သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ မှတ်ပုံတင်ရေး နိုင်ငံရေးအသိုင်းအဝန်း ရှင်းလင်းမှုမရှိ


ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို အစိုးရက ကြေညာလိုက်ပြီ ဖြစ်ပေမဲ့ ရွေးကောက်ပွဲ ကော်မရှင်နဲ့ပတ်သက်လို့ မရှင်းလင်းတာတွေကြောင့် ရွေးကောက်ပွဲဝင်ဖို့ လိုလားသူတွေ ပါတီ မှတ်ပုံတင်ဖို့ အခက်ကြုံနေပါတယ်။ တချိန်တည်းမှာပဲ ရွေးကောက်ပွဲဥပဒေပါ အကန့်အသတ်တွေကြောင့် အရင်တုန်းက ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့သူတွေအဖို့ ပါတီထောင်ဖို့ တွန့်ဆုတ်နေကြပါတယ်။ အကြောင်းစုံ ကိုသားညွန့်ဦးက စုံစမ်း မေးမြန်းထားပါတယ်။

မြန်မာအစိုးရ သတင်းစာတွေထဲမှာတော့ အချပ်ပို ဆိုပြီးတော့ နိုင်ငံရေးပါတီများဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို စပြီး ကြေညာနေပါပြီ။ ဒါပေမဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ငန်းတွေ မစနိုင်သေးတာကြောင့်ရော၊ သတင်း အချက်အလက် တွေ ရှုပ်ထွေးနေတာကြောင့်ရော နိုင်ငံရေးပါတီ မှတ်ပုံတင်ဖို့ကိစ္စတွေမှာ နှောင့်နှေးနေရတယ်လို့ ဒီမိုကရက်တစ်ပါတီ ဆိုပြီး နိုင်ငံရေးပါတီတခုထောင်ဖို့ ပြင်နေတဲ့ ယခင်ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့သမီး ဒေါ်သန်းသန်းနု က ပြောပါတယ်။

"မှတ်ပုံတင်လို့ရပြီဆိုတာ မနေ့တုန်းက တခါ မြန်မာ့ရုပ်မြင်သံကြားမှာပြောသွားတော့ သူက ဗဟိုကို ဆက်သွယ်နိုင်တယ်တဲ့၊ နေပြည်တော်ကို။ ဒါပေမဲ့ ကျမတို့ စာအုပ်လေးတွေ ထွက်တာကို ဖတ်ကြည့်တော့လည်း သူက ဒီမှာ တိုင်းဒေသအလိုက် ပေါ့လေ။ ရန်ကုန်ဆိုလည်း ရန်ကုန်၊ အဲဒီမှာ ရုံးခွဲလေးတွေ ဖွင့်ပေးမယ်ဆိုတာ တွေ့ရတယ်။ တွေ့တော့ ကျမတို့က လိုက်ပြီး စုံစမ်းနေတယ်။ ဘယ်နားမှာမှန်းလည်း မသိဘူး။"

အဲဒီတော့ အဲန်တီတို့က နေပြည်တော်အထိ သွားမလား၊ အဲဒါကို စောင့်မလား။ -

"ကျမတို့ကြည့်ဦးမယ် အခုတော့။ ရှေ့အပတ်ထဲမှာတော့ ကျမတို့ ဆုံးဖြတ်ချက် ချရမယ်။ ဘာဖြစ်လို့လဲဆိုတော့ တော်ကြာ ကျတော့ ပေးထားတဲ့ရက်နဲ့ အကန့်အသတ်ကလည်း ရှိတယ်ဆိုတော့ ကျမတို့က အဲဒီမှာ သွားတင်တာနဲ့လည်း ကျမတို့က ပါတီဖြစ်ဦးမှာမဟုတ်ဘူး။ သွားတင်ပြီးတော့ သူတို့က စိစစ်ဦးမယ်လေ။ စိစစ်မယ်ဆိုတာက ကျမထင်တာက ဒီလူက တကယ်နိုင်ငံသားဖြစ်လား၊ သူတို့ ဥပဒေအတိုင်း ပြီးပြည့်စုံလား အဲဒါတွေ ကြည့်ဦးမယ်။"

တခြား ငွေကြေးနဲ့ပတ်သက်လို့ရော ဥပမာ မှတ်ပုံတင်စရိတ်တို့၊ ကိုယ်စားလှယ်လောင်း ကိစ္စ အဲဒါတွေရော ဘယ်လိုရှိလဲ။ -

"မှတ်ပုံတင်ကြေးက သုံးသိန်းတဲ့။ ပြီးတော့ အမတ်လောင်းကတော့ ငါးသိန်းတဲ့ တယောက်ကို။ အဲဒီတော့ ကျမတို့က ငါးသိန်းဆိုတာကတော့ နည်းနည်းတော့ များတာပေါ့နော်။"

အခု ကျနော်တို့ ကြားနေတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းတို့၊ နောက် တခြား ဝန်ကြီးဌာနက ဝန်ကြီးတွေ။ သူတို့ကလည်း ပါတီတွေဖွဲ့မယ်လို့ သတင်းတွေ ထွက်နေတော့ သူတို့ရဲ့ လှုပ်ရှားမှုရော။ သူတို့ရော နိုင်ငံရေးပါတီဖွဲ့တာတွေ လုပ်နေပြီလား။

"သူတို့အတွက်ကတော့ လွယ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က အကုန်လုံး ငွေအားဖြင့်သော်လည်းကောင်း၊ လူအား ဖြင့်သော်လည်းကောင်း ပေါ့နော်။ အကုန်လုံးက အင်အားကရှိပြီးသားလေ။ တနိုင်ငံလုံး အတိုင်းအတာနဲ့တော့ ကျမတို့က အမတ်လောင်းဝင်ချင်တာပေါ့။ ဒါပေမဲ့ ငွေ ငါးသိန်းဆိုတော့လည်း ကျမတို့ဘက်က ဘယ်လိုဖြစ်မလဲ မပြော တတ်ဘူး။"

တချိန်တည်းမှာပဲ အရင်က ရွေးကောက်ပွဲဝင်ဖို့ စဉ်းစားထားသူတွေဟာ ရွေးကောက်ပွဲ ဥပဒေကြောင့် နောက်တွန့်သွား ရပါတယ်။ ကိုဖြိုးမင်းသိန်း ဟာ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ဝင်ကြဖို့အတွက်ဆိုပြီးတော့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ရန်ကုန်မှာ မြန်မာ့အရေး နှီးနှောဖလှယ်ပွဲတရပ်ကို ကျင်းပခဲ့တဲ့သူပါ။ ဒါပေမဲ့ အခုတော့ ရွေးကောက်ပွဲဥပဒေကြောင့်မိုလို့ နိုင်ငံရေးပါတီ ထောင်ဖို့ ပြန်ပြီးစဉ်းစားနေရပြီလို့ သူက ဆိုပါတယ်။

"၂၉၊ ၃၀ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဆွေးနွေးမယ့်အခြေအနေကို စောင့်ကြည့်ချင်တယ်။ အဲဒီရဲ့နောက်ပိုင်းကျမှပဲ register လုပ်ရေးကိစ္စကို ဆောင်ရွက်မယ်လို့ ဆုံးဖြတ်ထားတယ်။"

ဘာဖြစ်လို့လဲခင်ဗျ။ -

"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၂၀၁၀ ဖြတ်သန်းမှုမှာ ပါဝင်စေချင်တယ်။ အဲဒီအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပါဝင်လာနိုင်ဖို့ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ခေါင်းဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရင် လက်ရှိအကျပ်အတည်းက ပြေလည်နိုင်လိမ့်မယ်လို့ ကျနော် ထင်လို့။"

ဒေါ်သန်းသန်းနုကိုတော့ မေးကြည့်ပါတယ်။ သူတို့ ပါတီမှတ်ပုံတင်နဲ့ပတ်သက်လို့ သူတို့မှာ ရှင်းရှင်းလင်း မသိသေးဘူးလို့ ပြောပါတယ်။ နေပြည်တော်မှာ သွားလုပ်ရမလား။ ဒီဘက်မှာပဲ ရုံးတွေဖွင့်ပေးမလား ဆိုတာ မှတ်ပုံတင်တဲ့ကိစ္စနဲ့ ပတ်သက်လို့ တကယ်တမ်း ရွေးကောက်ပွဲဝင်မယ့်သူတွေကြားထဲမှာ ရှင်းရှင်းလင်းလင်း ရှိကြပြီလား။ -

"အခုချိန်ထိ ရွေးကောက်ပွဲကော်မရှင်တွေကို ဘယ်လိုပုံစံဖြစ်မယ်ဆိုတာကို သူတို့ဘက်က တိတိကျကျ ဘာမှ မထွက်သေး ဘူး။ အခုဗျာ ဗဟိုကော်မရှင် ရုံးတရုံးကို ပြည်ထောင်စုကော်မတီ ရုံးတရုံးကို နေပြည်တော်မှာ ဖွင့်တယ်လို့တော့ ပြောတယ်။ ဒါပေမဲ့ အဲဒီရုံးကို အများပြည်သူ ဆက်သွယ်လို့ရပြီလား၊ မရဘူးလားဆိုတဲ့ အဖြေတောင် ကျနော်တို့ မသိရသေးဘူးပေါ့နော်။"

အဲဒီတော့ တခြား နိုင်ငံရေးပါတီဖွဲ့ဖို့အတွက် လှုပ်ရှားမှုတွေ ပြင်ဆင်မှုတွေရော တွေ့ရလား။ -

"နိုင်ငံရေးပါတီတွေ ထူထောင်မယ်ဆိုတဲ့ လက္ခဏာတွေတော့ ရှိနေတယ်။ ဒါပေမဲ့ အားလုံးက အခု ရွေးကောက်ပွဲဥပဒေက နည်းနည်း တင်းကြပ်တဲ့သဘောထားတွေ ရှိနေတော့ အားလုံးက ဒီအပေါ်မှာ စဉ်းစားနေကြတယ်။ တင်းကျပ်တဲ့ သဘောထား ဆိုတာကတော့ဗျာ ဥပမာ - အကျဉ်းကျခံနေရတဲ့သူတွေ မပါရတဲ့ အခြေအနေမျိုး၊ လက်ရှိ အကျဉ်းကျ ခံနေတဲ့အထဲမှာ ကျောင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ တော်တော်များများက ဒီအထဲမှာ ရှိနေကြ တယ်။ ဥပမာ - ရှမ်းပြည်နယ်ဆိုလို့ရှိရင် ဦးခွန်ထွန်းဦး က အထဲထဲမှာရောက်နေတယ်။ ဦးခွန်ထွန်းဦး ပါတီက ဆက်လက် ရှင်သန်နိုင်ဖို့အတွက်ဆိုရင် ဦးခွန်ထွန်းဦး ရှိဖို့လိုအပ်တာပေါ့ဗျာ။"

အခုဟာက ရွေးကောက်ပွဲဥပဒေ ထွက်လာပြီးတဲ့နောက်ပိုင်းမှာ ရွေးကောက်ပွဲဝင်မယ့်သူတွေတောင် ပြန်ပြီးတော့ စဉ်းစား လာရတဲ့သဘော ဖြစ်နေတာလား၊ ဒါဆိုရင်။ -

"ဟုတ်ပါတယ်။ ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ သူတွေတောင် အခုလက်ရှိအခြေအနေကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ဘာမှမပေါ်သေးတဲ့အတွက် ဘာဆက်လုပ်ရမလဲဆိုတဲ့ အခြေအနေကို အားလုံးက စောင့်ဆိုင်းပြီး အခြေအနေတခုကို သုံးသပ်နေကြတဲ့သဘောပေါ့နော်။"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ သူတို့အနေနဲ့ နိုင်ငံရေးပါတီအဖြစ် ဆက်လက် မှတ်ပုံတင်မတင် အခုမတ်လ ၂၉ ရက် နေ့မှာ ဆုံးဖြတ်မှာဖြစ်ပါတယ်။ တခြား တရားဝင် တိုင်းရင်းသားနိုင်ငံရေးပါတီ တချို့ကတော့ အခုလာမယ့် ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံနိုင်တာကြောင့် နိုင်ငံရေးပါတီအဖြစ် ဆက်ပြီး မှတ်ပုံတင်မှာမဟုတ်ဘူးလို့ ပြောထားကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG