သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရ ရွေးကောက်ပွဲ ကော်မရှင် ဘက်လိုက်မှု ရှိမရှိ ဆန်းစစ်ဖို့လို


ဒီညနေပိုင်းမှာပဲ အခုကျင်းပမယ့် ရွေးကောက်ပွဲအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တရပ်ကို ဖွဲ့စည်းလိုက်တဲ့အကြောင်း မြန်မာ့အသံက ကြေညာသွားပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက စစ်သားဟောင်းတယောက် ဖြစ်နေတဲ့အတွက် ထောက်ပြဝေဖန်မှုတွေလည်း ရှိနေပါတယ်။ အကြောင်းစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

အဖွဲ့ဝင် ၁၇ ဦးပါတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် စာရင်းကို ဒီနေ့ ထုတ်ပြန်လိုက်တဲ့အထဲမှာ တရားရုံးချုပ်က ဒုတိယ တရားသူကြီးချုပ် ဦးသိန်းစိုးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မယ်လို့ ကြေညာလိုက်ပါတယ်။ အဖွဲ့ဝင်တွေကတော့ ဦးအင်ဇော်နော်၊ ဦးခင်မောင်နု၊ ဦးစောဘလှိုင်၊ ဒေါက်တာဘမောင်၊ ဦးညွန့်တင်၊ ဦးမောင်သာလှ၊ ဦးစိုင်းခမ်းလှိုင်၊ ဦးအောင်မြင့်၊ ဦးမြင့်နိုင်၊ ဒေါက်တာတင်အောင်အေး၊ ဦးသာဦး၊ ဒေါက်တာမောင်ထူး၊ ဦးသာဌေးနဲ့ ဦးဝင်းကြည်တို့ ဖြစ်ပြီး အမျိုးသမီး ၂ ဦးကတော့ ဒေါက်တာ ဒေါ်မြင့်ကြည်နဲ့ ဒေါ်ခင်လှမြင့်တို့ ဖြစ်ပါတယ်။

အဲဒီထဲမှာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့် ဦးသိန်းစိုးက အရင်က စစ်ဥပဒေ တရားရုံးချုပ်မှာ ဗိုလ်ချုပ်အဆင့်နဲ့ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်တာမို့ ဒါဟာ လွတ်လပ်ပြီး ပယောဂကင်းတဲ့ ခေါင်းဆောင်မှု ရှိပါ့မလားလို့ တွေးစရာ၊ သံသယဖြစ်စရာမျိုးတွေ ရှိနေတယ်လို့ ဟောင်ကောင်အခြေစိုက် AHRC အာရှလူ့အခွင့်အရေး ကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးက ထောက်ပြပါတယ်။

“ဦးသိန်းစိုးက အရင်တုန်းက စစ်ဥပဒေချုပ်က လာတဲ့လူဖြစ်တယ်။ စစ်တပ်ကနေပြီးတော့ ပြောင်းလာတဲ့လူ။ ထို့နည်းတူစွာပဲ တရားရုံးချုပ်က ဒေါက်တာတင်အောင်အေး ဆိုတာကလည်း ၁၉၈၈ ခုနှစ် ရွေးကောက်ပွဲတွေ ကျင်းပပြီးတဲ့ အချိန်မှာ တက်လာတဲ့ တရားသူကြီးချုပ် ဖြစ်တယ်။ အဲဒီလို တက်မလာခင်ကလည်း သူက မြန်မာနိုင်ငံ မဆလ စစ်အစိုးရအဖွဲ့မှာ အလုပ်သမား ဒု-ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့လူ ဖြစ်တယ်။

“ဒါကြောင့် ကျနော်တို့ကတော့ ကော်မရှင် အဖွဲ့ဝင်တွေက လွတ်လပ် မျှတတဲ့လူတွေ မဟုတ်ဘူး၊ နအဖ စစ်အစိုးရရဲ့ ထိန်းချုပ်မှု အောက်ကနေပြီး လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်တဲ့လူတွေ မဟုတ်ဘူးဆိုတာ ကျနော်တို့ ပြောနိုင်တယ်။

“ထို့နည်းတူစွာပဲ အဖွဲ့ဝင်တွေထဲမှာ တိုင်းရင်းသားတွေ ပါတယ်။ အဲဒီ တိုင်းရင်းသားတွေကလည်း စီးပွားရေး လုပ်ငန်းတွေကို လုပ်ဆောင်နိုင်တဲ့လူတွေ ဖြစ်တယ်ဆိုတာကို ကျနော်တို့ သိရတယ်။”

တကယ်တော့ အများပြည်သူ ယုံကြည်ကိုးစားတဲ့ ရွေးကောက်ပွဲ ကော်မရှင် ခေါင်းဆောင်တွေ ဖြစ်ဖို့ဆိုတာက နိုင်ငံရေး အစဉ်အလာကောင်းတဲ့၊ စွဲလမ်းမှုကင်းပြီး သမာသမတ်ကျတဲ့ သူတွေ ဖြစ်မှသာ နိုင်ငံတကာ စံချိန်စံညွှန်းကို မီနိုင်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“နိုင်ငံရေး အတွေ့အကြုံ ရှိတဲ့သူတွေ ဖြစ်ဖို့လိုတယ်။ နောက်ပြီးတော့ နိုင်ငံရေး အစဉ်အလာ ကြီးမားခဲ့ဖူးတဲ့၊ နိုင်ငံရေး လောကမှာ ဖြတ်သန်းခဲ့ဖူးတဲ့ အတွေ့အကြုံတွေရှိတဲ့ သူတွေ ဖြစ်ဖို့ လိုပါတယ်။ အဲဒီလို မဟုတ်ဘဲနဲ့ အခုလို ရွေးချယ်တင်မြှောက်လိုက်တဲ့ ဥစ္စာက ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘာမှ အတွေ့အကြုံ မရှိတဲ့သူတွေ ဖြစ်တယ်။ အဖွဲ့ဝင်တွေ ၃ ဦးမက၊ ၁၀ ဦးဖြစ်နေပါစေ၊ အဲဒီလူတွေက အတွေ့အကြုံ မရှိဘူးဆိုရင် ကျနော်တို့အနေနဲ့ ဒီကော်မရှင် အပေါ်မှာ ဘယ်လိုမျိုး အားကိုးအားထား ပြုရမလဲဆိုတာ ပြန်လည်စဉ်းစားဖို့ လိုပါတယ်။”

ဟောင်ကောင်အခြေစိုက် AHRC အာရှ လူ့အခွင့်အရေး ကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG