မှာ မြန်မာနိုင်ငံမှာလည်း ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဥပဒေတွေကို ထုတ်ပြန်ဖို့ ကြေညာတယ်၊ ရွေးကောက်ပွဲ ကော်မရှင် ဖွဲ့စည်းမှုဥပဒေကိုလည်း ဒီနေ့မှာ ထုတ်ပြန်ပါတယ်။ အဲဒီအချက်အလက်တွေကို ဘယ်လို ပြောလိုပါသလဲ။

ဦးအောင်ထူး ။ ။ နောက်ဆုံး ထွက်လာတဲ့ ဥပဒေတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အချက် (၇) ချက် ပြောလိုပါတယ်။ ပထမတချက်က ဘာလဲဆိုတော့ နိုင်ငံတကာက ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေ လာရောက်လေ့လာခွင့် ကိစ္စက ဒီ ဥပဒေအရ လုံး၀ ငြင်းပယ်ခံလိုက်ရတယ်လို့ ပြောနိုင်တယ်။ ဒုတိယတချက်က ရွေးချယ်တင်မြောက်ပုံစနစ်က အခုလက်ရှိ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ကျင့်သုံးခဲ့သလိုပဲ မဲအများစုရသူ နိုင်တယ်ဆိုတာနဲ့ သွားလိမ့်မယ်။ ဒီစနစ်က တိုင်းရင်းသားတွေအတွက် လုံးဝအကျိုးမရှိဘူးလို့ ပြောချင်တယ်။ တတိယအချက်က ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ စာရင်းကို ပြုစုတဲ့အခါမှာ သက်ဆိုင်ရာ အစိုးရက တာဝန်ခံ ကြီးကြပ်ပြီးတော့ တပြည်လုံး အတိုင်းအတာအရ အကုန်လုံးကို လွှမ်းခြုံနိုင်တဲ့စာရင်းကြီးတခု ကောက်ပေးဖို့ လိုတယ်။ အဲဒါကို အစိုးရက တာဝန်မယူဘဲနဲ့ ကော်မရှင်လွှဲတဲ့ကိစ္စက ဘာက ိုပြသလဲဆိုတော့ ၂၀၀၈ တုန်းက ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုတုန်းက သုံးခဲ့တဲ့ ဆန္ဒမဲဟောင်းကြီးကိုပဲ ပြန်သုံး တော့မယ့် သဘောဖြစ်တယ်ဆိုတာကို တွေ့ရတယ်။ အဲဒီတော့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့် ဥပဒေကို ပြန်လည် သုံးသပ်ထားတယ်။ တဘက်မှာတော့ ပါတီစုံ အထွေထွေရွေးကောက်ပွဲ ကျင်းပရေးကော်မရှင် ဥပဒေကို ဖျက်လိုက်တယ်။ ဒီနှစ်ခုက ဆန့်ကျင်ဘက် ဖြစ်နေတယ်။ အဲဒီတော့ ပါတီစုံ အထွေထွေရွေးကောက်ပွဲ ကျင်းပရေးကော်မရှင် ဥပဒေကို ဖျက်လိုက်တဲ့ သဘောက နိုင်ငံရေးပါတီတွေဟာ ဒီအောက်မှာ ရွေးကောက်ပွဲ ဝင်ရတော့မှာ မဟုတ်ဘဲနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အောက်မှာသာ ရွေးကောက်ပွဲ ဝင်ရတော့မယ့် သဘောကို ဖော်ပြလိုက်တာဖြစ်တယ်။

နံပတ် (၅) အရေးကြီးတဲ့အချက်က သတင်းဌာနတွေကိစ္စ။ ရွေးကောက်ပွဲ ကျင်းပတဲ့အခါတိုင်းမှာ သတင်းဌာနတွေရဲ့ လွတ်လပ်စွာ လေ့လာခွင့်ကို အာမခံချက်ပေးရမှာ ဖြစ်တယ်။ ဒါကို သက်ဆိုင်ရာ တိုင်းပြည်အစိုးရတွေက အာမခံရတာ ဖြစ်တယ်။ ကော်မရှင်ရဲ့ ကိစ္စနဲ့ တိုက်ရိုက် ပတ်သက်ခြင်း မရှိဘူး။ အစိုးရက ကော်မရှင်ကို လွှဲလိုက်ခြင်းက ဘာကိုပြလဲ ဆိုတော့ သတင်းဌာနတွေရဲ့ လွတ်လပ်စွာ လေ့လာခွင့်ကို ဘာတခုမှ အာမခံချက်မရှိဘူးဆိုတာကို ပြတယ်။

နံပတ် (၆) အချက်က ရွေးကောက်ပွဲ ကျင်းပမယ့် မဲရုံးဝန်ထမ်းတွေ အကုန်လုံးကို စနစ်တကျ သင်တန်းတွေ ပေးရတယ်။ အဲဒီသင်တန်းတွေကို နိုင်ငံတကာ အကူအညီ မပါဘဲနဲ့ ဘယ်တော့မှ လွတ်လပ်တဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူး။ အရည်အချင်းရှိလာအောင် သင်တန်းတွေ ပေးတဲ့ကိစ္စတွေ။ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်မယ့်အဖွဲ့တွေ သင်တန်း ပေးခွင့်ကို လုံးဝလုပ်ခွင့်မရှိတော့ဘူးဆိုတာကို ပြလိုက်တာဖြစ်တယ်။ နောက်ဆုံးတချက် နဲ့ အရေးကြီးဆုံး အချက်က လက်ရှိ နအဖ ထုတ်ပြန်လိုက်တဲ့ ကော်မရှင်ဥပဒေက ကော်မရှင်သည်သာ အမြင်ဆုံး လုပ်ပိုင်ခွင့်အဖွဲ့ဖြစ်တာကြောင့် ကော်မရှင် လက်ထဲမှာ လုပ်ချင်ရာလုပ်ခွင့် ရှိသွားတယ်။ ကော်မရှင်က အောက်ခြေပြည်နယ် မြို့နယ်ရပ်ကွက် ကျေးရွာတွေက မဲ ဘယ်လောက် ဘယ်လိုပေးပေး ကော်မရှင်လက်ထဲမှာ နောက်ဆုံး ထုတ်ပြန်တဲ့အခါမှာ သူက အဖြူကို အမဲလုပ်လိုက်တယ်။ အဲဒါကို မကျေနပ်လို့ တိုင်မယ်ဆိုရင် တိုင်နိုင်ခွင့် လုံးဝမရှိတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တရားစီရင်ရေးလမ်းကြောင်းနဲ့ လုံးဝဖြတ်လိုက်တာ ဖြစ်တယ်။ ဒါကြောင့် ဒီထုတ်လုပ်တဲ့ ရွေးကောက်ပွဲ ဥပဒေနဲ့အညီ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လုံးဝတရားမျှတခြင်း မရှိနိုင်ဘူးလို့ သုံးသပ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု ရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းတဲ့ ဥပဒေ ထွက်သေးတာ။ တခြား နိုင်ငံရေးပါတီဆိုင်ရာတို့၊ လုပ်ထုံးလုပ်နည်းတွေက ထွက်လာလိမ့်မယ်ဆိုတော့ အဲဒါတွေကို မစောင့်ကြည့်သင့်ဘူးလား။ အခုလို ဝေဖန်နေတာ မစောနေဘူးလား။

ဦးအောင်ထူး ။ ။ ဒီလိုပါ ဥပဒေနဲ့ နည်းဥပဒေက လုံး၀ အနှစ်သာရအားဖြင့် ခြားနားပါတယ်။ နည်းဥပဒေဆိုတာ ဥပဒေ ပေါ်မှာ မူတည်ပြီးတော့ ထုတ်ပြန်ပေးရတာဖြစ်တယ်။ ဥပဒေဘောင်ကို ကျော်လို့မရပါဘူး။ အခုနပြောတဲ့ အနှစ်သာရတွေ နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေးအဖွဲ့၊ ရွေးကောက်တင်မြောက်ပုံစနစ်တို့၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စာရင်း၊ နိုင်ငံရေးပါတီ ကိစ္စ၊ သတင်းဌာန၊ သင်တန်းပေးရေးကိစ္စ၊ တရားစီရင်ရေးတို့ က ဥပဒေမှာ ပါမှသာ နည်းဥပဒေတွေက မှီငြမ်းပြီး ပြဋ္ဌာန်းလို့ ရတာဖြစ်တယ်။ ဥပဒေမှာ ဘာတခုမှ မပါတဲ့အတွက် နည်းဥပဒေမှာ ပါစရာ အကြောင်းမရှိတော့ဘူး။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့ဘူးတဲ့ ရွေးကောက်ပွဲတွေ ဖဆပလ လွတ်လပ်ရေးရပြီးတဲ့နောက်က စပြီးတော့ ဘယ်ရွေးကောက်ပွဲမှ နိုင်ငံခြားက လာရောက်ပြီးတော့ အကဲခတ်တဲ့လူတွေ သီးခြားထားခဲ့တာ မတွေ့ရပါဘူး။ အခုတခါ ဘာကြောင့် လိုအပ်ပါသလဲ။

ဦးအောင်ထူး ။ ။ ခေတ်က ပြောင်းသွားခဲ့ပြီ။ အထူးသဖြင့် ပြောမယ်ဆိုရင် အခုနပြောတဲ့ ရွေးကောက်ပွဲတွေတုန်းက သက်ဆိုင်ရာ တိုင်းပြည်တွေ ကမ္ဘာမှာ အာဏာရှင်စနစ် ဆက်ရှိခဲ့တယ်။ ဒီမိုကရေစီ တိုးတက်မှု အားနည်းခဲ့တယ်။ ၁၉၈၆ နောက်ပိုင်းမှာ နိုင်ငံပေါင်း (၃၀) ကျော် အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ပြောင်းသွားတဲ့အခါမှာ ဒီမိုကရေစီစနစ် အရှိန်အဟုန်က ကြီးလာတယ်။ ဒီမိုကရေစီ စံထားချက်တွေက မြှင့်တက်လာတယ်။ အဲဒီတော့ ရွေးကောက်ပွဲက ဒီမိုကရေစီရဲ့ အသက်ဆိုတာ ပိုနားလည်းလာကြတယ်။ အဲဒီတော့ ကုလသမဂ္ဂမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ section တွေ ပေါ်လာရ သလို။ တကမ္ဘာလုံးမှာ ရွေးကောက်ပွဲ လေ့လာရေးတွေက နိုင်ငံတကာမှာ နိုင်ငံတကာအဆင့်နဲ့ အကြီးအကျယ် လုပ်လာ ရတာ ဖြစ်တယ်။ ဒါကြောင့် ယနေ့ကာလမှာ ရွေးကောက်ပွဲကို နိုင်ငံတကာက လေ့လာတယ်ဆိုတာက ကမ္ဘာ့ရဲ့ လုပ်ထုံး လုပ်နည်းအရ ဖြစ်လာတာဖြစ်တယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ဦးအောင်ထူးတို့ ထုတ်ပြန်တဲ့အထဲမှာ နောက်ဆုံးကတော့ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံကို ဖျက်သိမ်းဖို့အတွက် ပြည်သူတွေဟာ အသက်ပေါင်းမြောက်မြားစွာ ပေးဆပ်ခဲ့ရတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေကိုလည်း နိုင်ငံတကာက အသိအမှတ်ပြုမယ်ဆိုရင် ပြည်သူတွေရဲ့ အသက်ဟာ ဆက်လျက်ပြီးတော့ ဆုံးရှုံးနေရမယ်ဖြစ်တယ်ဆိုပြီး ရေးထားတာ တွေ့ရပါတယ်။ တချို့က တွက်တာက အဲဒီလို ဖွဲ့စည်းပုံအောက်မှာ နိုင်ငံတကာက စံနှုန်းနဲ့ မီတဲ့ အဆင့်မြင့် နိုင်ငံများကိုတော့ မတုနိုင်ဘူး။ ဒါပေမယ့် သူ့အတိုင်းအတားနဲ့တော့ ဖွဲ့စည်းပုံအုပ်ချုပ်မှုမရှိတဲ့ အာဏာရှင်စနစ်ထက်တော့ ဒီဟာက အရပ်သားတွေပါတဲ့ အစိုးရတရပ် ဖြစ်လာမှာမို့လို့ အရပ်သားတွေရဲ့ ဘဝဟာ အရင်ထက်စာရင်တော့ သိသိသာသာ မဟုတ်တောင် မသိမသာလေး တိုးတက်မှုရှိလာလိမ့်မယ်လို့ အကောင်းမြင် ခန့်မှန်းကြတဲ့လူတွေ ရှိကြပါ တယ်။ အဲဒီလူတွေရဲ့ သုံးသပ်ချက်ကို ဦးအောင်ထူးတို့က လုံး၀ ပယ်ချလိုပါသလား။

ဦးအောင်ထူး ။ ။ ကျနော်တို့က ရာနှုန်းပြည့် ပယ်ချပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဖွဲ့စည်းပုံ ရှိခြင်းက မရှိခြင်းထက် ပိုကောင်းတယ်ဆိုတဲ့ အယူအဆက ဘာနဲ့ သွားတူသလည်းဆိုတော့ ရောဂါတခု ရှိလာတာ မရှိခြင်းထက် ပိုကောင်းတယ်လို့ ပြောသလို ဖြစ်နေတယ်။ ကျနော်တို့မှာ အစက ရောဂါမရှိဘူး။ ရောဂါရှိလာတိုင်း ကောင်းလာတယ်လို့ ပြောလို့မရဘူး။ ဒီ စစ်အာဏာရှင် စနစ် တည်တန့်ခိုင်မြဲရေးက အုတ်မြစ်ချထားတဲ့ ဖွဲ့စည်းပုံဖြစ်တာကြောင့် ဒီဖွဲ့စည်းပုံအတိုင်း ဆက်သွားမယ် ဆိုရင် နောင် နှစ်ပေါင်း ၁၀၀၊ ၁၀၀၀ တိုင် ဒီမိုကရေစီနိုင်ငံ ဖြစ်လာစရာ အကြောင်းမရှိဘူး။ တချက်ပဲ ကျနော်ရှင်းပြမယ် - ကမ္ဘာပေါ်မှာ ဘယ်ဖွဲ့စည်းပုံမှာမှ မရှိဘူး။ အဲဒါ ဘာလဲဆိုတော့ အုပ်ချုပ်ရေးကဏ္ဍမှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီကို ထည့်သွင်းပြဌာန်းတဲ့ကိစ္စ။ တကမ္ဘာလုံး ထွက်ကြည့်ပါ ဘယ်ဖွဲ့စည်းပုံမှာမှ မရှိဘူး။ ဒီလို အမျိုးသားကာကွယ်ရေး နဲ့ လုံခြုံရေးဆိုတာက ကော်မတီအဆင့်နဲ့သာ လွှတ်တော်တွေမှာ ရှိရတယ်။ အဲဒီတော့ အမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေး ကောင်စီ ဆိုပြီး အုပ်ချုပ်ရေးကဏ္ဍမှာ ထည့်သွင်းပြဌာန်းထားတဲ့ ဖွဲ့စည်းပုံမျိုးက ဘာကိုပြသလဲဆိုတော့ လက်ရှိတည်နေတဲ့ စစ်ကောင်စီကို နာမည်တခု ပြောင်းပြီးတော့ ဖွဲ့စည်းပုံနဲ့ တည်ရှိမယ့် စစ်ကောင်စီနဲ့ ရပ်တည်သွားမှာ ဖြစ်တာကြောင့် ဒီ ဖွဲ့စည်းပုံကို ဆက်လက်အသက်သွင်း ထားသမျှကာလပတ်လုံး စစ်အာဏာရှင်စနစ်ကိုသာ သက်ဆိုးရှည် ရှိနေမှာ ဖြစ်ပါ တယ်။

ဦးကျော်ဇံသာ ။ ။ ဦးအောင်ထူး တို့ရဲ့ ထောက်ခံတင်ပြချက် လေးခု ရေးထားတဲ့အထဲမှာ တခုက မြန်မာနိုင်ငံမှာ အခုလက်ရှိ အာဏာလက်ရှိလူတွေ ကျူးလွန်ခဲ့သမျှကို ကင်းလွတ်ခွင့်ပေးထားတာကို တွေ့ရပါတယ်။ ရွေးကောက်ပွဲ ဝင်ရောက်ဖို့ စီစဉ် နေတဲ့ နိုင်ငံရေးသမားတချို့၊ နိုင်ငံရေးပါတီထောင်ထားတဲ့ ပုဂ္ဂိုလ်တဦးက မြန်မာနိုင်ငံ စစ်အစိုးရ တကယ်တော့ သူတို့ တပ်ဆုတ်နေတာဖြစ်တယ်။ ၂၀၀၈ အခြေခံဥပဒေဆိုတာဟာ သူတို့ရဲ့အတွက် အကာအကွယ်ယူပြီးတော့ တပ်ဆုတ်တာ၊ တပ်မှုးကောင်းတို့မည်သည် ဖရိုဖရဲ တပ်ဆုတ်သွားရင် တပ်ပျက်သွားမှာကို ကြောက်တဲ့အတွက်ကြောင့် တပ်အတွက် အကာအကွယ်ယူပြီး နောက်ဆုံးသွားခြင်းဖြစ်တယ်။ အဲဒီလို နောက်ဆုတ်တဲ့နေရာမှာ ပြည်သူတွေအားလုံးက လိုက်ပါလာ ပြီးတော့ ရှေ့တိုးသင့်တယ်၊ ရွေးကောက်ပွဲ ဝင်သင့်တယ်လို့ ပြောပါတယ်။ ဆိုတော့ အခုနပြောတဲ့ သူတို့က ကင်းလွတ်ခွင့် တွေ ပေးထားတယ်ဆိုတာကလည်း သူတို့ အကာအကွယ်ယူပြီး ဆုတ်တာ။ သူက ထောက်ပြတယ် ၁၉၉၀ ရွေးကောက်ပွဲ ပြီးလို့ အာဏာ လွှဲမပြောင်းပေးခဲ့တာ ဒီလို အကာအကွယ်မျိုး ဘာမှမရှိလို့ လွှွဲပြောင်းဖို့ မဖြစ်နိုင်ဘူး။ အဲဒီလို အကာအကွယ် ပေးသင့်တယ်ဆိုတဲ့ သဘောမျိုးနဲ့ ဆွေးနွေးတာရှိပါတယ်။ အဲဒီကိစ္စအပေါ် ဦးအောင်ထူး သဘောထားသိချင်ပါတယ်။

ဦးအောင်ထူး ။ ။ ကျနော်တို့က အဲဒါနဲ့ လုံးဝဆန့်ကျင်ဘက် အမြင်ရှိပါတယ်။ တပ်ဆုတ်တာ လုံးဝမဟုတ်ပါဘူး။ တပ်ကို ပို ခိုင်မာအောင်လုပ်တာ၊ စစ်အာဏာရှင်စနစ်ကို ပိုခိုင်မာအောင်လုပ်တာ၊ စစ်အာဏာရှင် အုတ်မြစ်ကို တပြည်လုံးမှာ အခိုင်အမာ ချမှတ်တာဖြစ်တယ်။ အဲဒီလို တပ်ဆုတ်တာဆိုရင် ဘာကြောင့် တတိုင်းပြည်လုံးရဲ့ စီးပွားရေးမှာ တပ်က အခြေခံအားဖြင့် ဘက်ပေါင်းစုံက ပါပြီးတော့ ရင်းနှီမြုပ်နှံမှုတွေ အကြီးအကျယ် လုပ်ထားသလဲ။ ဒီနေ့ မြန်မာပြည်ရဲ့ စီးပွားရေးကို အဓိက ချုပ်ကိုင်ထားတာက စစ်တပ်နဲ့ လက်ဝေခံထားတဲ့ စီးပွားရေးသမားကြီးတွေ ကိုင်ထားတာဖြစ်တယ်။ ဒါ ပထမအချက် ဖြစ်တယ်။ ဒုတိယအချက်က နအဖက အာဏာလွှဲပြောင်းဖို့ လူထုလက်ထဲ ထည့်ဖို့လုပ်နေတာ မဟုတ်ဘူး။ အာဏာကို ဆက်လျက်တည်မြဲအောင် လုပ်နေတာဖြစ်တယ်။ နေပြည်တော် တည်ဆောက်ထားတာကိုက ကြီးကြီးမားမား စီမံချက်နဲ့ လုပ်ထားတာဖြစ်တယ်။ လူထုလက်ထဲကို အာဏာလွှဲပြီး တပ်မတော်က တပ်စခန်းပြန်မယ့် တပ်က ဒီကိစ္စ ဘာမှ လုပ်စရာ အကြောင်းမရှိဘူး။ ဒါ အင်မတန် ထင်ရှားတဲ့အချက် ဖြစ်တယ်။

ဦးကျော်ဇံသာ ။ ။ တောင်အာဖရိကမှာ လူဖြူ အသားရောင်ခွဲခြားတဲ့ အစိုးရကို တိုက်ဖျက်ခဲ့စဉ်တုန်းကတော့ သူတို့လည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီးတော့ နောက်ပိုင်းမှာ အမှန်တရားဖော်ထုတ်ရေး၊ ပြန်လည်သင့်မြတ်ရေး ဆိုပြီး ဖြေရှင်းခဲ့ကြ တယ်။ တချို့ဆိုရင် တက်ကို မလာခဲ့ဘူး နောက်ဆုံးအချိန်အထိ။ အဲဒီလို နေသွားတာလည်း ရှိပါတယ်။

ဦးအောင်ထူး ။ ။ တောင်အာဖရိကမှာ ကျနော်တို့ ၁၉၉၄ ဧပြီလမှာ ရွေးကောက်ပွဲကျင်းပတော့မယ်ဆိုတဲ့အခါကျတော့ လူဖြူဗိုလ်ချုပ်တွေက ခင်ဗျားတို့ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် မလုပ်ခင်မှာ ကျုပ်တို့ကို ကတိပေးပါ။ လွတ်ငြိမ်းချမ်းသာခွင့် ကျုပ်တို့ကို ပေးပါ။ မပေးဘူးဆိုရင် ရွေးကောက်ပွဲကို ပျက်အောင်လုပ်မယ်။ အဲဒီလို ခြိမ်းခြောက်ခဲ့တာ ရှိတယ်။ နယ်ဆင် မန်ဒဲလား (Nelson Mandela) နဲ့ အေအန်စီ (African National Congress) က လွတ်ငြိမ်းချမ်းသာခွင့်ကို လုံးဝမပေးခဲ့ပါဘူး။ အဲဒီမှာ အေအန်စီထဲမှာ နှစ်ခြမ်းခွဲမှုကြီး ဖြစ်သွားခဲ့တယ်။ တခြမ်းက ကျုပ်တို့ လွှတ်ငြိမ်းချမ်းသာခွင့်ပေးမှ ဖြစ်မယ်၊ မပေးဘူး ဆိုရင် သူတို့က ရွေးကောက်ပွဲဖျက်လို့ရှိရင် ဒီမိုကရေစီပြောင်းဖို့ အခက်အခဲ ဖြစ်သွားမယ်။ နောက်တခြမ်းက ဘာဖြစ်လဲ ဆိုတော့ မပေးနိုင်ဘူး ကျုပ်တို့က လူ့အခွင့်အရေးအတွက် အသက်ပေါင်းများစွာ တိုက်ခိုက်ခဲ့တာဖြစ်တယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုလူတွေကို လွှတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်လို့ရှိရင် ကျုပ်တို့ မျှော်မှန်းချက်က အလကားပဲ။ အဲဒီအခါမှာ အေအန်စီက နှစ်ခြမ်းကွဲလုနီးပါးဖြစ်သွားခဲ့တယ်။ နောက်ဆုံးမှ ပြန်ညှိနှိုင်းကြပြီး မူတခုချခဲ့တယ်။ အဲဒါက အမှန်တရား ဖော်ထုတ်ရေးနဲ့ ပြန်လည်သင့်မြတ်ရေးကော်မရှင်ကို ဖွဲ့တယ်။ အဲဒီ ကော်မရှင်ရှေ့မှာ လာပြီးတော့ ပြစ်မှုကျူးလွန်ခဲ့တဲ့ ပုဂ္ဂိုလ်တွေက သူတို့ ဘယ်လိုကျူးလွန်ခဲ့တယ်၊ ဘယ်လိုနေရာမှာ ကျူးလွန်ခဲ့တယ်၊ ဘယ်စနစ်နဲ့ ကျူးလွန်ခဲ့တယ်၊ အကျဉ်းထောင်တွေ ဘယ်လိုထားတယ်။ လျှို့ဝှက်အကျဉ်းစခန်းတွေ ဘယ်လိုထားတယ် စတဲ့ စနစ်ကြီးတခုလုံးကို ဖော်ထုတ် ဝန်ခံမယ်ဆိုရင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးမယ်။ မဖော်ထုတ်တဲ့လူတွေကို အပြစ်ပေးမယ်ဆိုတဲ့ မူနဲ့ ကော်မရှင်ဖွဲ့ပြီး ဖြစ်လာ တာ။ ဒါကြောင့် ဒီလိုမျိုး သွားမယ်ဆိုရင်တော့ ကျနော်တို့ မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး ရနိုင်တယ်။ အခုက ဒီလို မဟုတ်ပါဘူး။ ပြန်ကြည့်ပါ။

ဦးကျော်ဇံသာ ။ ။ တောင်အာဖရိကမှာလည်း မစ္စတာဘိုသာ (Botha) က လုံး၀ မတက်လာခဲ့ဘူး။ အမှန်တရားကို ဝန်ခံပြီး တော့ ပြန်လည်သင့်မြတ်ရေးခုံရုံးက ခေါ်ပေမဲ့ သူတက်မလာခဲ့ပါဘူး။ အဲဒါတွေကို ခွင့်လွတ်ခဲ့ကြတယ် မဟုတ်လား။

ဦးအောင်ထူး ။ ။ တယောက်ချင်းဆီ case တခုချင်းဆီ အသေးစိတ်ကအစ နားလည်မှုပေးတာရှိတယ်၊ ခွင့်လွှတ်ပေးတာ ရှိတယ်။ ဒါပေမယ့် မူသဘောအရ ပြောမယ်ဆိုရင်တော့ တောင်အာဖရိကမှာ ပြစ်မှုကျူးလွန်ခဲ့သူတွေ လွှတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တာမျိုး မဟုတ်ပါဘူး။ ဒီသဘောမျိုးကို ကျနော်က ပြောတာ။

ဦးကျော်ဇံသာ ။ ။ ဦးအောင်ထူးတို့ ထုတ်တဲ့အစီရင်ခံစာ က တကယ့် အကောင်းဆုံးအခြေအနေကို မျှော်လင့်ပြီးတော့ အကောင်းဆုံး စံချိန် စံညွှန်း အမီဆုံး အနေအထားကို တောင်းဆိုထားတာကို တွေ့ရပါတယ်။ အဲဒီလိုမျိုး ဖြစ်လာနိုင်မယ့် လက်တွေ့လမ်းစဉ်တွေ ရှိနိုင်ပါသလား။

ဦးအောင်ထူး ။ ။ သိပ်ရှိနိုင်တာပေါ့။ ရာနှုန်းပြည့် ဖြစ်နိုင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ယနေ့ကမ္ဘာမှာ ကြည့်လိုက်ပါ။ စစ်အာဏာရှင်စနစ်က ဖွဲ့စည်းပုံ ဥပဒေနဲ့အညီ စနစ်တကျ အုပ်ချုပ်ကျင့်သုံးခွင့် နိုင်ငံ တနိုင်ငံမှ မရှိတော့ပါဘူး။ ကျနော်တို့ မျက်စိရှေ့မှာရှိတဲ့ အင်မတန် ပြဿနာရှုပ်ထွေးတဲ့ ပါကစ္စတန်မှာတောင် မူရှာရက်စ် က နောက်ဆုတ်သွားခဲ့ပါပြီ။ အာဏာရှင် စနစ်ကို ဖွဲ့စည်းပုံအုပ်ချုပ်ပုံနဲ့ အညီ ကျင့်သုံးနေတဲ့နိုင်ငံ တခုမှ မရှိတော့ပါဘူး။ အင်ဒိုနီးရှား ပြောင်းသွားပါပြီ။ ကျနော်တို့ နိုင်ငံက ဒီမိုကရေစီ အခြေခံရှိခဲ့တဲ့ နိုင်ငံ။ တိုင်းရင်းသားတွေ တစုံတရာ အားကောင်းတဲ့နိုင်ငံ၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ အားကောင်းတဲ့၊ နိုင်ငံရေးပါတီတွေ အားကောင်းတဲ့ နိုင်ငံမှာ ဘာကြောင့် မပြောင်းနိုင်ရမှာလဲ။ ရာနှုန်းပြည့် ပြောင်းသွားနိုင်တယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG